
ဆာနား(ယီမင်) မတ် ၃
ယီမင်နိုင်ငံအတွင်း အစားအစာနှင့် ဆေးဝါးထောက်ပံ့မှုများ ပြတ်လပ်လျက်ရှိသဖြင့် နိုင်ငံအတွင်းတိုက်ပွဲဝင်နေသည့် အဖွဲ့အစည်းများအနေဖြင့် အစားအစာနှင့် ဆေးဝါးများ ပို့ဆောင်ရေးအတွက် ကူညီဆောင်ရွက်သင့်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုနှင့် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့အကြီးအကဲက တိုက်တွန်းထားကြောင်း သိရသည်။
ယီမင်နိုင်ငံ၏လူဦးရေ သုံးပုံနှစ်ပုံ(လူဦးရေ ၁၉ မီလီယံ) ခန့်သည် အစားအစာနှင့် ဆေးဝါးထောက်ပံ့မှုများ ပြတ် လပ်မှုဖြင့်ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုနှင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ အကြီးအကဲအိုဘီရီယံက ဆိုသည်။
ယီမင်နိုင်ငံရှိ ပြည်သူများသည် ပြည်တွင်းစစ်၏ ဆိုးကျိုးများကို ခါးသီးစွာခံစားနေရပြီး အစားအစာငတ်မွတ် ခေါင်းပါးမှုများဖြင့် ရင်ဆိုင်နေရသည့်အတွက် ၁ဝ မိနစ်တိုင်း ကလေးတစ်ယောက်နှုန်း သေဆုံးနေရသည်။
သမ္မတ အာရတ်ဘ်ဘူမန်ဆာဟန်ဒီအစိုးရအဖွဲ့နှင့် သူ့အားဆန့်ကျင်သည့် လက်နက်ကိုင်အဖွဲ့များအကြား ဖြစ်ပွားနေသော ပြည်တွင်းစစ်ပွဲများသည် အချိန်အားဖြင့် နှစ်နှစ်နီးပါးခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။
နိုင်ငံတကာနယ်စည်းမခြားဆရာဝန်များအဖွဲ့က လွန်ခဲ့သောလကစပြီး ယီမင်နိုင်ငံမြောက်ပိုင်းရှိ ဆေးရုံ တွင် ဆေးကုသရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်လျက် ရှိသည်ဟု ဆရာဝန်များက မတ်၂ ရက်တွင် ကြေညာခဲ့ကြောင်း သိရသည်။ ၂ဝ၁၅ ခုနှစ်တွင် ဆေးရုံသို့ လေကြောင်း တိုက်ခိုက်ခံရပြီးနောက် နိုင်ငံတကာနယ်စည်းမခြား ဆရာဝန်များအဖွဲ့က အဖွဲ့ဝင်ဆရာဝန်များအား ယီမင်နိုင်ငံမှ ပြန်လည်ခေါ်ယူခဲ့သည်။
ယီမင်နိုင်ငံအတွင်းရှိ ဆေးရုံများအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်မှုများကို ရှောင်ကြဉ်ကြရန် စစ်ပွဲတွင်ပါဝင်ဆင်နွှဲနေသည့် အဖွဲ့အစည်းအားလုံးကို နိုင်ငံတကာနယ်စည်းမခြား ဆရာဝန်များအဖွဲ့က တောင်းဆိုမှုများ ဆက်လက်လုပ်ဆောင်မည်ဖြစ်သည်ဟု အဆိုပါအဖွဲ့က ဆိုသည်။
အင်န်အိတ်ခ်ျကေ။
No comments:
Post a Comment