Wednesday, March 1, 2017

အာကာသခရီးသည်နှစ်ဦးကို လအနီးအပါးသို့ ပို့ဆောင်ပေးရန် စပေ့အိပ်က်စ် စီစဉ်



Image may contain: one or more people
ကိပ်ကနေဗာရယ်(ဖလော်ရီဒါ) ဖေဖော်ဝါရီ ၂၈
အမေရိကန်ပြည်ထောင်စုရှိ အာကာသစူးစမ်းလေ့လာရေး နည်းပညာကော်ပိုရေးရှင်း(စပေ့အိပ်က်စ်)သည် အခကြေးငွေပေး၍ စီးနင်းလိုက်ပါမည့် အာကာသခရီးသည်နှစ်ဦးကို လာမည့်နှစ်အတွင်း လကမ္ဘာအနီးတစ်ဝိုက်သို့ ပို့ဆောင်ပေးရန် စီစဉ်လျက်ရှိကြောင်း ယင်းကုမ္ပဏီက ဖေဖော်ဝါရီ ၂၈ ရက်တွင် ထုတ်ပြန်ကြေညာသည်။
နိုင်ငံတကာအာကာသစခန်းယာဉ်၏ ဂြိုဟ်ပတ်လမ်းကြောင်းကို ကျော်လွန်၍ အာကာသခရီးသည်များကို ပို့ဆောင်ပေးရန် အဆိုပါကုမ္ပဏီက စီစဉ်ထားသည်။ အခကြေးငွေပေး၍ အာကာသအတွင်း လည်ပတ်လို သူများအတွက် ဝန်ဆောင်ပေးမည့် ခရီးစဉ်ကို ၂ဝ၁၈ ခုနှစ် နှောင်းပိုင်းတွင် အကောင်အထည်ဖော်ရန် ယာယီအားဖြင့် အချိန်ဇယားသတ်မှတ်ထားကြောင်း စပေ့အိပ်က်စ်၏ အမှုဆောင်အရာရှိ အယ်လွန်မက်စ်က ပြောကြားသည်။
အာကာသခရီးသည်များအဖြစ် လိုက်ပါမည့် ပုဂ္ဂိုလ်များ မည်သူမည်ဝါတို့ဖြစ်သည်ကို မက်စ်က ထုတ်ဖော်ပြောကြားရန် ငြင်းဆိုသည်။ ထို့အပြင် အာကာသခရီးစဉ်ဖြင့် လိုက်ပါနိုင်ရေးအတွက် ပုဂ္ဂိုလ်နှစ်ဦးက ငွေကြေးမည်ရွေ့မည်မျှပေးရသည်ကိုလည်း ပြောဆိုခြင်း မရှိပေ။ သို့ရာတွင် အာကာသခရီးသည်နှစ်ဦးမှာ ဟောလိဝုဒ်ရုပ်ရှင်လောကမှ မဟုတ်ဟုဆိုသည်။
ရက်သတ္တတစ်ပတ်ကြာမြင့်မည့် အာကာသခရီးစဉ်ဖြင့် လိုက်ပါနိုင်ရေးအတွက် အာကာသခရီးသည် နှစ်ဦးအနေဖြင့် ငွေကြေးအမြောက်အမြား ပေးရကြောင်း၊ ၎င်းတို့သည် အာကာသခရီးမနှင်မီ လေ့ကျင့်သင်တန်း တက်ရောက်ရမည်ဖြစ်ကြောင်း မက်စ်က ပြောကြားသည်။
တစ်နှစ်လျှင် အာကာသခရီးသည် တစ်ဦးမှ နှစ်ဦးအထိ ရှိမည်ဟု မိမိမျှော်လင့်ကြောင်း၊ စပေ့အိပ်က်စ် ကုမ္ပဏီက အာကာသခရီးစဉ်အတွက် ခရီးသည်များထံမှ တောင်းခံသည့် ငွေကြေးပမာဏသည် ကုမ္ပဏီဝင်ငွေ၏ ၁ဝ ရာခိုင်နှုန်းမှ ၂ဝ ရာခိုင်နှုန်းအထိ ရှိလိမ့်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
လအနီးအပါးမှ ဖြတ်သန်းမည့် အာကာသခရီးစဉ်အတွင်း ခရီးတာမိုင်ပေါင်း ၃ဝဝဝဝဝ မှ ၄ဝဝဝဝဝ အထိကို ခရီးနှင်ရမည်ဖြစ်ကြောင်း၊ ကမ္ဘာ့ဆွဲအားဖြင့် အာကာသယာဉ်ကို ကမ္ဘာ့လေထုလွှာအတွင်းသို့ ပြန်လည်ဝင်ရောက် စေပြီးနောက် ကမ္ဘာမြေပြင်ပေါ်သို့ လေထီးဖြင့် ဆင်းသက်စေမည်ဖြစ်ကြောင်း မက်စ်က ပြောကြားသည်။
ရိုက်တာ။

No comments:

Post a Comment