Monday, February 27, 2017

မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ တိမ်တိုက်၊ စောဒါဝိတ်နှင့် စောမင်းအောင်တို့ အလဲထိုးအနိုင်ရ



Image may contain: 1 person, standing
ရန်ကုန် ဖေဖော်ဝါရီ ၂၆
(၂၉) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအကြို လက်ရည်စစ် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ရိုးရာလက်ဝှေ့အားကစားရုံ၌ ကျင်းပသည်။
ယနေ့ ယှဉ်ပြိုင်သော မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် သုံးချီပွဲ ခြောက်ပွဲနှင့် ငါးချီစိန်ခေါ်ပွဲ လေးပွဲတို့ ပါဝင် ယှဉ်ပြိုင်ကြသည်။
သုံးချီစိန်ခေါ်ပွဲ ပထမပွဲစဉ် ဂျိုကာ(အဖြူရောင် သွေးသစ်)နှင့် ကျားရဲ(A.M.T)တို့ တွဲဆိုင်းတွင် ဂျိုကာနှင့် ကျားရဲတို့ သရေပွဲဖြစ်ခဲ့သည်။ နေလင်းမာန် (Mandalay 1886) နှင့် စောသန့်ဇင်(အဖြူရောင် သွေးသစ်)တို့ပွဲစဉ်တွင် ပထမအချီ ၁ မိနစ် ၅ဝ စက္ကန့်မှာပင် နေလင်းမာန်၏ ခေါင်းတိုက်ဒဏ်ကိုမခံနိုင်သည့် စောသန့်ဇင် လဲကျပြီး အနားတောင်းလိုက်ရသည်။ ပြန်အတည်တွင် ခေါင်းချင်းယှဉ်တိုက်သည့်ဒဏ်မခံနိုင်သည့် စောသန့်ဇင် ဒုတိယအချီမှာပင် နေလင်းမာန်ကို အရှုံးပေးလိုက်ရသည်။အောင်တိုင်းမောင် (Mandalay 1886) နှင့် ဖိုက်တာ (အဖြူရောင်သွေးသစ်)တို့ တွဲဆိုင်း ပွဲချီပြည့်ယှဉ်ပြိုင်သော်လည်း ပူးတွဲသရေဖြစ်ခဲ့သည်။
ပါပါး(ထွန်းသွင်)နှင့် ခွန်အာကာ(Mandalay 1886) တို့ ပွဲစဉ် ပထမအချီစတင်သည်နှင့် နှစ်ဦးစလုံး ပါဝါအပြည့်သုံး ထိုးသတ်ယှဉ်ပြိုင်ကြသည်။ ဒုတိယအချီတွင် ကြံ့ခိုင်မှုစွမ်းရည်ကျလာသည့် ပါပါးအရှုံးဖြင့်ရင်ဆိုင်ခဲ့ရ သည်။ နေဒေါင်း(A.M.T)နှင့် နေသွေး(ရန္တမိတ်)တို့ တွဲဆိုင်း အရှုံးအနိုင်မပေါ်ဘဲ ပူးတွဲသရေကျခဲ့သည်။ ဇာမဏီသွေး(ရန္တမိတ်)နှင့် မျိုးဇော်(အဖြူရောင်သွေးသစ်) တို့ တွဲဆိုင်းတွင် ကြံ့ခိုင်မှုနှင့် သက်လုံလျော့နေသည့် မျိုးဇော် ပထမအချီမှာပင် အနားတောင်းခဲ့ရသည်။ ပွဲစဉ် ပြန်အတည်တွင် ဇာမဏီသွေးကို ယှဉ်ပြိုင်နိုင်စွမ်းမရှိတော့သည့် မျိုးဇော် ဒိုင်ပွဲရပ်ဖြင့်အရှုံးပေးခဲ့ရသည်။
ငါးချီအထူးစိန်ခေါ်ပွဲ ပထမပွဲစဉ် ပတ်ကျော်လင်းနိုင် (တိုက်ဂါး)နှင့် ထူးနေသူ(တောင်ကလေး)တွဲဆိုင်း အချီပြည့် ယှဉ်ပြိုင်သော်လည်း အရှုံးအနိုင်မပေါ်ဘဲ ပူးတွဲသရေ ရလဒ်ဖြင့် ကျေနပ်ခဲ့ရသည်။
တိမ်တိုက်(ထွန်းသွင်)နှင့် ကျန်ကျောင်း(ဗမာ့သွေး)တို့ တွဲဆိုင်း ဒုတိယအချီတွင် တိမ်တိုက်၏ ဘယ်ညာဝိုက် လက်သီးများက ကျန်ကျောင်းကို ချက်ကောင်းထိပြီး လဲကျကာ တိမ်တိုက်ဒုတိယအချီမှာပင် အလဲထိုးအနိုင်ရခဲ့သည်။ မင်းထက်ကျော်(တိုက်ဂါး) နှင့် စောဒါဝိတ် (တောင်ကလေး)တို့တွဲဆိုင်း စတုတ္ထအချီတွင် စောဒါဝိတ် ပါဝါပြင်း ဘယ်ထောက်လက်သီးက မင်းထက်ကျော် အရှိုက်ထိလဲကျကာ အနားတောင်းလိုက်ရသည်။ ပြန်အတည်တွင် စောဒါဝိတ်၏ ဘယ်ညာလက်သီးတွဲလုံးများ ဒဏ်မခံနိုင်တော့ဘဲ မင်းထက်ကျော် အရှုံးပေးခဲ့ရသည်။ ဝမ်းစတား (တိုက်ဂါး) နှင့် စောမင်းအောင် (တောင်ကလေး)တို့ တွဲဆိုင်းတွင် ပထမအချီမှာပင် အနားတောင်းခဲ့ရသည့် ဝမ်းစတားကို ဒုတိယအချီ စက္ကန့် ၅ဝ မှာပင် စောမင်းအောင်က အလဲထိုး အနိုင်ရခဲ့သည်။
ယနေ့ယှဉ်ပြိုင်သော မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် မြန်မာ့လက်ဝှေ့အားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူရှင်များကလှူဒါန်းသော အလှူငွေများနှင့် လက်ဝှေ့အားကစားပစ္စည်းများကို မြန်မာ့ရိုးရာလက်ဝှေ့ အဖွဲ့ချုပ်နှင့် လက်ရွေးစင်အားကစားသမားဟောင်းများအသင်းတို့အား ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။
(အောင်ကျော်ဦး)

No comments:

Post a Comment