Monday, February 27, 2017

ကျေးရွာအရောက် ကားလမ်းပေါက်၍ လူနေမှုဘဝ မြင့်မားတော့မည်



မိုးလွင်ဦး(လွိုင်လင်)
တောင်ပတ်လည်ဝန်းရံထားပြီး ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၄၄၄၇ ပေတွင် တည်ရှိသည့် ရှမ်းပြည်နယ်(တောင်ပိုင်း)မှ လွိုင်လင်မြို့နယ်သည် ပင်လုံမြို့၊ မိုင်းပွန်မြို့တို့ဖြင့် ဖွဲ့စည်းထားလျက်ရှိသည်။ လွိုင်လင်မြို့နယ်တွင် ကျေးရွာအုပ်စု ၁၉ စု၊ ကျေးရွာပေါင်း ၃ဝ၅ ရွာရှိပြီး ပအိုဝ်းတိုင်းရင်းသားများနေထိုင်ကြသည်။
တောင်ပေါ်ဒေသဖြစ်သော်လည်း မြို့နယ်အတွင်းရှိ ကျေးရွာအချို့မှာ လမ်းပန်းဆက်သွယ်ရေးဝေးလံခက်ခဲကြပြီး အချို့ကျေးရွာများမှာ လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်သည်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ကျေးရွာများကို မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လမ်းတံတားများဖောက်လုပ်ပေးရန် နှစ်စဉ် လွှတ်တော်ရန်ပုံငွေ၊ ဌာနရန်ပုံငွေ များတောင်းခံ၍ ဦးစားပေးရွာများကို ဆောင်ရွက်ပေးလျက်ရှိသည်။ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် အိမ်ခစ်-နောင်ဟူး မြေသားလမ်း ၁ ဒသမ ၄ မိုင်ကို ခွင့်ပြုငွေကျပ် ၃၁ ဒသမ ၁၇၆ သန်းဖြင့် Dragon Power Light Co.,Ltd. က လည်းကောင်း၊ စံဖူးကျေးလက်ကျောက်ချောလမ်းတစ်မိုင်ကို ခွင့်ပြုငွေကျပ် ၇၁ ဒသမ ၅၇၃ သန်းဖြင့် ရှမ်းချယ်ရီတောင်တန်းကုမ္ပဏီတို့က လည်းကောင်း ဆောင်ရွက်လျက်ရှိကြောင်း ကျေးလက်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
အိမ်ခစ်ကျေးရွာသည် လွိုင်လင်မြို့၏ အနောက်မြောက်ဘက်တွင် တည်ရှိပြီး လွိုင်လင်မြို့နှင့် ကားလမ်းအတိုင်းသွားပါက ကတ္တရာလမ်း သုံးမိုင်၊ ကျောက်ချောလမ်း လေးမိုင်ခန့်နှင့် ယခုဖောက်လုပ်ထားသည့် မြေသားလမ်း ၁ ဒသမ ၄ မိုင် စုစုပေါင်း ရှစ်မိုင်ခန့်ကွာဝေးသည်။ အိမ်ခစ်-နောင်ဟူး မြေသား လမ်း ၁ ဒသမ ၄ မိုင်ကို ခွင့်ပြုငွေကျပ် ၃၁ ဒသမ ၁၇၆ သန်းဖြင့် Dragon Power Light Co.,Ltd. က တာဝန်ယူဆောင်ရွက်နေကြောင်း၊ တောင်တက်လမ်းဖြစ်ကာ လမ်းအကျယ် ၂၅ ပေအထိ ဖောက်လုပ်နေကြောင်း ကျေးလက် ဦးစီးဌာနမှ သိရသည်။ လက်ရှိအခြေအနေတွင် လုပ်ငန်းခွင်ဝင်နေသည့် စက်ယန္တရားများ၊ ကျေးလက်ပြည်သူများ၏ မော်တော်ဆိုင်ကယ်များ ဥဒဟိုသွား နေသည်ကို မြင်တွေ့ခဲ့ရသည်။
အိမ်ခစ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းလှိုင်နှင့်တွေ့ဆုံစဉ် သိလိုသည်များကို စေ့ငုကြည့်ရာ ''ကျွန်တော်တို့ရွာမှာ လက်ဖက်စိုက်ပျိုးရေးလုပ်ငန်းက အဓိကဖြစ်ပါတယ်။ အရင်တုန်းက ကျွန်တော်တို့ရွာကနေ မြို့ကိုသွားဖို့ ခြေကျင် လျှောက်ရပါတယ်။ ဆိုင်ကယ်နဲ့သွားဖို့လည်းခက်တယ်။ ဆိုင်ကယ်သွားနိုင်အောင် ကျွန်တော်တို့တွေ လူအားနဲ့ သုံးနှစ်ဆက်တိုက် ဖောက်လုပ်ခဲ့ရပါတယ်။ အခုတော့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လမ်းဖောက်ပေးလို့ ကျေးဇူးတင်ပါတယ်။ အခုဆိုရင် ရွာထဲအထိ ကားသွားလာလို့ရနေပြီ။ ဆက်သွယ်ရေးကလည်း MPT နဲ့ ဖုန်းပြောလို့ရပြီ။ ကျန်းမာရေးကတော့ ကျေးလက်ဆေး ပေးခန်းမရှိသေးလို့ ခေါင်းနွဲ့ကျေးလက်ဆေးခန်းနဲ့ လွိုင်လင်ဆေးရုံတွေမှာပဲ သွားရောက်ကုသနေရပါတယ်။ မီးကတော့ ကိုယ့်အားကိုယ်ကိုး ဆိုလာပြားနဲ့ ပဲထွန်းပြီး သောက်သုံးရေကတော့ စိမ့်စမ်းရေနဲ့ မိုးရေကိုသုံးရပါတယ်။ ရွာမှာတော့ မူလတန်းကျောင်း တစ်ကျောင်းရှိပြီး ကျောင်းသားကတော့ ၈ဝ ရှိပါတယ်။ လက်ရှိအခြေအနေမှာ စာသင်ခန်းမလုံလောက်ဘူး။ ဆရာမကတော့ ခုနစ်ဦးရှိပါတယ်။ ကျောင်းဆောင်ကတော့ ဝါးနဲ့တိုင်ထူပြီး မိုးကာအုပ်ထားရပါတယ်။ မူလွန်ကျောင်းဖြစ်ဖို့ တင်ပြထားတယ်။ အခုထိ မရသေးပါဘူး။ လက်ဖက်စိုက်ပျိုးတဲ့အတွက် ရရှိတဲ့လက်ဖက်ခြောက်ကို လွိုင်လင်မှာ သွားသွင်းရတယ်။ လက်ဖက်စိုကတော့ လွိုင်လင်မှာ အဝယ်ဒိုင်မရှိလို့ ပင်လုံမှာသွားသွင်းရတယ်။ နှစ်ရှည်ပင်အနေနဲ့ ထောပတ်စိုက်ပျိုးထားပါတယ်။ ကျွန်တော်တို့ရွာနဲ့ အနီးအနားကရွာတွေလည်း ဒီလမ်းကိုပဲ အသုံးပြုလာကြတာပါ။ ဆက်လက် ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်''ဆိုသည်။
ကားလမ်းပေါက်ခဲ့ပြီဖြစ်သည့် အိမ်ခစ်ကျေးရွာသည် ယခင်ကဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့သော်လည်း ယနေ့ခေတ်အခြေအနေတွင် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပြီး လူနေမှုဘဝလည်း တိုးတက်မြင့်မားလာတော့မည်ဖြစ်ပါကြောင်း တင်ပြလိုက်ပါသည်။

No comments:

Post a Comment