Thursday, February 2, 2017

အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု၏ အတွေးအခေါ်များ



မြန်မာ့အလင်း အယ်ဒီတာ့အာဘော်


တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏     ပြောကြားချက်များသည်    အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုကြီးတွင် ပြည်ထောင်စုသား တိုင်းရင်းသား အားလုံး ခံယူကျင့်သုံးထိုက်သည့် သဘောထားများဟု ယုံကြည်ပါသည်။ အရေအတွက်များသော တိုင်းရင်းသားများမှ လူနည်းစုနှင့် လူမျိုးစုငယ် များ၏ ဘာသာစကားနှင့် ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာများအား မပျောက်ကွယ်အောင်  စောင့်ရှောက်ရမည့် ကြီးလေးသည့်တာဝန်ရှိပါ ကြောင်းဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့ခြင်းသည် နိုင်ငံတော်တွင် နှစ်ပေါင်းများစွာ မင်းမူခဲ့ သော အတွေးအခေါ်ဟောင်းတစ်ရပ်ကို တွန်းလှန်လိုက်ခြင်းဖြစ်ပါသည်။

အဆိုပါ အတွေးအခေါ်ဟောင်းမှာ တိုင်းရင်းသားလူနည်းစုတို့၏ ဘာသာ စကားနှင့် ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာများ အားကောင်း လာခြင်းသည် ပြည်ထောင်စုမှ ခွဲထွက်ရေးကို အားပေးအားမြှောက် ဖြစ်စေသည်ဟူသော  အယူအဆဖြစ်ပါသည်။  နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်  ချပြလိုက်သည့်  အတွေးအခေါ်မှာ လူများစုက   လူနည်းစုတိုင်းရင်းသားလူမျိုးတို့၏  ဘာသာစကားနှင့် ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာများအား   ကာကွယ်စောင့်ရှောက်ခြင်း သည်   ညီနောင်သားချင်းစိတ်ဓာတ်ကို   တိုးပွားစေ၍  ဖက်ဒရယ် ပြည်ထောင်စု၏အုတ်မြစ်ကို ခိုင်မာစေသည်ဟူသော သဘောပင်ဖြစ်ပါ သည်။  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်၏ အတွေးအခေါ်သည်   လောကပါလတရားတို့ကို  ထွန်းကားစေမည့် အတွေးအခေါ်အဖြစ် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

အခွင့်အရေးနှင့်တာဝန်ကို   ဒွန်တွဲပြီး  တူညီသောတန်ဖိုးထားမှ မိမိတို့၏   လူ့အသိုက်အဝန်းသည်    တိုးတက်နိုင်မည်ဖြစ်ပါကြောင်း ဟူသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ခံယူချက်သည် အလေးအနက် နှလုံးသွင်းခံယူရမည့် သဘောထားဟု ယူဆပါသည်။    အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကို    ပုံဖော်ရာ၌ ပြည်ထောင်စုသားအားလုံးက   မိမိတို့ရယူလိုသည့်   အခွင့်အရေးကို မိမိတို့က  ပြန်လည်ဖော်ဆောင်ရမည့်  ပြည်ထောင်စုအပေါ်  တာဝန် ဝတ္တရားတို့ကို ချိန်ထိုးယှဉ်တွဲစဉ်းစားမှသာလျှင် လက်တွေ့ကျ၍ မျှတ သည့် ချဉ်းကပ်ပုံတို့ ပေါ်ထွက်လာမည်ဖြစ်ပါသည်။ မတူကွဲပြားသော တိုင်းရင်းသားလူမျိုးတို့၏ အခွင့်အရေးများ မျှမျှတတ တန်းတူရည်တူ ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် ပြည်ထောင်စုသားတိုင်းသည် ပွင့်လင်းသောသဘောထားဖြင့် အခြားသူများ၏ ဆွေးနွေးပြောကြား ချက်များကို  နားလည်လက်ခံစဉ်းစားပေးရန်   လိုအပ်သည်ဟူသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏   ပြောကြားချက်သည်  အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု၏ အခြေခံအုတ်မြစ်သဘောထားဖြစ်ပါသည်။

တရားဥပဒေစိုးမိုးရေးသည် မိမိတို့တစ်နိုင်ငံလုံးရှိ ပြည်သူ ပြည်သား များကို အကျိုးဖြစ်စေမည့် ဥပဒေများနှင့် ကာကွယ်လွှမ်းမိုးထားခြင်း ဖြစ်သည်၊ ဖိနှိပ်ချုပ်ချယ်ခြင်းမဟုတ်ဟူသော နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်၏  ပြောကြားချက်သည်  အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု၏  ဥပဒေဆိုင်ရာ   အခြေခံသဘောထားဖြစ် ကြောင်း လေးစားစွာ ကောက်နုတ်တင်ပြအပ်ပါသည်။       ။

No comments:

Post a Comment