Wednesday, March 29, 2017

ဒုတိယမြောက်သီတင်းပတ်မှာလည်း ဝင်ငွေအကောင်းဆုံးဖြစ်ခဲ့တဲ့ Beauty and the Beast


Image may contain: 4 people, text
လိုက်ဖ်အက်ရှင်ရုပ်ရှင်အမျိုးအစားဖြစ်တဲ့ ''Beauty and the Beast''ရုပ်ရှင်ဟာ ဒစ်စနေရုပ်ရှင်ထုတ်လုပ်ရေးက ပြန်လည်ဆန်းသစ်ရိုက်ကူးထားတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပြီး စတင်ရုံတင်ခဲ့တဲ့ သီတင်းပတ်အတွင်းမှာသာမက ရုံတင်ခဲ့တဲ့ ဒုတိယမြောက်သီတင်းပတ်အတွင်းမှာလည်း ဝင်ငွေအကောင်းဆုံးရုပ်ရှင်အဖြစ် နံပါတ်တစ်နေရာမှာ ရပ်တည် ထားနိုင်ဆဲဖြစ်ကြောင်း အေ့စ်ရှိုးဘစ်ဇ်ဒေါ့ကွန်းရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မြောက်အမေရိကားမှာ ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်တွေအနက် ''Beauty and the Beast''ရုပ်ရှင်ဟာ ဝင်ငွေအမေရိကန်ဒေါ်လာ ၈၈ ဒသမ ၃ သန်းခန့်ရရှိခဲ့ပြီး ဝင်ငွေအကောင်းဆုံးရုပ်ရှင်အဖြစ် ဆက်လက်ရပ်တည်ခဲ့ပါတယ်။ ၁၉၉ဝ ပြည့်နှစ်အတွင်း ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ ရုပ်သံဖန်တီးမှုရုပ်ရှင်ကို ပြန်လည် ဆန်းသစ်ထားတဲ့ လိုက်ဖ်အက်ရှင် ရုပ်ရှင်သစ်ဟာ စတင်ရုံတင်ခဲ့တဲ့ သီတင်းပတ်အတွင်းမှာလည်း ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဖြစ်ခဲ့တာကြောင့် သီတင်းပတ်နှစ်ပတ်ဆက်တိုက်ဝင်ငွေအကောင်းဆုံးဖြစ်ခဲ့ပါတယ်။ မင်းသား ဒန်စတီဗန်စ်နဲ့ မင်းသမီး အမ်မာဝပ်ဆန်တို့ ခေါင်းဆောင်ပါဝင်ထားတဲ့ ယင်းရုပ်ရှင်ဟာ စတင်ပြသခဲ့သည်မှ ၁ဝ ရက်အတွင်း ကမ္ဘာတစ်ဝန်းမှ ဝင်ငွေအမေရိကန် ဒေါ်လာ ၆၉ဝ ဒသမ ၃ သန်းခန့်ရရှိခဲ့တဲ့ ဝင်ငွေအရ အထူးအောင်မြင်ခဲ့တဲ့ ရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ်။ တေးဂီတကို အသားပေးထားတဲ့ ရုပ်ရှင်သစ်ကို ဟောလိဝုဒ်နာမည်ကျော် ဒါရိုက်တာတစ်ဦးဖြစ်သူ ဘေလ်ကွန်ဒန်က တာဝန်ယူ ရိုက်ကူးပေးခဲ့တာဖြစ်ပြီး ရုပ်ရှင်သမိုင်းတစ်လျှောက် စတင်ပြသခဲ့သည်မှ ၁ဝ ရက်အတွင်း ဝင်ငွေအကောင်းဆုံး သောရုပ်ရှင်တွေရဲ့ စတုတ္ထမြောက်နေရာမှာ ရပ်တည်နိုင်ခဲ့ကြောင်းလည်း သိရပါတယ်။
လူစွမ်းကောင်းရုပ်ရှင်အမျိုးအစားဖြစ်တဲ့ ''Power Rangers''ကတော့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း စတင်ရုံတင်ခဲ့တာဖြစ်ပြီး ဝင်ငွေအကောင်းဆုံးရုပ်ရှင် ၁ဝ ကား အနက် နံပါတ်(၂)နေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။ ယင်းရုပ်ရှင်ကတော့ တစ်ပတ်အတွင်း ဝင်ငွေ အမေရိကန် ဒေါ်လာ ၄ဝ ဒသမ ၅ သန်းခန့်ရရှိခဲ့တာဖြစ်ပေမယ့် မျှော်မှန်းထားတဲ့ ဝင်ငွေထက် သာလွန်ရရှိခဲ့တာဖြစ်တယ် လို့လည်း သိရပါတယ်။
တစ်ပတ်အတွင်း ဝင်ငွေအကောင်းဆုံးရုပ်ရှင်စာရင်းမှာ တတိယနေရာကို သိမ်းပိုက်ထားတဲ့ ရုပ်ရှင်ကတော့ ''Kong: Skull Island''ဖြစ်ပြီး ရုံတင်ခဲ့တဲ့ တတိယမြောက် သီတင်းပတ်အတွင်း ဝင်ငွေအမေရိကန်ဒေါ်လာ ၁၄ ဒသမ ၄ သန်းခန့်ရရှိခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဝင်ငွေအကောင်းဆုံး ရုပ်ရှင် ၁ဝ ကားစာရင်းမှာ ပါဝင်နေတဲ့ အခြားသောရုပ်ရှင် တွေကတော့ ''Life(2017)''၊ ''Logan''၊ ''Get Out''၊ ''CHIPs''၊ ''The Shack''၊ ''The LEGO Batman Movie''နဲ့ ''The Belko Experiment'' တို့ ဖြစ်ကြကြောင်းလည်း သိရပါတယ်။
အေးပြည့် - စုစည်းသည်

No comments:

Post a Comment