
ယခုအခါ နွေရာသီကာလသို့ရောက်ရှိပြီဖြစ်သည်။ မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် နေ့အခါ နေအပူရှိန်ပြင်းထန်လာပြီး ပတ်ဝန်းကျင်တစ်ခွင်လုံး ပူပြင်းခြောက်သွေ့နေသည်ကို တွေ့ရသည်။ မြစ်ချောင်းအင်းအိုင်များ အပူရှိန်ကြောင့် ရေများတစ်စတစ်စခန်းခြောက် လျော့နည်းလာသလို သစ်ပင်ပန်းမန်များ ညှိုးရော်ခြောက်သွေ့လာသည်။
ထိုအခါ ပြည်သူများအနေဖြင့် ကျန်းမာရေးအတွက် အပူဒဏ်ကာကွယ်ရေးကို ဂရုစိုက်ရမည်ဖြစ်သလို ပူပြင်းမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အခက်အခဲနှင့်အန္တရာယ်များကိုလည်း သတိပြုရမည်ဖြစ်သည်။ အခက်အခဲမှာ သောက်သုံးရေ၊ စိုက်ပျိုးရေအခက်အခဲဖြစ်ပြီး အန္တရာယ်များမှာ လျှပ်စစ်မလုံလောက်မှု၊ မီးလောင်ကျွမ်းမှု မဖြစ်ပွားရေးဖြစ်သည်။
ရန်ကုန်မြို့ကဲ့သို့ လူဦးရေထူထပ်သော မြို့ကြီးများတွင် မြို့နေလူထုအတွက် သောက်သုံးရေပေးဝေမှုမှာ နေ့စဉ်အရေးကြီးသည်။ မြို့နေလူထုအတွက် သောက်သုံးရေဖူလုံစေရန် အဓိကရေပေးဝေသော သောက်သုံးရေကန်ကြီးများမှာလည်း ရာသီဥတုဒဏ်ကို မလွန်ဆန်နိုင်ဘဲ ပူပြင်းမှုကြောင့် ရေများတစ်စတစ်စခန်းခြောက် လျော့နည်းလာမည်ဖြစ်သည်။
ထိုသို့ သောက်သုံးရေလျော့နည်းလာချိန်တွင် မိမိတို့သုံးစွဲရမည့် ရေအတွက်မခက်အောင် တစ်ဦးချင်းစီ၊ တစ်စုတစ်ဖွဲ့ချင်းစီ သောက်သုံး ရေကို ချွေတာသုံးစွဲတတ်ဖို့ လိုအပ်မည်ဖြစ်သည်။ ပြည်သူများအနေဖြင့် သုံးရေ၊ သောက်ရေများကို ဖောဖောသီသီသုံးစွဲတတ်သည့် အလေ့အကျင့် ရှိသည်။ ရေအတွက်မပူရသည့် မိုးရာသီကာလတွင် လိုသလိုသုံးစွဲနိုင်သော်လည်း ရေရှားပါးသည့် ယခုလိုနွေရာသီကာလတွင်မူ သောက်ရေ၊ သုံးရေ တို့ကို ခြိုးခြံသုံးစွဲရန် သတိမူဖို့လိုအပ်မည်ဖြစ်သည်။
စိုက်ပျိုးရေးကဏ္ဍတွင်လည်း ထိုနည်းလည်းကောင်းဖြစ်မည်။ စိုက်ရေးပျိုးရေးအတွက် မိမိတို့အပင်များကို ရေပေးဝေရန်လိုအပ်မည်ဖြစ်ပြီး ရေမရပါက မိမိတို့အပင်များ ဆက်ရှင်သန်နိုင်မည်မဟုတ်ချေ။ ရေရှားပါး သော နွေရာသီကာလများတွင် ရေမရသဖြင့် သစ်ပင်မစိုက်နိုင် မဖြစ်ရ အောင် သစ်ပင်များအား ရေကိုလိုသည်ထက် လျှော့ချပြီး စနစ်တကျ ရေပေးသည့်နည်းပညာများလည်း တတ်သိနားလည်ထားရန် လိုအပ်သည်။ ရေမရှိသော ကန္တာရများတွင် သစ်ပင်အတွက် ရေဓာတ်ရအောင် လုပ်နည်းကိုင်နည်းများမှာ အတုယူအားကျဖွယ်အဖြစ် မှတ်သားလုပ်ဆောင်သင့်သည်။
လျှပ်စစ်အန္တရာယ်မှာလည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားပေးဝေသည့်စနစ်တွင် အဓိက အားထားထုတ်ယူမှုပြုနေသည်မှာ ရေအားလျှပ်စစ်ဖြစ်သည်။ ရေကိုအဓိက အားပြုသည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများတွင် နွေရာသီကာလ ရေလျော့နည်းသွားမှုနှင့်အတူ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးမှုမှာလည်း လျော့ကျသွားမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် မြို့ပြများဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ လူမှုဘဝနှင့် ကုန်ထုတ်လုပ်ငန်းများလည်း တိုးပွားလာသဖြင့် လျှပ်စစ်ဓာတ်အား သုံးစွဲမှုများ တစ်နေ့ထက်တစ်နေ့မြင့်မားလာသည်ကိုတွေ့ရသည်။ ယမန်နှစ်က တစ်နိုင်ငံလုံးလျှပ်စစ်ဓာတ်အားသုံးစွဲမှု ယူနစ်သန်းပေါင်း ၁၇၈၁၂ ရှိပြီး လာမည့်ဘဏ္ဍာရေးနှစ်တွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှု ယူနစ်သန်းပေါင်း ၁၉၅၉၃ အထိရှိလာမည်ဟု ခန့်မှန်းထားသည်။
ဓာတ်အားသုံးစွဲမှု ဝန်နှင့်အားမမျှသောအခြေအနေတွင် ယခုကဲ့သို့ သော နွေရာသီကာလများတွင် ဓာတ်အားပေးမှု၌ မနိုင်ဝန်ကိုထမ်းရသဖြင့် လျှပ်စစ်ဘက်ဆိုင်ရာမှ ဝန်အားကိုလျှော့ချပေးရသည်။ သုံးစွဲသူများ ဘက်ကမူ ဝန်အားကိုလျှော့ချမပေးဘဲ သုံးစွဲမြဲသုံးစွဲကြသဖြင့် မနိုင်ဝန်ဖြင့် ဓာတ်အားမလုံလောက်မှု၊ လျှပ်စစ်အန္တရာယ်များနှင့် ကြုံတွေ့ကြရသည်။
ထို့ကြောင့် ယခုကဲ့သို့ နွေရာသီအချိန်ကာလတွင် ပြည်သူများ၏လူမှုဘဝလိုအပ်ချက်များ အခက်အခဲမရှိစေရေးအတွက် အဓိကလိုအပ် ချက်ဖြစ်သော သောက်သုံးရေ၊ စိုက်ပျိုးရေနှင့် လျှပ်စစ်ဓာတ်အားများကို ခြိုးခြံချွေတာပြီး လျှော့ချသုံးစွဲကြရန် တိုက်တွန်းချင်ပါသည်။ ။
No comments:
Post a Comment