
တောင်ကြီး မတ် ၎
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ဗမာတိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးစိုးဇော်၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မတ် ၁ ရက် နံနက် ၉ နာရီ ၁၅ မိနစ် က တောင်ကြီးမြို့ မြို့မဈေးအနီး တစ်ဝိုက်ရှိ ကားလမ်းများနှင့် မိဘမဲ့ ပရဟိတဂေဟာများသို့ လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအဖြစ် မြို့မဈေးအနီး တစ်ဝိုက်ရှိ ကားလမ်းများ ပိတ်ဆို့မှု မဖြစ်စေရန်နှင့် အရေးပေါ် မီးသတ်ကားများ အလွယ်တကူ ဝင်ထွက်သွားလာနိုင်ရေးတို့အတွက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်စည်ပင်သာယာ ရေးဝန်ကြီး၊ ဗမာတိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ ရတနာသီရိရပ်ကွက်ရှိ ဓမ္မဝိဒူ မိဘမဲ့ ပရဟိတဂေဟာ၊ စိန်ပန်းရပ်ကွက်ရှိ ငြိမ်းချမ်းမိဘမဲ့ဂေဟာ၊ ကျောင်းကြီးစု ရပ်ကွက်ရှိ အမျိုးသမီးပရဟိတဂေဟာ၊ ကံကြီးရပ်ကွက်ရှိ အဝါရောင် မျိုးဆက်သစ် မိဘမဲ့ပရဟိတဂေဟာတို့ကို သွားရောက်ကာ အိပ်ဆောင်များ၊ စားဖိုဆောင်များ၊ မီးဖိုချောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည် များမှာကြား၍ တောင်ကြီးမြို့ မီးပုံးပျံကွင်း ရထားသံလမ်းအကျော်တွင် လမ်းဦးစီးဌာနမှ ကွန်ကရစ်လမ်းခင်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)
No comments:
Post a Comment