Thursday, March 2, 2017

ဒုတိယအကြိမ် အိမ်ရာနှင့် အဆောက်အအုံဆိုင်ရာပြပွဲ (၂ဝ၁၇) စည်ကားသိုက်မြိုက်စွာကျင်းပမည်

Image may contain: 3 people, people sitting and indoor
ရန်ကုန် မတ် ၁
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်မှုသင်တန်းကျောင်း Trade Training Institute (TTI) ၏ ပံ့ပိုးကူညီမှုဖြင့် ဒုတိယအကြိမ် အိမ်ရာနှင့် အဆောက်အအုံ ဆိုင်ရာပြပွဲ ၂ဝ၁၇ (The 2nd Housing & Building 2017)ကို ဒဂုံမြို့နယ် ဦးဝိစာရလမ်းရှိ တပ်မတော် ခန်းမ၌ မတ် ၁၇ ရက်မှ ၁၉ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှ သိရသည်။
အဆိုပါ အိမ်ရာနှင့် အဆောက်အအုံ ဆိုင်ရာပြပွဲ (၂ဝ၁၇)၌ ပြည်တွင်းပြည်ပမှ ကွန်ဒိုတိုက်ခန်းများ၊ အိမ်ရာ အရောင်းပြခန်းများနှင့် အိမ်တွင်း အလှဆင်ပစ္စည်းများ၊ ဆောက်လုပ် ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ကွန်ကရစ် လုပ်ငန်းများ၊ အိမ်အမိုးပြားများ၊ အိမ်သုတ်ဆေးများ၊ ကြမ်းခင်းများ၊ ရေချိုး ခန်းသုံးပစ္စည်းများ၊ ကြွေပြားကျောက် ပြားများ၊ ခေတ်မီပရိဘောဂပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ တံခါးများ၊ မျက်နှာကြက်များအား ခင်းကျင်းပြသ မည်ဖြစ်ပြီး အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းများ၊ အိမ်ခြံမြေဆိုင်ရာ ဘဏ်လုပ်ငန်းများ၊ အိမ်ခြံမြေဆိုင်ရာ အာမခံလုပ်ငန်းများမှ ဈေးကွက် အတွင်းနှင့် သုံးစွဲသူပြည်သူလူထု အတွင်း အရှိန်အဟုန်ပြင်းစွာ ထိထိ ရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် ထိုးဖောက်နိုင်စေရန်အတွက် ရည်ရွယ်၍ စီစဉ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
Dagon Exhibitions ကုမ္ပဏီ လီမိတက်မှ Marketing မန်နေဂျာ ကိုနိုင်ဝင်းအောင်က ''အဓိကတော့ ဒီပြပွဲ လာရောက်ကြည့်ရှုလေ့လာကြတဲ့ ပြည်သူတွေအတွက် စုံစုံလင်လင်ဖြစ်စေဖို့ တန်ဖိုးနည်းအိမ်ရာတွေ၊ အဆင့်မြင့်ကွန်ဒိုတွေနဲ့ ဆောက်လုပ် ရေးလုပ်ငန်းသုံးပစ္စည်းတွေကို ခင်းကျင်း ပြသသွားမှာပါ။ ဒီလိုပြပွဲပြုလုပ်ခြင်း အားဖြင့် အိမ်ခြံမြေကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍများအတွက် တစ်စိတ်တစ်ပိုင်းတော့ အထောက်အကူဖြစ်စေမှာပါ။ ပြပွဲပြုလုပ်မယ့်ပွဲ သုံးရက် အတွင်းမှာလည်း ဆောက်လုပ်ရေးနဲ့ အိမ်ခြံမြေ လုပ်ငန်းရှင်တွေရဲ့ ဟောပြောပွဲတွေကို ပြည်သူတွေ သိရှိနိုင်စေဖို့အတွက် ထည့်သွင်းဟောပြော ပေးသွားမှာပါ''ဟု ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးစိုင်းခွန်နောင်က ''ဒီလိုပြပွဲပြုလုပ် ခြင်းအားဖြင့် ပြည်သူတွေရဲ့ စိတ်ဝင်စားမှုကို ပိုပြီးဖမ်းဆုပ်နိုင်ပါလိမ့်မယ်။ ပြီးတော့ ပြည်သူတွေဘက်ကနေ ကြည့်မယ်ဆိုရင်လည်း ဒီလိုပြခန်း ပေါင်းရာချီပြီး အားပြိုင်ပြသမယ့် အိမ်ရာအရောင်းပြခန်းမှာ တစ်နေရာတည်း တစ်ထိုင်တည်း စုစုစည်းစည်း လေ့လာလို့ရကြပါလိမ့်မယ်။
ပြည်သူတွေကလည်း ကိုယ့်ရဲ့နိုင်တဲ့ဝန်ကိုချိန် ပြီး ဘယ်သူက ဝန်ဆောင်မှုကောင်းလဲ၊ အရစ်ကျစနစ်နဲ့ ဘယ်လို ရောင်းချပေး နေလဲဆိုတာကို ကြည့်ပြီး ဝယ်ယူနိုင်ကြမှာမို့ ဝယ်ယူကြမယ့် ပြည်သူတွေအတွက် အားသာချက်တွေက အများကြီးရှိပါတယ်။ ဒီလိုအိမ်ရာ အရောင်း ပြပွဲဆိုတာက နိုင်ငံတကာမှာလည်း အမြဲတမ်းမပြတ် ကျင်းပနေတာဖြစ်ပြီး ရန်ကုန်မြို့ဟာဆိုရင်လည်း လူဦးရေက အမြဲတမ်းတိုးပွားနေမှုနဲ့အိမ်ရာတွေကလည်း အမြဲမပြတ် ဆောက်လုပ် နေရတာကြောင့် ကျွန်တော်တို့နိုင်ငံမှာလည်း ခုလိုအိမ်ရာအရောင်းပါးတဲ့အချိန်မှာအရောင်း မြှင့်တင်ဖို့က အမြဲတမ်းလိုအပ်နေမယ်လို့ ယူဆပါတယ်။
ခုလည်း ဒီပြပွဲမှာ ကုမ္ပဏီတွေက ပြည်သူတွေအတွက် ဈေးနှုန်းလျှော့ချ အပြိုင်အဆိုင် ဝန်ဆောင်မှုပေးမှာ ဖြစ်တဲ့အတွက် Developer တွေအတွက် အကျိုးရှိသလို လာရောက် လေ့လာဝယ်ယူ အားပေကြတဲ့ မိဘပြည်သူတွေ အတွက်လည်း အကျိုးရှိမယ်လို့ယူဆ မိပါတယ်''ဟု သုံးသပ်ပြောကြားသည်။
အဆိုပါ ဒုတိယအကြိမ် အိမ်ရာနှင့် အဆောက်အအုံဆိုင်ရာပြပွဲ(၂ဝ၁၇) ၌ ပြည်တွင်း၊ ပြည်ပ ဆောက်လုပ်ရေး ကုမ္ပဏီပေါင်း ၆ဝ ကျော်မှ ပြခန်း ပေါင်း ၁ဝဝ ကျော်ကို ဝင်ရောက်ခင်း ကျင်းပြသကြမည်ဖြစ်ပြီး ဆောက်လုပ် ရေးနှင့် အိမ်ခြံမြေလုပ်ငန်းရှင်များ၏ဟောပြောပွဲများအပြင် အခြားစိတ်ဝင် စားဖွယ်ရာအစီအစဉ်များ ပါဝင်မည် ဖြစ်ကာ ပြပွဲကာလအတွင်း နေ့စဉ် အိမ်သုံးလျှပ်စစ်ပစ္စည်းနှင့် မိုဘိုင်း ဟန်းဆက်များကို ပြပွဲလာပြည်သူများ အတွက် ကံစမ်းမဲဖွင့်လှစ်ပေးမည်ဖြစ် ကြောင်းနှင့် အိမ်ရာနှင့်အဆောက်အအုံ ဆိုင်ရာပြပွဲ (၂ဝ၁၆)ကို ပြီးခဲ့သည့်နှစ် စက်တင်ဘာလက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ(စိုးဝင်း-MLA)

No comments:

Post a Comment