Thursday, February 2, 2017

NL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၄) ကျင်းပမည်



Image may contain: 3 people, people playing sports and outdoor
ရန်ကုန် ဖေဖော်ဝါရီ ၁
၂ဝ၁၇ ရာသီ MNL အမှတ်ပေး ပြိုင်ပွဲ ပွဲစဉ်(၄)ကို ဖေဖော်ဝါရီ ၄ ရက်နှင့် ၅ ရက်တို့တွင် ကျင်းပမည်ဖြစ် ပြီး ထိပ်ဆုံးမှ ရန်ကုန်အသင်းသည် အိမ်ကွင်း၌ လက်ခံကစားမည်ဖြစ်သော်လည်း လက်ရှိချန်ပီယံ ရတနာပုံ အသင်းမှာ အဝေးကွင်းကစားရမည်ဖြစ်သည်။
ပွဲစဉ်(၄)အဖြစ် ဖေဖော်ဝါရီ ၄ ရက် တွင် သုဝဏ္ဏကွင်း၌ ချင်းယူနိုက်တက် အသင်းနှင့် ရှမ်းယူနိုက်တက်အသင်း၊ တောင်ငူကွင်း၌ ဟံသာဝတီအသင်း နှင့် GFA အသင်း၊ ဖေဖော်ဝါရီ ၅ ရက်တွင် ပုသိမ်ကွင်း၌ ဧရာဝတီအသင်း နှင့် ရတနာပုံအသင်း၊ ဝေသာလီကွင်း၌ ရခိုင်အသင်းနှင့် ဇွဲကပင်အသင်း၊ YUSC ကွင်း၌ ရန်ကုန်အသင်းနှင့် Southern အသင်း၊ ဝဏ္ဏသိဒ္ဓိကွင်း၌ နေပြည်တော်အသင်းနှင့် မကွေးအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ပွဲစဉ်(၃)အပြီးတွင် ရန်ကုန်နှင့် ရတနာပုံအသင်းတို့က ခုနစ်မှတ်စီ၊ ဇွဲကပင်နှင့် ရှမ်းယူနိုက်တက်အသင်းတို့က ခြောက်မှတ်စီ၊ ချင်းယူနိုက်တက် နေပြည်တော်နှင့် ဧရာဝတီ အသင်းတို့က လေးမှတ်စီ၊ ရခိုင်အသင်းက သုံးမှတ်၊ ဟံသာဝတီနှင့် Southern အသင်းတို့က နှစ်မှတ်စီ၊ GFA နှင့် မကွေးအသင်းတို့က တစ်မှတ်စီရထားသည်။
ယခုတစ်ပတ်ပွဲစဉ်များတွင် အဓိက ပွဲစဉ်အဖြစ် ဧရာဝတီနှင့် ရတနာပုံ အသင်းတို့တွေ့ဆုံနေပြီး ထိပ်ဆုံးမှ ရန်ကုန်အသင်းကို လိုက်လံဖိအားပေးနိုင်ရန် ယခုပွဲတွင် အမှတ်ပြည့်ရရန် လိုအပ်နေသည်။ ၂ဝ၁၆ ရာသီ တွေ့ဆုံစဉ်က ရတနာပုံအသင်းသည် ဧရာဝတီအသင်းကို အဝေးကွင်းတွင် အနိုင်ကစားထားပြီး ယခုပွဲတွင် ရလဒ်ကောင်းရရှိရန် ကြိုးပမ်းမှာ သေချာသည်။ ဧရာဝတီအသင်းတွင် အမာခံကစားသမားအချို့ ပွဲချော် ဖွယ်ရှိနေပြီး အဓိက ကစားသမားများ မပါနိုင်ပါက ရုန်းကန်ရဖွယ်ရှိနေသည်။ ထိပ်ဆုံးမှ ရန်ကုန်အသင်းသည် နိုင်ပွဲမရသေးသည့် Southern နှင့် ကစားရမည်ဖြစ်ပြီး ဇယားအောက်ဆုံး ရောက်နေသည့် မကွေးအသင်းမှာမူ နေပြည်တော်အသင်းနှင့် အဝေးကွင်းကစားရမည်ဖြစ်သည်။ နာမည်ကြီး ရှမ်းယူနိုက်တက်အသင်းမှာမူ ချင်းယူနိုက်တက်နှင့် ပွဲကျပ်ထပ်မံ ကစားရမည်ဖြစ်သည်။
သတင်းနှင့်ဓာတ်ပုံ ရှိုင်းထက်ဇော်

No comments:

Post a Comment