Sunday, March 5, 2017

ကချင်ပြည်နယ်အတွင်း ကယ်ဆယ်ရေးစခန်းများတွင် ခေတ္တပြောင်းရွှေ့နေထိုင်သူများနှင့်ပတ်သက်၍ ဆွေးနွေး



Image may contain: one or more people and people sitting
နေပြည်တော် မတ် ၎
ပြည်သူများအနေဖြင့် အခြေခံလူ့အခွင့် အရေးရရှိရေး ၊ ဒီမိုကရေစီစံနှုန်းနှင့်ကိုက်ညီရေးနှင့် လူ့ဂုဏ်သိက္ခာနှင့် ပြည့်စုံသော လူ့အသိုင်းအဝိုင်း ဖြစ်ပေါ်လာစေရေးတို့အတွက် ဝန်ကြီးဌာနအနေဖြင့် ဥပဒေများ၊ နည်းဥပဒေများ ရေးဆွဲပြင်ဆင်ပြဋ္ဌာန်းနိုင်ရေး တို့ကို ဆောင်ရွက်နေပါကြောင်း၊ ဥပဒေနှင့်အညီ ပွင့်လင်းမြင်သာမှုဖြင့် စခန်းများတွင် လူမှုရေးလုပ်ငန်းများကို ဆောင်ရွက်ပေးကြစေလိုပါကြောင်း ကချင်ပြည်နယ် မြစ်ကြီးနား မြို့ရှိ စုပေါင်းရုံးခန်းမ၌ ယနေ့ကျင်းပသော ကယ်ဆယ်ရေးစခန်း တာဝန်ခံများနှင့် တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။
လူမှုဝန်ထမ်းလုပ်ငန်းသည် အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခုဖြစ်ပြီး အသိ၊ ကျွမ်းကျင်မှု၊ ကျင့်ဝတ်နှင့် ပြည့်စုံမှုတို့ဖြင့် ဆောင်ရွက်ကြရမည့်အချိန် ဖြစ်ပါကြောင်း၊ စခန်းများအတွင်းရှိ ကလေးသူငယ်များ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများ အတွက်လည်း ၎င်းတို့၏ အခွင့်အရေးကို ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ ရရှိစေရန်ကိုလည်း အမြဲထည့်သွင်းစဉ်းစားရန် လိုအပ်ပါကြောင်း၊ စခန်းများရှိလူငယ်များ၏ အခန်းကဏ္ဍကိုလည်း မေ့လျော့နေ၍မရဘဲ လူငယ်မူဝါဒ ရေးဆွဲနေချိန်တွင် ၎င်းတို့၏အသံများ ပါဝင်နိုင်ရေးအတွက် စဉ်းစားပေးရန် လိုအပ်ပါကြောင်း။
စခန်းအတွင်း မူးယစ်ဆေးဝါးများနှင့် ပတ်သက်၍လည်း ကြိုတင်ကာကွယ်တားဆီး ရေးလုပ်ငန်းများကို အထူးအလေးထားဆောင် ရွက်ပေးကြရန်နှင့် စခန်းအုပ်ချုပ်သူ တာဝန်ခံများအနေဖြင့်လည်း စခန်းများတွင် ကြုံတွေ့ နေရသည့် အခက်အခဲများကို ပွင့်လင်းစွာ တင်ပြပေးကြရန်၊ တင်ပြချက်များကိုလည်း ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်နယ်အစိုးရ အဖွဲ့နှင့် UN, INGO အဖွဲ့တို့ ပူးပေါင်း ဖြေရှင်းပြီး ပြည်သူများနှင့်လက်တွဲကာ ဆောင်ရွက်ပါကအောင်မြင်မည်ဟု ယုံကြည်ပါကြောင်းဖြင့် ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော စခန်းတာဝန်ခံအုပ်ချုပ်သူများက ၎င်းတို့ စခန်းများရှိ ပြည်သူများ၏ ပညာရေး၊ ကျန်းမာ ရေး၊ စားဝတ်နေရေးကိစ္စရပ်များ၊ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များ ဖွင့်လှစ်သင်ကြားနိုင်မှုအခြေအနေ၊ ရှေ့ဆက်ဆောင်ရွက်လိုသော လုပ်ငန်းများနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်လူမှုရေးဝန်ကြီးတို့က ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်နယ်အစိုးရအဖွဲ့၊ UN, INGO များနှင့် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများကို လက်တွေ့ကျကျ ဆောင်ရွက်ရေးနှင့် ပတ်သက်၍ ပြန်လည်ညှိနှိုင်းဆွေးနွေးပေးသည်။
တွေ့ဆုံပွဲသို့ ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ သင်းလွင်၊ မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်တို့မှ ကယ်ဆယ်ရေးစခန်းတာဝန်ခံများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းများနှင့် INGO အဖွဲ့အစည်းများ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment