Monday, February 27, 2017

မြန်မာစာအုပ်လောကကို တိုးတက်မြင့်မားစေမည့်Yangon Book Plaza ဖွင့်ပွဲကျင်းပ



ရန်ကုန် ဖေဖော်ဝါရီ ၂၆

Yangon Book Plaza ဖွင့်ပွဲအခမ်း အနားကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန် မြို့ လမ်းမတော်မြို့နယ်ရှိ သံဈေး အဆောက်အအုံငါးလွှာ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်၊ ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့်Yan-gon Book Plaza ဥက္ကဋ္ဌ ဒေါ်သက် သက်နိုင်တို့က အခမ်းအနားကို ဖဲကြိုး ဖြတ်၍ ဖွင့်လှစ်ပေးကြသည်။ 

  ထို့နောက် ဆရာ မောင်သွေးသစ်ကYangon Book Plaza ဖွင့်ပွဲအထိမ်း အမှတ် စာအုပ်တက္ကသိုလ်ကျောင်းဗဟိုကဗျာကို ရွတ်ဆိုသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က စာဖတ်ဝါသနာပါသူ များသည် စာအုပ်ဆိုင်သို့ရောက်ကြ ကြောင်း၊ စာပေသမားသည် စာကြည့် တိုက်နှင့် စာအုပ်ဆိုင်ပတ်ဝန်းကျင်များ ၌သာ ပျော်မွေ့သည့်သဘောရှိကြောင်း၊ နိုင်ငံတကာ စာအုပ်ဆိုင်များနည်းတူ ယခုYangon Book Plaza သည်လည်း အကောင်းဆုံး၊ အပြည့်စုံဆုံးဆိုင်ကြီး တစ်ဆိုင်ဖြစ်သည်ဟု မြင်ပါကြောင်း၊Yangon Book Plaza သည် မြန်မာ စာပေ၊ မြန်မာစာအုပ်လောကကို တစ်ခေတ်ပိုပြီးတိုးတက်မြင့်မားအောင် ဆောင်ရွက်နိုင်ပါစေ၊ မြန်မာစာပေ လောကကို ဒီထက်မကတိုးတက်အောင် မြှင့်တင်ပေးနိုင်ပါစေ၊Yangon Book Plaza အောင်မြင်ပါစေလို့ ဆုမွန်ကောင်း တောင်းပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကYangon Book Plaza ဖွင့်ပွဲအထိမ်းအမှတ် ဂုဏ်ပြု စကား ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန်နှင့်အဖွဲ့သည် စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီးYangon Book Plaza အတွင်း ခင်းကျင်း စီစဉ်ထားမှုများကို လှည့်လည်ကြည့်ရှု ကြသည်။

မြန်မာနိုင်ငံ၏ အကြီးဆုံးနှင့် ပထမဆုံးYangon Book Plazaကို နေ့စဉ် နံနက် ၁ဝ နာရီမှ ည ၉ နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်သွားမည်ဖြစ်သည်။Yangon Book Plaza ၌ ကလေး ကစားကွင်း၊ ကော်ဖီဆိုင်၊ လက်ဆောင် ပစ္စည်းအရောင်းဆိုင်၊ စားသောက်ဆိုင်၊ စာအုပ်မျိုးစုံရောင်းချမည့် စာအုပ်ဆိုင် ကြီးနှစ်ဆိုင်၊ စာပေတိုက် ၃ဝ မှ စာအုပ် ဆိုင်ခန်းများ၊ ဖျော်ဖြေရေးစင်မြင့်များ၊ စာအုပ်အဟောင်း အရောင်းဆိုင်တန်း၊ အင်္ဂလိပ်စာအုပ် သီးသန့်အရောင်းဆိုင် နှင့် စာချစ်သူအများပြည်သူနားနေရန် နေရာများပါရှိသည်။ 

ထို့အပြင်Yangon Book Plaza ကော်မတီက တစ်နှစ်လျှင် လက်ရွေးစင် စာအုပ် ၁၂ အုပ်ကို ရွေးချယ်ကာ စာအုပ် ရေးသားသူ စာရေးဆရာ၊ ဆရာမကြီးများ အား ဂုဏ်ပြုချီးမြှင့်မည်ဖြစ်ကြောင်းနှင့် ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီ ၂၆ ရက်မှ မတ် ၇ ရက်အထိ ဝယ်ယူသော စာအုပ်တန်ဖိုး၏ အနည်းဆုံး ၁ဝ ရာခိုင် နှုန်းမှ ၅ဝ ရာခိုင်နှုန်းထိ လျှော့ဈေးများ ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment