Sunday, March 5, 2017

ယခုနှစ်ပထမနှစ်လအတွင်း မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်မှုဖြင့်သံသယမကင်းသူ ၄ဝဝဝ ကျော်အား ကမ္ဘောဒီးယားရဲ ဖမ်းဆီး



ဖနောင်ပင် မတ် ၎
ကမ္ဘောဒီးယားအာဏာပိုင်များသည် ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလမှစတင်ကာ ခြောက်လကြာမြင့်မည့် မူးယစ်ဆေးဝါးနှိမ်နင်းသည့် စစ်ဆင်ရေးကို ဆောင်ရွက်လျက်ရှိရာ ယခုနှစ်ပထမ နှစ်လအတွင်း မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်သည့် ပြစ်မှုပေါင်း ၂ဝ၆၅ မှုနှင့် မူးယစ်ဆေးနှင့် ဆက်နွှယ်သည်ဟု သံသယရှိသူ ၄၈၂၃ ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း ကမ္ဘောဒီးယား ပြည်ထဲရေးဌာနက မတ် ၃ ရက်တွင် ထုတ်ပြန်သော အစီရင်ခံစာအရ သိရသည်။
ဥပဒေနှင့် ဆန့်ကျင်သော မူးယစ်ဆေးရောင်းဝယ်သူ ၂၃၅၇ ဦးနှင့် မူးယစ်ဆေးဝါးသုံးစွဲသူ ၂၄၆၆ ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။ ယခုနှစ် ပထမနှစ်လအတွင်း မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်သည့် ပြစ်မှုများဖြင့် ဖမ်းဆီးခံရသူ ဦးရေသည် ၂ဝ၁၆ ခုနှစ် တစ်နှစ်တာကာလအတွင်း ကမ္ဘောဒီးယားနိုင်ငံ၌ မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်သည့် ပြစ်မှုများဖြင့် ဖမ်းဆီးခံခဲ့ရသူ ဦးရေ၏ ထက်ဝက်နီးပါးရှိသည်ဟု သတင်းတွင်ဖော်ပြသည်။
လွန်ခဲ့သည့်နှစ် တစ်နှစ်တာအတွင်း ကမ္ဘောဒီးယားရဲတပ်ဖွဲ့က မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်သုံးစွဲမှု ကျူးလွန်သည်ဟူသော သံသယရှိမှုဖြင့် လူပေါင်း ၉၈ဝဝ ကို ဖမ်းဆီးခဲ့သည်။
လွန်ခဲ့သည့် လအတွင်းက ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ခ်ျဟွန်ဆန်က ပြည်သူများအား မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့ရာတွင် ကမ္ဘောဒီးယားအစိုးရသည် မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်သုံးစွဲသူများကို ပြင်းပြင်းထန်ထန်နှိမ်နင်းသွားရန် သန္နိဋ္ဌာန်ချထားကြောင်းနှင့် ခြောက်လကြာ ဆင်နွှဲသည့် မူးယစ်ဆေးနှိမ်နင်းသည့် စစ်ဆင်ရေးတွင် ကမ္ဘောဒီးယားပြည်သူများက ပါဝင်ကူညီကြရန် ပြောကြားခဲ့သည်။
ဆင်ဟွာ။

No comments:

Post a Comment