Sunday, February 26, 2017

ဥပဒေပညာရှင် ပါမောက္ခ ဒေါက်တာတင်အောင်အေး ထွန်းဖောင်ဒေးရှင်းစာပေဆုချီးမြှင့်ငွေကို နှင်းဆီကုန်းဘိုးဘွားရိပ်သာသို့ လှူဒါန်း



ရန်ကုန် ဖေဖော်ဝါရီ ၂၅

(၁၁)ကြိမ်မြောက် ထွန်းဖောင်ဒေးရှင်းစာပေဆု(၂ဝ၁၆)ဆုပေး ပွဲတွင် သုတပဒေသာ(အင်္ဂလိပ်)ဘာသာရပ်၌ “Constitutions and Constitutional Courts of the Nations ” စာအုပ် ဖြင့် စာပေဆုရရှိသူ ဥပဒေပညာရှင် ပါမောက္ခ ဒေါက်တာ တင်အောင်အေးက အဆိုပါဆုချီးမြှင့်ငွေအား ရန်ကုန်မြို့ ဗဟန်း မြို့နယ် နှင်းဆီကုန်းဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအတွက် ယနေ့ နံနက်ပိုင်းက လာရောက်လှူဒါန်းသည်။ 

 ထွန်းဖောင်ဒေးရှင်းစာပေဆုချီးမြှင့်ငွေအား ပဒေသာပင် အလှူငွေကျပ် ၁၂ သိန်းနှင့် အာဟာရဒါန ကျွေးမွေးခြင်း အလှူတော်မင်္ဂလာပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 

 ''စာရေးသက် နှစ် ၆ဝ ကျော်အတွင်း ကျမ်းကြီးပေါင်း ၂ဝ ကျော် ရေးသားပြီးပါပြီ။ စာပေခရီးစဉ်တစ်လျှောက် ၁၉၈၆ ခုနှစ် က စာပေဗိမာန်စာမူဆု၊ ၂ဝဝ၆ ခုနှစ်က ဆရာဝန်တင်ရွှေဆု၊ အခု ၂ဝ၁၆ ခုနှစ် ထွန်းဖောင်ဒေးရှင်းစာပေဆု အပါအဝင် သုံးဆုရခဲ့ပါတယ်။ အခုက ထွန်းဖောင်ဒေးရှင်းက ချီးမြှင့်တဲ့ ဆုငွေကို ဘိုးဘွားရိပ်သာပဒေသာပင်အဖြစ် လှူဒါန်းတာပါ။ သူငယ်ချင်းမိတ်ဆွေတွေကိုလည်း ဖိတ်ကြားပြီး တွေ့ဆုံခဲ့ပါ တယ်'' ဟု ပါမောက္ခ ဒေါက်တာတင်အောင်အေးက ပြောကြား သည်။

 အလားတူ နှင်းဆီကုန်းဘိုးဘွားရိပ်သာ၏ စေတနာ့ဝန်ထမ်း များအား နှစ်စဉ် ပုံမှန်ဂုဏ်ပြုသည့်အခမ်းအနားကိုလည်း မွန်းလွဲပိုင်းတွင် ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။ 

 နှင်းဆီကုန်းဘိုးဘွားရိပ်သာကို ၁၉၃၃ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် စတင်တည်ထောင်ခဲ့ရာ ယခုအချိန်တွင် ၈၄ နှစ် တိုင်ခဲ့ ပြီဖြစ်ပြီး လက်ရှိအချိန်တွင် အဘိုး ၅၈ ဦး၊ အဘွား ၁၂၅ ဦး စုစုပေါင်းဦးရေ ၁၈၃ ဦးရှိသည်။

 နှင်းဆီကုန်းဘိုးဘွားရိပ်သာသို့ ရာသက်ပန်အလှူရှင်များ နှင့် ပြင်ပအလှူရှင်များ လာရောက်လှူဒါန်းလျက်ရှိရာ လှူဒါန်း လိုသူများသည် အမှတ်(၂၁) က္ဘာအေးဘုရားလမ်း ဗဟန်း မြို့နယ် ရန်ကုန်မြို့နှင့် ဖုန်း -၅၄၁၇၉၆၊ ၅၄၁၇၉၇၊ လိုင်းခွဲ - ၄ဝ၇/ ၄ဝ၈ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
သတင်း-မြတ်စန္ဒီ
ဓာတ်ပုံ - ရဲထွဋ်

No comments:

Post a Comment