Thursday, March 30, 2017

နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ပထမတစ်နှစ်တာ


Image may contain: one or more people, people sitting and indoor
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ တစ်နှစ်တာခရီး
===================================
(ခင်ရတနာ)
နိုင်ငံတစ်နိုင်ငံ၏ မောင်းနှင်အားများအနက် စီးပွားရေးခိုင်မာတောင့်တင်းမှုသည် အလွန်အရေးကြီးသည်။ စီးပွားရေးဆိုင်ရာ မြှင့်တင်မှုများ ပြုလုပ်ရေး၊ ကိန်းဂဏန်းအချက်အလက်နှင့် စာရင်းဇယားများ မှန်ကန်ရေး၊ ငွေကြေး တည်ငြိမ်စေရေး၊ ကုန်သွယ်မှုပမာဏ တိုးမြင့် လာစေရေး၊ ကုန်သွယ်မှုလိုငွေလျှော့ချနိုင်ရေးတို့သည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး အောင်မြင်မှုလမ်းစများပင် ဖြစ်သည်။
အစိုးရသစ်လက်ထက်တွင် အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ကို ပေါင်းစည်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအဖြစ် အသစ်ပြန်လည်ဖွဲ့စည်းထားပြီး မြန်မာ့စီးပွားရေးကဏ္ဍကို မြှင့်တင်ပေးနိုင်ရန်အတွက် အဆိုပါဝန်ကြီးဌာနက ကြိုးပမ်းလျက်ရှိသည်။
ထုတ်ပြန်ကြေညာ
အစိုးရသစ်တက်လာပြီးနောက် အလုပ်အကိုင်အခွင့်အလမ်းများရရှိရန်၊ လယ်ယာကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် စက်မှုကဏ္ဍ ဘက်ညီ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံသားတိုင်း မိမိတို့လုပ်ကိုင်လိုသည့် စီးပွားရေးလုပ်ငန်းများကို လွတ်လပ်စွာလုပ်ကိုင်ခွင့်ရရှိရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြား ဘက်ညီ မျှတစွာ ဖွံ့ဖြိုးတိုးတက်လာစေရန် စသည့် နိုင်ငံတော်နှင့် ပြည်သူတို့အတွက် ရေရှည် အကျိုးရှိစေမည့် စီးပွားရေးမူဝါဒများကို ထုတ်ပြန်ကြေညာထားခဲ့သည်။
တစ်နှစ်တာအတွင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ ၏ စီးပွားရေးမူဝါဒ၊ ရင်းနှီးမြှုပ်နှံမှု မူဝါဒများ၊ ဝန်ကြီးဌာန၏ မူဝါဒများနှင့်အညီ နိုင်ငံတော်နှင့် ပြည်သူအတွက် လတ်တလောအကျိုးဖြစ် ထွန်းစေမည့်လုပ်ငန်းများကို လုပ်ဆောင်နေသည့် နည်းတူ တစ်ဖက်တွင်လည်း ရေရှည် အကျိုးရှိစေမည့် စီမံကိန်းများ၊ ငွေကြေးဆိုင်ရာ မူဝါဒများနှင့် လုပ်ငန်းများကိုလည်း ရေးဆွဲလျက်ရှိကြောင်း သိရသည်။
မြန်မာ့စီးပွားရေးကဏ္ဍတွင် ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံသူများကို တန်းတူယှဉ်ပြိုင် ခွင့်ရရှိစေပြီး တာဝန်ယူမှုရှိကာ အပြန်အလှန် အကျိုးရှိစေမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုရန်နှင့် လွယ်ကူရှင်းလင်းသည့် လုပ်ထုံးလုပ်နည်းများဖြင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများကို အဆင်ပြေစွာဆောင်ရွက်ပေး ရန်အတွက်လည်း ရင်းနှီးမြှုပ်နှံမှုမူဝါဒများကို ချမှတ်ခဲ့သည်။
ဦးမော့လာစေ
သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိသော၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဖြစ်လာစေရန်အတွက်လည်း ရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်းကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအတွက်လည်း အတိုင်းအတာတစ်ခုအထိ ကိုယ်ပိုင်ဆုံးဖြတ်ကာ စီးပွားရေးဦးမော့လာစေရန် ဆောင်ရွက်နိုင်ပြီဖြစ်သည်။
အစိုးရသစ်တက်လာပြီးနောက် ပြည်သူတို့အတွက် ပထမရက် ၁ဝဝ စီမံကိန်း ကာလ များကတည်းက ပြည်တွင်း ပြည်ပလုပ်ငန်းရှင် များအတွက် ကုမ္ပဏီမှတ်ပုံတင်ကြေးများကို ထက်ဝက်ခန့် လျှော့ချပေးခြင်းများပါဝင်သည့် ဖြေလျှော့မှုများကြောင့် ယခင်နှစ်က ကုမ္ပဏီ မှတ်ပုံတင်မှု ၇၉၃၃ ခုသာရှိခဲ့ရာမှ ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလအထိ ၉၃၆၃ အထိ တိုးတက်မှတ်ပုံတင်ပေးနိုင်ခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။
ယခင်နှစ်များကရရှိထားခဲ့သည့် များစွာသော ပြည်ပအထောက်အပံ့များနှင့် ချေးငွေများမှာ နိုင်ငံတော်နှင့် ပြည်သူများအတွက် အကျိုးရှိထိရောက်မှု အားနည်းခဲ့သည်ကို သိမြင်ခဲ့သည့်အတွက် အစိုးရသစ်လက်ထက်တွင် မြန်မာနိုင်ငံအတွက်ရရှိလာမည့် ဖွံ့ဖြိုးရေး အကူအညီများကို အမျိုးသားအဆင့် ဦးစားပေးလုပ်ငန်းများနှင့်အညီ အကျိုးရှိစွာ အသုံးပြုနိုင်ရန်နှင့် ပြည်တွင်းပြည်ပအလှူရှင် များနှင့် နီးကပ်စွာပိုမိုပူးပေါင်းညှိနှိုင်းဆောင် ရွက်နိုင်ရန် ဖွံ့ဖြိုးမှုညှိနှိုင်းရေးအဖွဲ့(DACU) ကိုလည်း ဖွဲ့စည်းခဲ့သည်။
ပိတ်သင့်တာပိတ်၊ လွှဲသင့်တာလွှဲ
''၂ဝ၁ဝ ကစပြီး စက်မှုဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန လက်အောက်တွေမှာရှိတဲ့ စက်ရုံတွေ၊ စီးပွားရေးလုပ်ငန်းတွေ အတော်များများဟာ ဆက်တိုက်အရှုံးပေါ်နေခဲ့ပြီး နှစ်စဉ် ဘတ်ဂျက် လိုငွေကို ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါကြောင့် ဝန်ကြီးဌာနအနေနဲ့ အဲဒီစက်ရုံတွေ၊ အလုပ်ရုံတွေနဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေကို ပြန်လည်သုံးသပ်ပြီး ပိတ်သင့် တာကိုပိတ်ဖို့၊ ပုဂ္ဂလိကကို လွှဲသင့်တာလွှဲဖို့တွေကို ဘတ်ဂျက်လိုငွေ လျော့ကျရေးအတွက် နည်းလမ်းပေါင်းစုံအသုံးပြုပြီး လက်တွေ့ကျကျ ပကတိအခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် သုံးသပ်ဆောင် ရွက်နေပါတယ်။
ဥပမာပြောရရင် မြင်းခြံ သံမဏိစက်ရုံ၊ ပင်းပက်စက်ရုံ၊ သာပေါင်းစက်ရုံနဲ့ သာဂရစက်ရုံတွေဟာ အထင်အရှားဖြစ်ပါ တယ်'' ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားသည်။
အစိုးရသစ်တက်လာပြီးနောက် ဝန်ကြီးဌာန ၃၆ ခု အစား ၂၂ ခုဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပြီးနောက် ၂ဝ၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေတွင် လိုငွေနှင့် ဂျီဒီပီအချိုးကို မူလ ၄ ဒသမ ၇ ရာခိုင်နှုန်းရှိရာမှ ၃ ဒသမ ၉၁ ရာခိုင်နှုန်းသို့ လျှော့ချရေးဆွဲခဲ့ပြီး အရှုံးပေါ်နေသည့် လုပ်ငန်းများကို ခေတ်စနစ်နှင့်အညီ ပြုပြင်ဆောင်ရွက်ရေး၊ ပိတ်သိမ်းပြီး စက်ရုံများမှ ဝန်ထမ်းများအား အခြားသင့်လျော်သည့်နေရာများတွင် ပြန်လည်ခန့် ထားရေးများပြုလုပ်ခဲ့ပြီး ဗဟိုဘဏ်မှ လိုငွေဖြည့်ဆည်းပေးရခြင်းမှ တားဆီးရန်အတွက် အစိုးရငွေတိုက်စာချုပ်များ၊ အစိုးရငွေတိုက် လက်မှတ်များကို ပုဂ္ဂလိကဘဏ်များ၊ နိုင်ငံခြားဘဏ်ခွဲများနှင့် ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီများသို့ ရောင်းချပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အရာမထင်
မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် ကတည်းက ပြည့်စုံမှန်ကန်မှုမရှိသည့် ကိန်းဂဏန်းများ၊ စာရင်းအင်းအချက်အလက်များကြောင့် သုံးသပ်ချက်များလွဲချော်ကာ စီမံကိန်းများ အရာမထင်မှု၊ စီးပွားရေးကျဆင်းမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုတို့ကို ခံစားခဲ့ရပြီး ကြီးမားသည့်ဆုံးရှုံးမှုများကို ကြုံတွေ့ခဲ့ခြင်းကြောင့် စာရင်းအင်းဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှု ယန္တရားခိုင်မာအားကောင်းစေရန် စာရင်းအချက်အလက်များ မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေးတို့အတွက် ဒုတိယ သမ္မတ (၂) ဦးဆောင်သည့် စာရင်းအချက် အလက်များ မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေးကော်မတီကို ဖွဲ့စည်းကာ သုံးလ တစ်ကြိမ် ဆွေးနွေးခြင်းဖြင့် စာရင်းအင်းများ စနစ်တကျဖြစ်ပေါ်လာစေရေးအတွက် ဆောင်ရွက်နိုင်ခဲ့ပြီး စာရင်းအင်းဥပဒေပြဋ္ဌာန်းနိုင်ရေး လွှတ်တော်သို့တင်ပြထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။
ဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့စီးပွားရေးဘဏ်မှလည်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှတစ်ဆင့် တောင်သူလယ်သမားများ အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို မူလ တစ်ဧက ငွေကျပ် တစ်သိန်းမှ အစိုးရသစ် လက်ထက်တွင် တစ်ဧက ငွေကျပ်တစ်သိန်းခွဲ အထိ တိုးမြှင့်ထုတ်ချေးခဲ့ရာ စုစုပေါင်း စိုက်ပျိုးစရိတ် ထုတ်ချေးငွေကျပ် ၁၆၁၄ ဒသမ ၄၅၃ ဘီလီယံအထိ ပေးအပ်ခဲ့ကြောင်းသိရပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အား လုပ်ငန်းပိုမို လည်ပတ်နိုင်ရန်အတွက် စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာနလက်အောက်သို့ လွှဲပြောင်း နိုင်ရန် စီစဉ်လျက်ရှိကြောင်း၊ ထို့ပြင် တောင်သူ များအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ပိုမို ကျယ်ပြန့်စွာထုတ်ချေးနိုင်ရေးအတွက် ပုဂ္ဂလိက ဘဏ်များက ပူးပေါင်းဆောင်ရွက်ရန်အတွက်လည်း ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
ငွေကျပ် ဘီလီယံ ၅ဝဝ
''စိုက်ပျိုးစရိတ်ချေးငွေတွေကို ထုတ်ချေးတဲ့အခါ မြန်မာ့စီးပွားရေးဘဏ်အနေနဲ့ ငွေမလုံလောက်ခဲ့ရင် ဖြည့်ဆည်းဖို့ မြန်မာနိုင်ငံ ဗဟိုဘဏ်ထံမှာ ငွေကျပ် ဘီလီယံ ၅ဝဝ ချေး ယူဖို့ ပြည်ထောင်စုလွှတ်တော်ကို တင်ပြခဲ့ပေမယ့် အမှန်တကယ် ချေးငွေထုတ်ပေးတဲ့အခါ မြန်မာ့စီးပွားရေးဘဏ်ရဲ့ လက်ကျန်ငွေနဲ့ လုံလောက်တဲ့အတွက် ဗဟိုဘဏ်ကနေ ချေးယူခြင်း မရှိခဲ့ဘူး''ဟု ပြည်ထောင်စုဝန်ကြီးကပြောကြားသည်။
ကျေးလက်နေပြည်သူ ၇ဝ ရာခိုင်နှုန်း ကျော်၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားရေးကို အထောက်အကူဖြစ်စေမည့် အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်း ၁၆၈ ဖွဲ့အား လုပ်ကိုင်ခွင့်ပြုခဲ့ပြီး အသေးစားငွေရေး ကြေးရေးလုပ်ငန်းချေးငွေများ ထုတ်ချေးလျက် ရှိရာ ပြီးခဲ့သည့်ဘဏ္ဍာနှစ်က ကျေးရွာပေါင်း ၁၃၆၉၃ ရွာ၊ လူဦးရေ ၁ ဒသမ ၈၇၄ သန်း အတွက် ချေးငွေစုစုပေါင်း ငွေကျပ် ၁ ဒသမ ၄၅ဝ သန်းနှင့် ပြန်လည်စုဆောင်းငွေကျပ် သုည ဒသမ ဝ၉ဝ ရှိခဲ့ရာမှ ယခု ၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်တွင် ကျေးရွာပေါင်း ၁၅၉၁၈ ရွာ၊ လူဦးရေ ၂ ဒသမ ၄၅ သန်းအတွက် ထုတ် ချေးငွေ ၂ ဒသမ ၂၆၈ သန်းနှင့် စုဆောင်း ငွေကျပ် သန်းပေါင်း သုည ဒသမ ၁၄ဝ အထိ ရှိလာခဲ့သည်။
မြန်မာ့အာမခံလုပ်ငန်းမှ အာမခံ လျော်ကြေးများကို အလျင်မြန်ဆုံးပေးအပ်နိုင်ရန် ပြုပြင်ပြောင်းလဲခဲ့ရာ ၂ဝ၁၆ ခုနှစ် သြဂုတ် လမှစတင်၍ သူတစ်ပါးထိခိုက်မှုအာမခံ ပရီမီယံပေးသွင်းခြင်းကို အနိမ့်ဆုံးငွေကျပ် ၂ဝဝဝ မှ ကျပ် ၅ဝဝဝ သို့တိုးမြှင့်ခဲ့ပြီး နစ်နာကြေးများကိုလည်း ကျပ်ငါးသိန်းမှ ၁ဝ သိန်းသို့ တိုးမြှင့်ခဲ့ကြောင်းသိရသည်။
ချင်းတွင်းမြစ်အတွင်း အောင်စိုးမိုးကျော်-၂ ရေယာဉ်တိမ်း မှောက်မှုတွင် သေဆုံးသူ ၄၁ ဦးအတွက် ကျပ် သိန်း ၄၁ဝ နှင့် မန္တလာမင်း၊ ကြယ်စင်ဟိန်း-မြတ်မိုးယာဉ်လိုင်းတို့မှ ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်များအတွက် သေဆုံးသူ ၁၈ ဦး၊ ဒဏ်ရာ ရသူ ခြောက်ဦးတို့အတွက် နစ်နာကြေး ၃၇ဝ ဒသမ ဝ၃ သိန်းကိုလည်း အချိန်မဆိုင်း ပေးအပ်ခဲ့သည်။
မီးအာမခံအနေဖြင့် မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မီးလောင်ဆုံးရှုံးမှုများအတွက် ကျပ်သိန်း ၇၈ဝဝ ကျော်ကိုလည်း ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလတွင် ပေးအပ်ခဲ့ကြောင်း ဝန်ကြီးဌာနမှသိရသည်။
အာမခံအမျိုးအစားသစ် ၁၁ မျိုး
ပြည်သူများ ဆုံးရှုံးမှုတစ်စုံတစ်ရာ ကြုံကြိုက်လာပါက ဆုံးရှုံးမှုနည်းပါးစေရန် ရည်ရွယ်ကာ လက်ရှိအာမခံအမျိုးအစား ကိုးမျိုးအပြင် အမျိုးအစားသစ် ၁၁ မျိုးအား ပုဂ္ဂလိက အာမခံကုမ္ပဏီများသို့ လုပ်ကိုင်ခွင့်ပြုရန် ရည်ရွယ်ဆောင်ရွက်နေပြီး အာမခံဈေးကွက်အတွင်း အပြည့်ပြိုင်ဈေးကွက်အဖြစ် ဖန်တီးနိုင်ရေးအတွက် နိုင်ငံခြားအာမခံကုမ္ပဏီများ ကိုလည်း ယခုနှစ်အတွင်း လိုင်စင်များထုတ်ပေး မည်ဖြစ်ကြောင်း၊ ကျန်းမာရေးအာမခံအမျိုး အစားကိုလည်း အများပြည်သူများသို့ မတ်လ အတွင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ သိရသည်။
ကုန်သွယ်မှုပမာဏ တိုးမြင့်လာစေရေး၊ နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရေးနှင့် ကုန်သွယ်မှုလိုငွေ လျှော့ချရေးအတွက် အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းဆောင်ရွက်နိုင်ရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌတို့က ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ လမှစတင်ကာ အပတ်စဉ် ပူးပေါင်းညှိနှိုင်း ဆွေးနွေးလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ပြည်ပနိုင်ငံများနှင့် ကုန်သွယ်ရာ၌ ကုန်သွယ်မှုလိုငွေဖြစ်ပေါ်ခဲ့သည်မှာ ကာလကြာညောင်းခဲ့ပြီဖြစ်သည့်အတွက် ပို့ကုန်ဝင်ငွေတိုးတက်ရရှိရေး (Export Proceed)၊ ပို့ကုန်အမယ်သစ်များ တိုးချဲ့တင်ပို့နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ပပို့ကုန်တိုးတက်စေရေးအတွက် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ်(UMFCCI)တို့မှ လုပ်ငန်းရှင်များနှင့် လစဉ်အစည်းအဝေးများပြုလုပ်ကာ ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်သွယ်မှုလိုငွေ ဖြစ်ပေါ်မှုနှင့် တရားမဝင်ကုန်သွယ်မှုကို တားဆီးရန်အတွက် မူဆယ်-မန္တလေး ကုန်သွယ်မှုလမ်းကြောင်းများပေါ်တွင် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းများကို စတင်ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။
သန်းပေါင်း တစ်သောင်းကျော်
နိုင်ငံတော်အစိုးရသစ်၏ တစ်နှစ်တာ ကာလအတွင်း အကောက်ခွန်ဦးစီးဌာနအနေဖြင့် အမြဲတမ်းစစ်ဆေးရေးစခန်းများနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ အကောက်ခွန် စစ်ဆေးရေးစခန်းများမှ တရားမဝင် ကုန်စည် ဖမ်းဆီးရမိမှုမှာ ခန့်မှန်းတန်ဖိုး ကျပ် သန်းပေါင်း ၅၂၆၇ သန်းကျော်နှင့် ရန်ကုန် ရုံးချုပ်နယ်မြေရှိ ဆိပ်ကမ်း၊ လေဆိပ်၊ လေဆိပ် ကုန်လှောင်ရုံနှင့် အကောက်ခွန်အထူးကင်း အဖွဲ့များမှ ဖမ်းဆီးရမိမှုမှာ ခန့်မှန်းတန်ဖိုး ကျပ်သန်းပေါင်း ၅၇၂ဝ သန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။
၂ဝ၁၆ ခုနှစ် နိုဝင်ဘာ ၁၂ ရက်တွင် ဂျပန် နိုင်ငံအစိုးရ၏ ဘဏ္ဍာရေးနှင့် နည်းပညာ အကူအညီဖြင့် အလိုအလျောက် ကုန်ပစ္စည်း ရှင်းလင်းရေးစနစ်(MACCS)စနစ်ကို ကျင့်သုံးခဲ့သည့်အတွက် ပို့ကုန်၊ သွင်းကုန်လုပ်ငန်း များကို အွန်လိုင်းစနစ်ဖြင့် အချိန်တိုအတွင်း ပိုမိုလျင်မြန်စွာဆောင်ရွက်နိုင်ကြောင်း သိရသည်။
ယင်းစနစ်သည် အစိုးရဌာနဆိုင်ရာများ၊ သွင်းကုန် ထုတ်ကုန်လုပ်ငန်းရှင်များ၊ သင်္ဘော လိုင်းများ၊ ဆိပ်ကမ်းများ၊ အကောက်ခွန် ဝန်ဆောင်မှုအသင်းအဖွဲ့များအားလုံး ချိတ်ဆက် ဆောင်ရွက်နိုင်သည့်စနစ်တစ်ခုဖြစ်ပြီး ရန်ကုန် ဧရိယာတွင် အဆင်ပြေချောမွေ့စွာ အသုံးပြု နိုင်ပြီးပါက ၂ဝ၁၈ ခုနှစ်နောက်ပိုင်းတွင် နယ်စပ်ဒေသများအထိ တိုးချဲ့သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။
ကိုယ်တိုင်အခွန်စည်းကြပ်
အခွန်များကောက်ခံရာတွင် အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး(LTO)၏ လုပ်ငန်း ဆောင်ရွက်မှုများ ပိုမိုထိရောက်စေရန်အတွက် အလယ်အလတ်ဆိုင်ရာ အခွန်ထမ်းကြီးများ ရုံးကိုလည်း တိုးချဲ့ဖွဲ့စည်းထားခဲ့ပြီး အခွန်ကောက်ခံမှုစနစ်တွင် အခွန်ထမ်းကိုယ်တိုင်အခွန်စည်းကြပ်သည့်စနစ်ကို အပြည့်အဝ ကျင့်သုံးနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။
ကုန်သွယ်လုပ်ငန်းခွန်မှ ကုန်စည်နှင့် ဝန်ဆောင်မှုခွန်သို့ပြောင်းလဲနိုင်ရေး၊ အခွန်ဆိုင်ရာ ဥပဒေများရှင်းလင်းလွယ်ကူစေရေးအတွက် ကုန်သွယ်လုပ်ငန်းခွန်တွင် ပါဝင်ခဲ့သော အထူးကုန်စည်များအား နိုင်ငံတကာ နည်းတူ ၂ဝ၁၆ ခုနှစ်တွင် အထူးကုန်စည်ခွန် ဥပဒေအဖြစ် သီးခြားပြဋ္ဌာန်းခဲ့ပြီး အခွန်စည်းကြပ်ကောက်ခံခဲ့သည်။
၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ဇန်နဝါရီလကုန်အထိ အထူးကုန်စည်ခွန် ကျပ် ၇၂၉ ဒသမ ၃၁၁ ဘီလီယံ ကောက်ခံရရှိခဲ့ပြီး ယမန်နှစ် အလားတူကာလထက် ငွေကျပ် ၂၇၃ ဒသမ ၉၄၉ ဘီလီယံ ပိုမိုကောက်ခံရရှိထားပြီးဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။
၂ဝ၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် တယ်လီဖုန်းပြောဆိုခများအပေါ် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းကို စတင်ကောက်ခံခဲ့ပြီး ၂ဝ၁၆ ခုနှစ် ဧပြီလအတွက် ကောက်ခံရရှိ ငွေ ၇ ဒသမ ၄၅၄ ဘီလီယံ ကို ပညာရေးကဏ္ဍ၌ သုံးစွဲရန်လွှဲပြောင်းပေးခဲ့သည်။
လိုင်စင်ရတံဆိပ်ခေါင်းရောင်းချသူ
ထို့ပြင် စာချုပ်စာတမ်းများအပေါ် တံဆိပ်ခေါင်းခွန်ထမ်းဆောင်စေရန်အတွက် အခွန်နှုန်းထားများ ပြင်ဆင်သတ်မှတ်ပေးခဲ့ပြီး တံဆိပ်ခေါင်းများကို ပြင်ပတွင် သတ်မှတ် တန်ဖိုးထက် ပိုမိုရောင်းချခြင်းကို ကာကွယ်ရန် လိုင်စင်ရတံဆိပ်ခေါင်းရောင်းချသူများ ခန့်ထားပြီး တံဆိပ်ခေါင်းရောင်းရငွေမှ လေးရာခိုင်နှုန်းကို ရောင်းချသူအတွက် ကော်မရှင်ခအဖြစ် သတ်မှတ်ပေးလိုက်ခြင်းကြောင့် လက်ရှိတွင် လိုင်စင်ရတံဆိပ်ခေါင်းရောင်းချသူ ၃၆ဝ အထိ ရှိလာပြီဖြစ်သည်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရမှ ချမှတ်ပေးထားသည့် စီးပွားရေးမူဝါဒ၊ ရင်းနှီးမြှုပ်နှံမှုမူဝါဒများနှင့်အညီ နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံး ရေရှည်အကျိုးရှိစေမည့် စီးပွားရေးပတ်ဝန်း ကျင်တစ်ရပ် ဖြစ်လာစေရေးနှင့် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို လွတ်လပ်ပွင့်လင်း လွယ်ကူရှင်းလင်းစွာပါဝင်လာစေရေးတို့အတွက် အရှိန်အဟုန်ဖြင့် အောင်မြင်မှုရရှိအောင် ဆောင်ရွက်လျက်ရှိနေပါကြောင်း တင်ပြလိုက် ရပါသည်။ ။

No comments:

Post a Comment