Monday, February 27, 2017

ဦးကိုနီနှင့် ဦးနေဝင်းတို့အတွက် အောက်မေ့ဖွယ် အခမ်းအနားကျင်းပ





ရန်ကုန် ဖေဖော်ဝါရီ ၂၆

တရားလွှတ်တော်ရှေ့နေ ဦးကိုနီနှင့် အငှားယာဉ်မောင်း ဦးနေဝင်းတို့အတွက် အောက်မေ့ဖွယ် အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ဗဟန်း မြို့နယ်ရှိ တော်ဝင်နှင်းဆီခန်းမ၌ ကျင်းပ ရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ ကျန်ရစ်သူ နှစ်ဖက်မိသားစုဝင်များကို အားပေးစကားပြောကြားသည်။

ရှေးဦးစွာ အခမ်းအနားမှူးက တရား လွှတ်တော်ရှေ့နေ ဦးကိုနီနှင့် အငှား ယာဉ်မောင်း ဦးနေဝင်းတို့၏ ကိုယ်ရေး အကျဉ်းကို ဖတ်ကြားသည်။

ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဦးကိုနီသည် ဥပဒေအထောက်အကူပြု အဖွဲ့ထဲတွင် ပါဝင်ခဲ့ခြင်းမှာ ယုံကြည်ချက်နှင့် တရား ဥပဒေစိုးမိုးရေးအတွက် တက်တက်ကြွကြွတတ်နိုင်သလောက် ပါဝင်ကူညီခဲ့သူ ဖြစ်ပါကြောင်း၊ မိမိတို့သည် ဦးကိုနီအား ရဲဘော်ရဲဘက် တစ်ယောက်အနေဖြင့် ရော၊ ဥပဒေပညာရှင်တစ်ယောက်အနေ ဖြင့်ပါ အင်မတန်မှ လေးစားပါကြောင်း၊ တန်ဖိုးထားပါကြောင်း၊ အလားတူ ပုဂ္ဂိုလ်မျိုး များများရှိမှသာ မိမိတို့နိုင်ငံ တွင် ကိုယ်လုပ်ချင်သည့်ကိစ္စကို တရား
ဥပဒေဘောင်အတွင်းမှ လုပ်သည် ဆိုသည့် အစဉ်အလာခိုင်မြဲသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့ပြင် ''အပြစ်တစ်ခုကျူးလွန် ပြီးတော့ အလွတ်ရုန်းသွားမယ့်သူကို ဖမ်းတယ်ဆိုတာ သူ့ကို မုန်းလို့ မဟုတ်ဘူး။ ဒီလိုအပြစ်တွေကို ကျူးလွန်ချင်တိုင်း ကျူးလွန်လို့မရဘူး။ ကိုယ်မလုပ်သင့်တဲ့၊ မလုပ်ထိုက်တဲ့ကိစ္စတွေ၊ ရာဇဝတ်မှုတွေ၊ အပြစ်တွေ၊ သူတစ်ပါးကို ထိပါးစေတဲ့ အလုပ်တွေကို လုပ်ချင်တိုင်းလုပ်ပြီး လွတ်လွတ်လပ်လပ်နဲ့ ပြေးချင်တိုင်း ပြေးလို့ရတယ်ဆိုတာ ဒါမဖြစ်သင့်ဘူး။ တရားဥပဒေစိုးမိုးတဲ့ အသိုင်းအဝိုင်းမှာ ဒါမျိုးဟာ မဖြစ်သင့်ဘူးဆိုတဲ့ ယုံကြည် ချက်နဲ့ ဦးနေဝင်းက လုပ်တယ်လို့ ကျွန်မ ယုံကြည်တယ်''ဟု ပြောကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လူသားတိုင်းသည် အခြေခံအားဖြင့် စိတ်ချမ်းသာချင်ကြောင်း၊ လူကျန်းမာ ချင်ကြောင်း၊ ကိုယ်မကျန်းမာလျှင် စိတ်ချမ်းသာရန်ခက်ကြောင်း၊ ကိုယ် ကျန်းမာသော်လည်း ပူပင်သောကများ နေလျှင်၊ စိတ်လုံခြုံမှုမရှိဘူးဆိုလျှင်၊ ကိုယ့်ပတ်ဝန်းကျင်တွင် လုံခြုံမှုမရှိဘူး ဆိုလျှင်၊ အေးငြိမ်းမှုမရှိဘူးဆိုလျှင် စိတ်လည်း မချမ်းသာပါကြောင်း၊ နိုင်ငံသူ နိုင်ငံသားအားလုံး၊ မိမိတို့နိုင်ငံတွင် မှီတင်းနေထိုင်သူများအားလုံး ကျန်းမာ ရန်၊ ချမ်းသာရန်ဆိုသည့် ရည်ရွယ်ချက် သည် မိမိတို့၏မူဖြစ်ပါကြောင်း၊ လူသား များအတွက် ရည်ရွယ်ချက်၊ ယုံကြည် ချက် ဖြစ်ပါကြောင်း ပြောကြား သည်။

နိုင်ငံတစ်နိုင်ငံ၏ သမိုင်းအတွက်၊ အစိုးရတစ်ခုအတွက် ၁ဝ လ၊ တစ်နှစ် ဆိုသည်မှာ ဘာမျှမဟုတ်ပါကြောင်း၊ ကာလတိုသာရှိပါသေးကြောင်း၊ ဒီလို ကာလတိုလေးအတွင်း မိမိတို့ ဘာကျေနပ် ဖွယ်ရာတွေရှိခဲ့သလဲဆိုလျှင် ကျေနပ်ဖွယ် ရာများအသီးသီးရှိပါကြောင်း၊ ထိုကျေနပ် စရာများထဲတွင် မိမိတို့၏ အဖွဲ့ချုပ်ထဲ တွင် ဦးကိုနီ၊ ဦးနေဝင်းတို့လို ပုဂ္ဂိုလ်များ ပါခဲ့သည်မှာလည်း မိမိတို့အတွက် အင်မတန်ကျေနပ်စရာတစ်ခု၊ ဂုဏ်ယူ စရာ ကိစ္စတစ်ခု ဖြစ်ပါကြောင်း၊ မိမိတို့ အနေဖြင့် ဘယ်တော့မှ မမေ့ပါကြောင်း၊ မိမိတို့လုပ်သင့်လုပ်ထိုက်သည်ကို မလုပ် ရဲသေးသည့်အချိန်မှာ၊ မလုပ်သင့်မလုပ် ထိုက်တာကို ကြောက်လို့ မလွန်ဆန် ရဲသည့်အချိန်မှာ မိမိတို့အဖွဲ့ချုပ်၏ အဖွဲ့ဝင်များထဲမှ အာဇာနည်သူရဲကောင်း များ၊ နိုင်ငံသားကောင်းများ ရှိခဲ့သည်ဆို သည့်အသိကို အမြဲအောက်မေ့ပြီး အင်အားဖြစ်ကြပါစို့လို့ ဆန္ဒပြုပါ ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောကြားသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ကျန်ရစ်သူ နှစ်ဖက်မိသားစု ဝင်များနှင့် သီးသန့်တွေ့ဆုံပြီး အားပေး စကားပြောကြားသည်။

ယနေ့ကျင်းပသည့် အောက်မေ့ဖွယ် အခမ်းအနားသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နာယက သူရဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင်များဖြစ်ကြသော ဦးဝင်းထိန်၊ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးကိုနီ၏ ကျန်ရစ်သူမိသားစုဝင်များ၊ ဦးနေဝင်း၏ ကျန်ရစ်သူမိသားစုဝင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် များ၊ အရပ်ဘက်အဖွဲ့အစည်းများမှ ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။
ဇော်ဇော်ကြီး

No comments:

Post a Comment