Wednesday, March 1, 2017

လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့



Image may contain: text
မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ရင်ဆိုင်ကြုံတွေ့ရလျက်ရှိသော အခက်အခဲပြဿနာတစ်ရပ်မှာ လယ်ယာလုပ်သား ရှားပါးခြင်းနှင့်အတူ လယ်ယာလုပ်သားတို့အတွက် ကုန်ကျစရိတ် မြင့်မားခြင်းဖြစ်ပါသည်။ စက်မှုလယ်ယာအသွင်ဖြင့် အကောင်အထည်ဖော်နိုင်ပါက အဆိုပါအခက်အခဲပြဿနာကို ကျော်လွှားနိုင်သော်လည်း စက်မှုလယ်ယာအကောင်အထည်ဖော်နိုင်ရေးအတွက် တောင်သူလယ်သမားတို့၏ လိုလိုလားလား ပူးပေါင်းဆောင်ရွက်မှုလိုအပ်သကဲ့သို့ လုံလောက်သော ဘဏ္ဍာငွေကြေးရရှိ ရန်လိုအပ်ပါသည်။ ထို့ပြင်စနစ်တကျ အကောင်အထည်ဖော်ရန်လည်း လိုအပ်ပါသည်။ စက်မှုလယ်ယာအကောင်အထည်ဖော်ရာ၌ ကျွမ်းကျင်လုပ်သားပြုစုပျိုးထောင်ခြင်းကိုပါ ပူးတွဲဆောင်ရွက်ရန် လိုအပ်ပါသည်။
ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာမှ တောင်သူ ၅၈ ဦး၏ လယ်ယာမြေဧက ၅ဝဝ အား လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ပြောင်းလဲနိုင်ရေးအတွက် ဆောင်ရွက်နေသည်ဟူသော သတင်းပေါ်မူတည်၍စက်မှုလယ်ယာကူးပြောင်းရေးကို ဆွေးနွေးတင်ပြလိုပါသည်။ အဆိုပါ လယ်ယာမြေဧက ၅ဝဝ အား လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းခြင်းကို စက်မှုလယ်ယာဦးစီးဌာနက ဆောင်ရွက်ပေးလျက်ရှိသည်ဟု သိရှိရပါသည်။ ဤစက်မှုလယ်ယာကူးပြောင်းခြင်းကိစ္စ၌ တောင်သူ ၅၈ ဦးနှင့် စက်မှုလယ်ယာဦးစီးဌာနကြား မည်ကဲ့သို့ သောပုံစံမျိုးဖြင့် လက်တွဲဆောင်ရွက်သည်ကို ပြည်သူလူထုအား တင်ပြပါက တိုင်းပြည်အတွက် အကျိုးများမည်ဟု ယူဆပါသည်။
စက်မှုလယ်ယာမြေတစ်ကွက်လျှင် ပေ ၁၂ဝ၊ ပေ ၃၆ဝ အကျယ်၊ ရေသွင်း/ရေထုတ် မြောင်းသုံးပေစီ၊ ကုန်ထုတ်လမ်း ၁၂ ပေပါသည်ဟုဆိုသည့်အတွက် လယ်ယာမြေပိုင်ဆိုင်မှုအရွယ် အစား မတူညီသည့် တောင်သူလယ်သမားတို့ကြား မည်ကဲ့သို့ အပေးအယူပြု၍ စေ့စပ်ညှိနှိုင်းသည်ဟူသော အချက်မှာလည်း တောင်သူလယ်သမားများအပါအဝင် အများပြည်သူတို့အတွက် စိတ်ဝင်တစား လေ့လာသင့်သည့်ကိစ္စရပ်ဖြစ်ပါသည်။ သတင်းများအရ ဤကဲ့သို့ စက်မှုလယ်ယာကူးပြောင်းခြင်းကို ကရင်ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၉ဝ ဖြင့် ဆောင်ရွက်သည်ဟု သတင်းများဖော်ပြထားသည့်အတွက် အဆိုပါစက်မှုလယ်ယာ ကူးပြောင်းသည့် စီမံကိန်း၏ စီမံခန့်ခွဲမှုအခန်းကဏ္ဍ၌ ကရင် ပြည်နယ်အစိုးရပါဝင်မည်ဟု ယူဆရပါသည်။ သို့ဖြစ်ပါ၍ စက်မှုလယ်ယာစီမံခန့်ခွဲရေးကဏ္ဍ၌ ကရင်ပြည်နယ်အစိုးရနှင့် တောင်သူလယ်သမားတို့ကြား ညှိနှိုင်းဆောင်ရွက်သည့် ပုံစံသည်လည်း ပြည်သူလူထုအား အသိပေးတင်ပြသင့်သည့်ကိစ္စရပ်ဟု ယူဆပါသည်။ သို့မှသာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပိုမိုပြည့်စုံကောင်းမွန်သော စက်မှုလယ်ယာကူးပြောင်းရေးစနစ် တစ်ရပ်ပေါ်ထွက်လာမည်ဖြစ်ပါသည်။ အဆိုပါ ကရင်ပြည်နယ် စက်မှုလယ်ယာကူးပြောင်းရေးစီမံကိန်း၌ စက်ကိရိယာများနှင့် ခေတ်မီနည်းစနစ်များ မည်ကဲ့သို့ရယူအသုံးပြုသည်ကိုလည်း စနစ်တကျလေ့လာသုံးသပ်သင့်ပါသည်။ ခြုံ၍တင်ပြရပါက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စက်မှုလယ်ယာသို့ ကူးပြောင်းနိုင်ရန် စနစ်တစ်ရပ်လိုအပ်သည်ဖြစ်၍ အဆိုပါ စနစ်ပေါ်ပေါက် လာရေးအတွက် တာဝန်ရှိသော ပုဂ္ဂိုလ်အဖွဲ့အစည်းများအားလုံး ပူးပေါင်းပါဝင်လက်တွဲ ဆောင်ရွက်ကြပါရန် လေးစားစွာ နှိုးဆော်တင်ပြအပ်ပါသည်။ ။

No comments:

Post a Comment