Friday, March 3, 2017

ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့ မန္တလေးမြို့ရှိ မဟာမုနိဘုရားကြီးအား ဖူးမြော်



မန္တလေး မတ် ၂
မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာ ဟော်နမ် ဟောင်နှင့်အဖွဲ့သည် ယနေ့ နံနက် ၁ဝ နာရီခွဲက မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိရာ မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းအောင်နှင့် တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့သည် မန္တလေးမြို့ရှိ မဟာမုနိဘုရားကြီးအား ဖူးမြော်ကြည်ညိုကြရာ မန္တလေးမဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် တာဝန်ရှိသူများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့သည် မဟာမုနိဘုရားကြီးအား ဖူးမြော်ကြည်ညိုခြင်း၊ ရွှေသင်္ကန်း ကပ်လှူခြင်း ၊ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးခြင်း၊ ဘုရားဝင်းအတွင်းလှည့်လည်၍ ကြေးရုပ်ပြတိုက်သို့ လေ့လာခြင်းများ ဆောင်ရွက်ခဲ့ပြီး မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)

No comments:

Post a Comment