Wednesday, March 29, 2017

စွန့်စားမှုထက် ဟာသပိုဆန်မယ့် 'Pirates of the Caribbean' ရုပ်ရှင်သစ်


Image may contain: 1 person, ocean, sky and outdoor
ယခုနှစ်အတွင်း ရုံတင်ပြသသွားဖို့ စီစဉ်ထားတဲ့ မင်းသားဂျွန်နီဒပ်ခေါင်းဆောင်ပါဝင်ထားသော ပင်လယ်ဓားပြကြီး ဂျက်စပဲရိုးအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်သစ်ဟာ ယခင်ထုတ်လွှင့်ပြသခဲ့ပြီးဖြစ်တဲ့ ရုပ်ရှင်တွေနဲ့မတူ တစ်မူထူးခြားနေတာ ဖြစ်ပါတယ်။ မကြာသေးမီက ရုပ်ရှင်သစ်အတွက် အစမ်းဗွီဒီယိုတစ်ခုကို ထုတ်လွှင့်ခဲ့ပြီး ရုပ်ရှင်သစ်ဟာ ယခင်ရုပ်ရှင်တွေမှာ ပါဝင် နေကျစွန့်စားခန်းတွေထက် ဟာသနှောတဲ့ ဇာတ်ဝင်ခန်းတွေ များစွာပါဝင်နေတာကို တွေ့မြင်ခဲ့ရကြောင်း အီးတီအွန် လိုင်းဒေါ့ကွန်းရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အကုန်မှာ ''Pirates of the Caribbean''ရုပ်ရှင်တွေရဲ့ ပဉ္စမမြောက်ရုပ်ရှင်ဖြစ်တဲ့ ''Pirates of the Caribbean: Dead Men Tell No Tales''အတွက် အစမ်းရုပ်ရှင်အသစ်တစ်ခုကို ထုတ်လွှင့် ပြသခဲ့တာဖြစ်ပြီး တစ်မိနစ်ခန့်ကြာမြင့်ခဲ့တဲ့ အစမ်းရုပ်ရှင် မှာတော့ ပင်လယ်ပြင်ကို စိုးမိုးနေတဲ့ ပင်လယ်ဓားပြတွေ အားလုံးကို သုတ်သင်လိုက်ပြီး မသေနိုင်တဲ့သူတစ်ဦးဖြစ်တဲ့ ဂျက်စပဲရိုးရဲ့ ရန်သူဟောင်းကြီး အာမန်ဒိုဆယ်လက်ဇာနဲ့ ဂျက်စပဲရိုးတို့ ထိပ်တိုက်ရင်ဆိုင်ရပုံတွေကို တွေ့မြင်ခဲ့ရပါတယ်။
ဂျက်စပဲရိုးရုပ်ရှင်တွေကို စတင်ရိုက်ကူးခဲ့တဲ့ ၂ဝဝ၃ ခုနှစ်ကတည်းက ထုတ်လုပ်သူတစ်ဦးအဖြစ် တာဝန်ယူခဲ့တဲ့ ဂျာရီဘရွတ်ခ်ဟိုင်းမာက '' Pirates of the Caribbean: Dead Men Tell No Tales''ဟာ နောက်ဆုံးသောရုပ်ရှင် ဖြစ်လာမှာဖြစ်ပြီး ယင်းရုပ်ရှင်မှာ ယခင်ထုတ်လွှင့်ခဲ့ပြီးဖြစ်တဲ့ စွန့်စားခန်းဇာတ်လမ်းတွဲရုပ်ရှင်အတွက် ဘဝသစ်ကို မြည်းစမ်း နိုင်မယ့် အခွင့်အရေးတစ်ရပ်ကို ရရှိမှာဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်းလည်း သိရပါတယ်။
ဆက်လက်ပြီး ဂျာရီက ''ကျွန်တော်တို့ဟာ ယခုရုပ်ရှင် ကို တကယ်ကိုထူးခြားပြီး သစ်လွင်လတ်ဆတ်တဲ့ ခံစားချက် တွေပေးနိုင်အောင်ဖန်တီးချင်ခဲ့တာပါ။ ဒါ့ကြောင့် ကျွန်တော်တို့ ရုပ်ရှင်သစ်အတွက် တာဝန်ယူရိုက်ကူးပေးဖို့ ဒါရိုက်တာအသစ်နှစ်ယောက်ကို ငှားရမ်းခဲ့ပါတယ်။ ဂျိုအာချင်မ်နဲ့ အက်စ်ပန်တို့ဖြစ်ကြပြီး နှစ်ဦးစလုံးဟာ အကယ်ဒမီဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့ကြတဲ့သူတွေ ဖြစ်ကြတယ်။ ပရိသတ်တွေအနေနဲ့ ယခင်က တစ်ခါမှ မရရှိဖူးတဲ့ ခံစားချက်အသစ်တွေကို ပေးစွမ်းနိုင်ဖို့ ဒီလို ငှားခဲ့တာဖြစ်ပါတယ်''လို့လည်း ပြောကြားခဲ့ပါတယ်။
''Pirates of the Caribbean: Dead Men Tell No Tales''မှာတော့ ရသသစ်တွေကို ပေးစွမ်းနိုင်ဖို့ ဇာတ်ကောင်သစ်များစွာကိုလည်း ထည့်သွင်းဖန်တီးထားကြောင်း သိရပါတယ်။ ယခင် ထုတ်လွှင့်ပြသခဲ့တဲ့ အစမ်းရုပ်ရှင်တစ်ခုမှာတော့ ငယ်ရွယ်တဲ့ ဂျက်စပဲရိုးလေးပါဝင်လာတာကို တွေ့မြင်ခဲ့ရပြီး ထဝိတ်စ်၊ ဘာဒန်နဲ့ မင်းသမီးတစ်ဦးဖြစ်တဲ့ ကာယာစကုတ်ဒ်လာရီယိုတို့လည်း အသစ်ပါဝင်သရုပ် ဆောင်ထားကြောင်း သိရပါတယ်။ ဒါ့အပြင် ယခင်ပါဝင် သရုပ်ဆောင်နေကျ အနုပညာရှင်တွေဖြစ်ကြတဲ့ ဂျွန်နီဒပ်၊ ကပ္ပတိန်ဟတ်တာဘာဘိုစာအဖြစ် ပါဝင်သရုပ်ဆောင် ထားတဲ့ ဂျော့ဖရေးရက်ရှ်၊ တတိယမြောက်ရုပ်ရှင်ဖြစ်တဲ့ ''At World's End''မှာ ပျံနေတဲ့ ဒက်ခ်ျသဘောင်္ကြီးကို ဦးဆောင်သူ ဝေးလ်တာနာအဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားအော်လန်ဒိုဘလွန်းတို့လည်း ပါဝင်သရုပ် ဆောင်ထားတာဖြစ်ပါတယ်။
ရုပ်ရှင်သစ် ''Pirates of the Caribbean: Dead Men Tell No Tales'' ကိုတော့ လာမယ့် မေ ၂၆ ရက် မှာ အမေရိကန်နိုင်ငံတစ်ဝန်း စတင်ရုံတင်သွားမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။
အေးပြည့် - စုစည်းသည်

No comments:

Post a Comment