Sunday, February 26, 2017

တို့ရန်ကုန် တို့အိမ်ရာ အနုပညာယဉ်ကျေးမှုပွဲတော် ပြည်တွင်းပြည်ပဧည့်သည်များဖြင့်အထူးစည်ကား



Image may contain: one or more people, crowd and outdoor
ရန်ကုန် ဖေဖော်ဝါရီ ၂၅
တို့ရန်ကုန် တို့အိမ်ရာ အနုပညာယဉ်ကျေးမှုပွဲတော်ကို ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံ၌ ယနေ့ညနေပိုင်းက မြန်မာနိုင်ငံ၏ အနုပညာကဏ္ဍ ဆက်လက်တိုးတက်စေရန်အတွက် ဒုတိယအကြိမ်မြောက် စည်ကားသိုက်မြိုက် စွာပြုလုပ်ရာ ပွဲတော်လာနိုင်ငံခြားသားခရီးသွားဧည့်သည်များနှင့် ပြည်တွင်းမှ လာရောက်ကြည့်ရှုသူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
အဆိုပါပွဲတော်၌ အနုပညာပြကွက်များအနေဖြင့် အနုပညာယဉ်ကျေးမှု တက္ကသိုလ်မှ အနုပညာသင်ကျောင်းသား ကျောင်းသူများ၏ ပြိုင်ပွဲများပါဝင်ပြီး လက်တွေ့ဆွဲပန်းချီကားချပ်များ၊ ခုံးကျော်တံတားများ၊ ရန်ကုန်ပြည်သူ့ဆေးရုံ ကြီးနှင့် အမျိုးသားပြတိုက်၊ သခင်မြပန်းခြံ၊ ဆူးလေခုံးကျော်တံတားတို့၏ ပန်းချီ၊ ဓာတ်ပုံများကို ခင်းကျင်းပြသနေခြင်းဖြစ်သည်။ ကဗျာဆရာကြီးများ၏ ကဗျာရွတ်ဖတ်သံများလည်းပါဝင်ကာ မတ် ၁၂ ရက်ထိ ခင်းကျင်းပြသသွားမည်ဖြစ်သည်။ထို့ပြင် ပန်းခြံအတွင်း အနုပညာပွဲတော်ပြကွက်ဖြစ်သည့် သီးသန့်ထုလုပ်ထားသော လှေနှင့် ပတ္တလားကိုခင်းကျင်းပြသထားပြီး အနုပညာရှင် ၂ဝဝ ၏ လက်ရာ ပန်းချီ၊ ဓာတ်ပုံများကို ခင်းကျင်းပြသခဲ့ကာ ယနေ့ညနေပိုင်းတွင် တာဝန်ရှိသူများက ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ''ဗြိတိန်သံအမတ် ကြီးရဲ့ အားပေးကူညီမှုအပါအဝင် မြန်မာနိုင်ငံမှာရှိတဲ့ လုပ်ငန်းရှင်တွေရဲ့ ဝိုင်းဝန်းပံ့ပိုးကူညီမှုနဲ့ ဒီပွဲကိုဆောင်ရွက်ဖြစ်သွားတာပါ။ ပွဲရဲ့နာမည်ကလည်း ငါတို့မြို့ ငါတို့အိမ်ကို ဘယ်လိုဖွံ့ဖြိုးတိုးတက်အောင် လုပ်ကြမလဲဆိုတဲ့ မေးခွန်း လေးပဲဖြစ်ပါတယ်။ ခုဆိုရင် ဒီအိမ်၊ ဒီအိမ်ရာကို နိုင်ငံသူ နိုင်ငံသားတွေက ဖန်တီးခွင့်ရခဲ့ပါပြီ။ ရန်ကုန်မြို့ကြီး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျွန်တော်တို့ တစ်တွေ ဝိုင်းဝန်းဆောင်ရွက်ကြရမှာပါ။
ဒီနေ့ပွဲဟာ ရန်ကုန်မြို့ကို ရန်ကုန်မြို့သူ မြို့သားများလက်ထဲ ပြန်ထည့် ပေးလိုက်တဲ့ ဒုတိယမြောက်ပွဲပဲဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်မြို့သူ မြို့သားများအနေနဲ့ ရန်ကုန်မြို့ကြီးဖွံ့ဖြိုးတိုးတက်ဖို့ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကာ ဒီပွဲတော်ကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းကြပါလို့ပြောချင်ပါတယ်'' ဟု ယနေ့ညနေ ပိုင်းက ကျင်းပခဲ့သော တို့ရန်ကုန် တို့အိမ်ရာ အနုပညာယဉ်ကျေးမှုပွဲတော် ဖွင့်ပွဲအခမ်းအနား၌ ပြောကြားသည်။
''တို့ရန်ကုန် တို့အိမ်ရာ'' အနုပညာယဉ်ကျေးမှုပွဲတော်မှအနုပညာ ဆိုင်ရာဒါရိုက်တာ ပန်းချီထိန်လင်းက '' ဒီပွဲတော်ကျင်းပရတဲ့ရည်ရွယ် ချက်ကတော့ ရန်ကုန်မြို့ပြနေထိုင်မှုဘဝထင်ဟပ်တဲ့အနုပညာပွဲတော်ပြုလုပ် တာဖြစ်ပြီး ရန်ကုန်မြို့တော်ဟာဆိုရင် အာရှမှာ ရှေးဟောင်းယဉ်ကျေးမှုအမွေ အနှစ်အများဆုံးရှိတဲ့မြို့ပါ။ ပြီးတော့မြို့တော်ရဲ့ယဉ်ကျေးမှုအမွေအနှစ်တွေ နဲ့ခေတ်သစ်အနုပညာပေါင်းစပ်ပြီး ကျွန်တော်တို့မြို့တော်ကို ဘယ်လိုဖြစ်သင့် သလဲ၊ ဘယ်လိုမြို့တော်မျိုးဖြစ်ချင်ကြသလဲဆိုတာ ရန်ကုန်သူ ရန်ကုန်သားတွေကိုယ်တိုင် အနုပညာပြကွက်တွေကတစ်ဆင့်သုံးသပ်မိအောင် ပြုလုပ်ခြင်းဖြစ်ပါတယ်'' ဟုဆိုသည်။
ယနေ့ညနေပိုင်းကကျင်းပခဲ့သောအဆိုပါ ''တို့ရန်ကုန် တို့အိမ်ရာ'' အနုပညာယဉ်ကျေးမှုပွဲတော်ဖွင့်ပွဲအခမ်းအနား၌ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဗြိတိသျှသံအမတ်ကြီးနှင့်ပြည်တွင်းအနုပညာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်း - စိုးဝင်း(MLA)၊ ဓာတ်ပုံ - ခင်မောင်ဝင်း

No comments:

Post a Comment