Monday, February 27, 2017

ကြက်ဥ၊ ကြက်သားနှင့် ကြက်ငှက်တုပ်ကွေး

မြန်မာ့အလင်းအယ်ဒီတာအာဘော်

ကြက်ငှက်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနက အသိပေးနှိုးဆော်ချက်တစ်ရပ် ထုတ်ပြန်ထားပြီးဖြစ်သည်။ မိမိ တို့၏အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်သော တရုတ်နိုင်ငံတွင် ယခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလ ၂ဝ ရက်နေ့အထိကာလအတွင်း လူ ၂၅၉ ဦးတွင် ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ပိုး(H7 N9) ဖြစ်ပွားခဲ့ရာ ၈၈ ဦး သေဆုံးခဲ့ကြောင်းသတင်းထုတ်ပြန်ထားခဲ့သဖြင့် ပြည်တွင်းသို့ဝင်ရောက် ကူးစက်မလာစေရေးအတွက် ယင်းသို့ အသိပေးနှိုးဆော်ခဲ့ခြင်းလည်း ဖြစ်သည်။

ကြက်ငှက်တုပ်ကွေးရောဂါ လူအများထံသို့ကူးစက်ရာတွင် ယင်း ရောဂါဖြစ်ပွားစေသော H7N9 ခေါ် ဗိုင်းရပ်စ်ပိုးက ကြက်နှင့် ကြက်ထွက်ပစ္စည်းများ၊ ၄င်းတို့နှင့်ထိစပ်နေသော ပတ်ဝန်းကျင်တို့မှ တစ်ဆင့် ကူးစက်ခြင်းဖြစ်သည်။ ယင်းသို့သော အခြေအနေတွင် ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ပြန့်ပွားကာ လူအများအပြား သေဆုံးမှုဖြစ်ပေါ်နေသည့် နေရာဒေသမှ ကြက်သား၊ ကြက်ဥအပါအဝင် ကြက်၊ ဘဲတို့မှ ထွက်ကုန်ပစ္စည်းများကို ရှင်းလင်းဖယ်ရှားပစ်ရမည့် အစား နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် မိမိတို့ပြည်တွင်းဈေးကွက် များသို့ရောက်အောင် ဝိသမလောဘသမားတို့က တင်သွင်းလျက် ရှိကြောင်း သတင်းများထွက်ပေါ်လာခြင်းဖြစ်သည်။

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၌ကြက်၊ ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိသေးသော်လည်း တရုတ်နိုင်ငံနှင့်ထိစပ်နေသည့် နယ်စပ် ဒေသများရှိ စစ်ဆေးရေးစခန်းများတွင် ကြက်၊ ဘဲနှင့် ကြက်ထွက်ပစ္စည်း များတင်သွင်းမှုများကို စစ်ဆေးနေပြီး ကူးစက်ရောဂါကာကွယ်ရေး အဖွဲ့နှင့် စစ်ဆေးရေးအဖွဲ့များကလည်း ရှမ်းပြည်နယ် မူဆယ်ဒေသသို့ ကွင်းဆင်း၍ ရောဂါဆိုင်ရာစူးစမ်းလေ့လာမှုများ ဆောင်ရွက်လျက်ရှိ ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ အသိပေးနှိုးဆော်ချက် တွင် ဖော်ပြထားသည်။

ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေးအတွက် ကြက်ခြံ၊ ငုံးခြံများတွင် ဇီဝလုံခြုံမှုဆိုင်ရာမြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်၊ အသား၊ ဥစသည်တို့ကို သေချာစွာချက်ပြုတ်ပြီးမှ စားသုံးရန်နှင့် ကြက်ငှက်များပုံမှန်မဟုတ်ဘဲ ရုတ်တရက်သေဆုံးပါကနီးစပ်ရာအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြန်မာ နိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ထံသို့ ချက်ချင်းသတင်းပို့ရန် စသည့် အချက်အလက်များအပါအဝင် စုစုပေါင်းအချက် (၈)ချက်ကို စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက ထုတ်ပြန်ကာ အသိပေးနှိုးဆော်ထားသည်။

ကြက်ဥ၊ ကြက်သားစသည်တို့မှာ ပြည်တွင်း၌ နေ့စဉ်စားသုံးမှု များပြားသည့်အလျောက် နယ်စပ်ဒေသများမှ တရားမဝင်နည်း လမ်းမျိုးစုံဖြင့် ဝင်ရောက်လာမည့် ကြက်သား၊ ကြက်ဥအပါအဝင် မွေးမြူရေးထွက်ကုန်ပစ္စည်းများက စားသုံးသူပြည်သူများအတွက် ကူးစက်ရောဂါအန္တရာယ်သယ်ဆောင်လာနိုင်သည့်အပြင် စီးပွားရေး ဈေးကွက်အရလည်း ပြည်တွင်းမွေးမြူရေးလုပ်ငန်းရှင်များကို ထိခိုက်စေ နိုင်မည်ဖြစ်ရာ နိုင်ငံနှင့်ပြည်သူများအတွက် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ် မလာစေရန် ကြိုတင်ကာကွယ်တားဆီးမှုများ ပြုလုပ်ကြရမည်ဖြစ်သည်။ တစ်ဖက်တွင်လည်း ပြည်တွင်းရှိ ကြက်ဥ၊ ကြက်သားလက်လီလက်ကား ဈေးကွက်များ၌ တရားမဝင် ကြက်ဥ၊ ကြက်သားများရောင်းချမှုမရှိစေရေး နှင့် ကြက်ငှက်တုပ်ကွေးကင်းစင်ရေးအတွက် လိုအပ်သောစစ်ဆေးမှုများ ပြုကာ စားသုံးသူပြည်သူများကို ကာကွယ်ပေးရန်လည်း လိုအပ်မည်ဟု တိုက်တွန်းလိုပါကြောင်း။ ။

No comments:

Post a Comment