Thursday, February 2, 2017

မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်လှစ်



Image may contain: 5 people, people standing and crowd
မကွေး ဖေဖော်ဝါရီ ၁
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယ ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် ရင်ပြင်တော်၌ ကျင်းပသည်။
မန်းစက်တော်ရာ ပါဒစေတီတော်ဗုဒ္ဓပူဇနိယပွဲတော်အခမ်းအနားကို မင်္ဂလာမုခ်ဦးရှေ့၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာနှင့် မကွေးမြို့ အမှတ်(၈၈)ခြေမြန် တပ်မဌာနချုပ် ဒုတိယတပ်မမှူး ဗိုလ်မှူးကြီးဝင်းဗိုလ်တို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ယင်းနောက် မကွေးတိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်အမှူးပြုသောအကြီးအကဲများက အောက်စက်တော်ရာ အလင်းပေါက် ဖန်အုပ်ဆောင်တော် နှင့် အထက်စက်တော်ရာ ပါဒစေတီတော်မြတ်တို့ကို ဖွင့်လှစ်၍ ရွှေသင်္ကန်းတော်ဆက်ကပ်ပူဇော်ကာ သံဃာတော်အရှင်သူမြတ်တို့က တံခွန်၊ ကုက္ကားများ ဆက်ကပ်ခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်လှူ ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို အမှူးပြုသော အကြီးအကဲများက မကွေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ သံဃာတော်အရှင်သူမြတ်များကပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်ပေးပြီး တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် လှူဒါန်းမှု အစုစုအတွက် အနုမောဒနာတရား နာယူ၍ ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိတ်ရွတ်ဆို၍ အခမ်းအနားကိုရုပ်သိမ်းကာ ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို ဖေဖော်ဝါရီ ၁ ရက်(၁၃၇၈ခုနှစ် တပို့တွဲလဆန်း ၅ ရက်)မှ ဧပြီ ၁၇ရက် (မြန်မာ နှစ်ဆန်း ၁ ရက်)ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သတင်း-သန်းနိုင်ဦး(ငဖဲ)၊ 
ဓာတ်ပုံ - မေသူလွင်(မကွေးကိုယ်ပွား)

No comments:

Post a Comment