Wednesday, March 1, 2017

နိုင်ငံရေရှည်တိုးတက်ရန် ငြိမ်းချမ်းရေးသည် မဖြစ်မနေရယူရမည့်ကိစ္စဖြစ် ငြိမ်းချမ်းရေးပန်းတိုင်သို့သွားသည့်လမ်းကြီးကို ဖြောင့်သွားအောင်၊ ကျယ်ဝန်းသွားအောင်လုပ်ရမည်



Image may contain: one or more people and people standing
နေပြည်တော် ဖေဖော်ဝါရီ ၂၈
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ငြိမ်းချမ်းရေး တွဲလက်များ Wheel Chair ရထားအဖွဲ့ တွေ့ဆုံခြင်းအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ ကျင်းပသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ငြိမ်းချမ်းရေးမရသည့် အကြောင်းရင်းမှာ စိတ်ဓာတ်မသန်စွမ်းမှုကြောင့်ဖြစ်ပါကြောင်း၊ ဉာဏ်ရည်မသန်စွမ်းမှု၊ ကိုယ်လက်အင်္ဂါ မသန်စွမ်းမှုတို့ကြောင့် မဟုတ်ပါကြောင်း၊ စိတ်ဓာတ်သန်စွမ်းမှုမရှိ သည်ကို ရှိအောင် အားလုံးဝိုင်းပြီး ကူညီရန်လိုပါကြောင်း။
စံနမူနာဖြစ်
ဤအဖွဲ့သည် ဒုက္ခနှင့် ရင်ဆိုင်နေရသော်လည်း၊ မသန်စွမ်းသည့်အပိုင်း ရှိသော်လည်း အင်မတန်စွမ်းရည်ပြည့်ဝသည့် စိတ်ဓာတ်ရှိသည်ကို ပြနိုင်ခြင်းသည် တစ်နိုင်ငံလုံးအတွက် စံနမူနာဖြစ်ပြီး အားရစရာလည်းဖြစ်ပါကြောင်း၊ ရင်ဆိုင်နေရသည့် အခက်အခဲကို ကျော်လွှားနိုင်သည့် အရည်အချင်းသည် တကယ့်သန်စွမ်းမှုပင် ဖြစ်ပါကြောင်း၊ ရင်ဆိုင်ရသည့်အခက်အခဲများကို ကျော်လွှားရဲသည့် သတ္တိမရှိသည့်အခါ ဘယ်လိုမှ တိုးတက်မှုမဖြစ်နိုင်ပါကြောင်း။
အလုပ်နှင့်ပြ
နိုင်ငံတကယ်ရေရှည်တိုးတက်ရန် ငြိမ်းချမ်းရေးသည် မဖြစ်မနေရယူရမည့် ကိစ္စပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးကိုထိခိုက်စေသည့် မသန်စွမ်းသည့် စိတ်ဓာတ်ကို မိမိတို့အားလုံး ကုစားပေးရမည်ဖြစ်ပါကြောင်း၊ ကုစားပေးသည်ဆိုသည်မှာ စကားနှင့်ချည်း ကုစားပေး၍မရဘဲ အလုပ်နှင့်ပြရမည်ဖြစ်ပါကြောင်း၊ စံနမူနာအရ မိမိတွင်ရှိသည့် အခက်အခဲကို ကျော်လွှားနိုင်သည်၊ အားနည်းချက်များကို ကျော်လွှားနိုင်သည်၊ ထို့ကြောင့် အားလုံး ကိုယ့်စိတ်ဓာတ်ပိုင်းဆိုင်ရာ အားနည်းချက်များကို ကျော်လွှား၍ရသည်ဆိုပြီး အားပေးရမည်၊ တိုက်တွန်းရမည်ဖြစ်ပါကြောင်း၊ အားလုံးဝိုင်းလုပ်မှ ငြိမ်းချမ်းရေးရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ကံကြမ္မာဆိုသည်မှာ ဒီနိုင်ငံကို မှီတင်းနေသူအားလုံးက ဖော်ဆောင်နေခြင်းဖြစ်ပါကြောင်း၊ တစ်ယောက်တည်းလုပ်၍၊ တစ်ဖွဲ့တည်းလုပ်၍မရပါကြောင်း၊ အစိုးရ တစ်ဖွဲ့တည်းလုပ်၍မရပါကြောင်း၊ နိုင်ငံကို မှီတင်းနေထိုင်ကြသူများ အားလုံး၏ လုပ်ဆောင်ချက်များသည် နိုင်ငံတစ်နိုင်ငံ၏ ကံကြမ္မာကို ဖန်တီးပေးသွားမည်ဖြစ်ပါကြောင်း။
မှန်မှန်ကန်ကန်သုံး
လွတ်လပ်ရေးမရခင်က လွတ်လပ်ရေးအတွက် လှုပ်ရှားရုန်းကန်နေသည့် ခေါင်းဆောင်များ ပြောသည့်စကားရှိပါကြောင်း၊ မိမိတို့၏ ကံကြမ္မာကို မိမိတို့ ဖန်တီးနိုင်ခွင့်ရစေချင်ပါကြောင်း၊ လွတ်လပ်ရေးလိုချင်သည်မှာ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးပိုင်ခွင့်တောင်းဆို ခြင်းဟု ပြောပါကြောင်း၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့်ရသည့် အခါ ဒီအခွင့်အရေးကို မှန်မှန်ကန်ကန်သုံးရန်အရေးကြီးပါကြောင်း၊ အခွင့်အရေးရသည့်အခါ အလွဲသုံးစားလုပ်မည်ဆိုလျှင် ရှေ့မှ တိုင်းပြည်လွတ်လပ်ရေးရရန် လုပ်သွားသည့် ခေါင်းဆောင်ကြီးများအပေါ် သစ္စာမဲ့ရာလည်း ရောက်ပါကြောင်း၊ နောက်မျိုးဆက်များအပေါ် သစ္စာမဲ့ရာလည်းရောက်ပါကြောင်း၊ ကိုယ့်အပေါ်လည်း ကိုယ်သစ္စာမဲ့ရာရောက်ပါကြောင်း၊ သစ္စာဆိုသည်မှာ အနာဂတ်ကိုရော၊ ပစ္စုပ္ပန်ကိုရော၊ အတိတ်ကိုရော အားလုံးဆက်နွှယ်သွားမည်ဖြစ်ပါကြောင်း။
ဝီရိယလေးမျိုး
မိမိတို့သည် ငြိမ်းချမ်းရေးပန်းတိုင်ကို မရောက်သေးပါကြောင်း၊ ပန်းတိုင်ကိုရောက်သည်အထိ စိတ်ဓာတ်အပြည့်အဝဖြင့် ဆက်ပြီး လုပ်သွားရန်လိုပါကြောင်း၊ ဝီရိယဆိုသည်မှာ အင်မတန်အရေးကြီးပါကြောင်း၊ လူငယ်များကို ဆရာတော်ကြီးတစ်ပါး သင်ပေးသည့်အတိုင်း ပြောပြပါကြောင်း။
ဝီရိယသည် အဆင့်လေးဆင့်ရှိပါကြောင်း၊ အလုပ်တစ်ခု လုပ်မည်ဆိုသည့် ဆုံးဖြတ်ခြင်းက ပထမအဆင့်၊ ဆုံးဖြတ်ချက်အတိုင်း လုပ်ခြင်းက ဒုတိယအဆင့်၊ အခက်အခဲနှင့် တွေ့ရသည့်တိုင် ဆက်ပြီးလုပ်သည်က တတိယအဆင့်ဖြစ်ပြီး နောက်ဆုံးအဆင့်၊ အမြင်ဆုံးအဆင့်မှာ ရှုံးနိမ့်မှုနှင့် ရင်ဆိုင်ရသည့်အခါတောင်မှ စိတ်ဓာတ်မကျဘဲ ဆက်ပြီးရှုံးနိမ့်မှုကို ကျော်လွှားခြင်းဆိုသည့်ဝီရိယသည် အမြင့်ဆုံး ဝီရိယပါပဲဆိုပြီး ခံယူခဲ့ပါကြောင်း၊ အားလုံး ဒီလိုဝီရိယမျိုး လိုအပ်ပါကြောင်း။
ငြိမ်းချမ်းရေးပန်းတိုင်
ငြိမ်းချမ်းရေးပန်းတိုင်ရောက်သည်အထိ နိုင်ငံသူနိုင်ငံသားများ အားလုံးက ဒီပန်းတိုင်ကို ရောက်အောင်လုပ်မည်ဆိုသည့် စိတ်ဓာတ်ဖြင့် ပန်းတိုင်ကို သွားသည့်လမ်းကြီး ဖြူးသွားအောင်၊ ဖြောင့်သွားအောင်၊ ကျယ်ဝန်းသွားအောင် လုပ်ရမည်ဖြစ်ပါကြောင်း၊ ကျယ်ဝန်းသည်ဆိုသည့်နေရာတွင် ပါဝင်သင့်သူများအားလုံးပါဝင်အောင် အားလုံး ဒီလမ်းကြီးကို လျှောက်နိုင်အောင် လျှောက်ရမည်ဖြစ်ပါကြောင်း၊ သို့သော် လမ်းက ဘယ်လောက်ပဲကျယ်ကျယ်၊ ဘယ်လောက်ပဲချောချော လျှောက်ချင်သည့်ဆန္ဒရှိမှ ဒီလမ်းပေါ်ကို ရောက်လာမည်ဖြစ်ပါကြောင်း၊ အရေးအကြီးဆုံးမှာ ဆန္ဒပင်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးလမ်းစဉ်ပေါ်တွင် အားလုံးဝိုင်းပြီး လျှောက်ချင်သည့်ဆန္ဒဖြစ်အောင် ကြိုးစားပေးပါ၊ ဒီမှာရောက်လာသည့်အဖွဲ့ကလည်း ကိုယ့်အစွမ်းအစများနှင့် ဆက်ပြီးကူညီပေးပါ။ ဒီအကူအညီတွေလည်း ဆက်ပြီးယူပါ့မယ်ဟု ပြောကြားသည်။
ထို့နောက် ငြိမ်းချမ်းရေးတွဲလက်များ Wheel Chair ရထားအဖွဲ့ခေါင်းဆောင် ဦးသိန်းလွင်က အဖွဲ့ဖြစ်တည်လာပုံနှင့် ငြိမ်းချမ်း ရေးခရီးစဉ်အတွေ့အကြုံများကို ရှင်းလင်းတင်ပြပြီး ရန်ကုန်မျက်မမြင်ကျောင်း(ခဝဲခြံ) ဒုတိယကျောင်းအုပ်ကြီး ဒေါ်မြသီတာလွင်က ငြိမ်းချမ်းရေးတွဲလက်များ Wheel Chair ရထားအဖွဲ့၏ လှုပ်ရှားဆောင်ရွက်ချက်များကို Projector ဖြင့် ရှင်းလင်းတင်ပြသည်။
အများသိအောင် မှတ်တမ်းတင်
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပါဝင်သူများသည် ယုံကြည်မှုတည်ဆောက်ရန်၊ တရားလျှင်တရားကြောင်း၊ မတရားလျှင် မတရားကြောင်း ပြောရဲရန်၊ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်ချက်များ၊ သတင်းများကို အများ ပြည်သူသိအောင် မှတ်တမ်းတင်ပြီး စာစောင်ထုတ်နိုင်ရေး တာဝန်ရှိ သူများနှင့် တိုင်ပင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ငြိမ်းချမ်းရေးသည် အားလုံးနှင့် သက်ဆိုင်သည်ဟု မှတ်ယူပြီး ငြိမ်းချမ်းသည့် ဒေသမှ လူများကလည်း ပိုမိုအလေးထား ပါဝင်ဆောင်ရွက်ရန်တို့ကို ပြောကြားသည်။
ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်
ထို့ပြင် ''၁ နဲ့ ၁ ပေါင်းရင် ၂ ထက်များတယ်ဆိုတဲ့ လမ်းစဉ်ကို သွားဖို့လိုမယ်။ ငြိမ်းချမ်းရေးရဖို့အတွက် လှုပ်ရှားနေတဲ့ အစိုးရနဲ့ ပေါင်းခြင်းအားဖြင့် ၁ နဲ့ ၁ နဲ့ ပေါင်းခြင်းအားဖြင့် ၂ မက ဖြစ်လာနိုင်တယ်။ အဲဒီလို စိတ်ဓာတ်တွေနဲ့ အားလုံးလုပ်မယ်ဆိုရင် ငြိမ်းချမ်းရေးဟာ မလွဲမသွေရမယ်။ ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်အဖြစ် ဖွံ့ဖြိုး တိုးတက်ရေးရမယ်။ ဖွံ့ဖြိုးတိုးတက်ရေးရဲ့ အသီးအပွင့်ဟာ ငြိမ်းချမ်းရေးကို ပြန်ပြီးပိုပြီးတော့ ခိုင်မာအောင် လုပ်သွားမယ်။ ငြိမ်းချမ်းရေး ပိုပြီး ခိုင်မာလာတာနဲ့အမျှ ဖွံ့ဖြိုးတိုးတက်ရေးဟာ ပိုပြီး ခိုင်မာလာမယ်။ ဒီလို တစ်ဆင့်တစ်ဆင့်နဲ့ ဒီနိုင်ငံဟာ တက်လှမ်းနိုင်မှာဖြစ် တယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အမြင်ကျယ်အောင်၊ ငြိမ်းချမ်းရေး နဲ့ ပတ်သက်ပြီး အသိအမြင်သစ်တွေ တိုးပွားအောင်လုပ်ပေးဖို့ ရောက်လာတဲ့ ငြိမ်းချမ်းရေးတွဲလက်များအဖွဲ့ကို အများကြီးကျေးဇူး တင်ပါတယ်။ နောင်ဆက်လက်ပြီး နိုင်ငံကို အကျိုးပြုနိုင်ပါစေ'' ဟု ပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ငြိမ်းချမ်းရေး တွဲလက်များ Wheel Chair ရထားအဖွဲ့ တာဝန်ရှိသူများသည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။
မှတ်တမ်းတင်ဓာတ်ပုံရိုက်
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် တွေ့ဆုံ ပွဲသို့ တက်ရောက်လာသည့် ငြိမ်းချမ်းရေးတွဲလက်များ Wheel Chair ရထားအဖွဲ့ အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ယနေ့ကျင်းပသည့် တွေ့ဆုံပွဲအခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment