Wednesday, February 1, 2017

ပါယက်မှားခဲ့သလား


Image may contain: one or more people and people standing
(ရွိုင်ယန်ဟေဒင်)
ပါယက်က လန်ဒန်မြို့ကနေ ပြင်သစ်နိုင်ငံတောင်ပိုင်း မာဆေးလ်မြို့ကို သီးသန့်လေယာဉ်နဲ့ သွားရောက်ပြီး ဆေးစစ်မှုခံယူ၊ လေးနှစ်ခွဲစာချုပ် လက်မှတ်ရေးထိုးစတဲ့ လုပ်ငန်းစဉ်တွေကို တစ်ပြိုင်နက်တည်း ဆောင်ရွက်ပြီးနောက် ဝက်စ်ဟမ်းအသင်းကို ကျောခိုင်းခဲ့ပါတယ်။ ဝက်စ်ဟမ်းအသင်းက ၂ဝ၁၅ ခုနှစ် ဇူလိုင်လမှာ ပါယက် ကို မာဆေးလ်ကနေ ပေါင် ၁ဝ ဒသမ ၇ သန်းနဲ့ ဝယ်ယူခဲ့ပြီး ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလမှာ ပေါင်၂၅ သန်းနဲ့ ပြန်ထုတ်ရောင်းခဲ့တာကြောင့် တစ်နှစ်ကျော် အတွင်းပေါင် ၁၃ သန်းကျော် အမြတ်အစွန်းရရှိခဲ့ပါတယ်။
ပါယက်က မာဆေးလ်အသင်းကို ပေါင်၂၅ သန်းနဲ့ ပြောင်းရွှေ့သွားပြီးနောက် ဝက်စ်ဟမ်းနည်းပြ ဘီလစ်က ဒီကိစ္စရပ်အပေါ် မှား၏၊ မှန်၏ သူအဖြေထုတ်မှာ မဟုတ်ဘူးလို့ ခပ်ပြတ်ပြတ်ပဲ တုံ့ပြန်ခဲ့ပါတယ်။ ပါယက် ကတော့ သူဟာ ရည်ရွယ်ထားတဲ့အတိုင်းဆောင်ရွက် ခဲ့တာဖြစ်ပြီး ဒီအတွက် အကောင်းအဆိုးကို ပြန်လည် ဆန်းစစ်မှာ မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။ ဒါ့အပြင် ပါယက်က ဝက်စ်ဟမ်း ပရိသတ်တွေနောက်ပိုင်း သူ့အပေါ် ဘယ်လိုပင် တုံ့ပြန်ပါစေ၊ ကလပ်အသင်းအပေါ် ချစ်ခင်စိတ်အပြည့်နဲ့ အားပေးတာကိုတော့ အမြဲသတိရ နေမှာဖြစ်တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။
တွဲဖက်အသင်းပိုင်းရှင် ဒေးဗစ်ဆူလီဘန်က ပါယက် ရဲ့ လုပ်ရပ်အတွက် အစောပိုင်းက ဒေါသထွက်ခဲ့ပေမယ့် ခုတော့ ပါယက်ကို အသင်းတာဝန်ရှိသူတွေက အလိုရှိခဲ့ ကြပေမယ့် အသင်းဖော်တွေကတော့ ထွက်ခွာသွားစေချင် ခဲ့ကြတယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။ ဆူလီဘန်က ''သူ (ပါယက်)ကဘယ်အသင်းဖော်ကိုမှ စကားမပြောခဲ့ရဘူး။အခန်းထောင့်မှာ တစ်ယောက်တည်း အထီးကျန်စွာ ထိုင်နေရပါတယ်။ သူက ပွဲတစ်ပွဲမစတင်မီ အသင်းဖော် တွေကို ရွှင်ရွှင်လန်းလန်းနဲ့ လက်ဆွဲနှုတ်ဆက်တာမျိုး၊ဆပ်ပြာပူဖောင်းတွေနဲ့ လိုက်စတာမျိုး လုပ်ခဲ့ပေမယ့် ဘာတုံ့ပြန်မှုမှ မရခဲ့ပါဘူး။ အားလုံးက သူ့ကို အသင်း ကနေ ထွက်သွားစေချင်ကြတယ်။
နည်းပြကလည်း ဒီလိုပါ ပဲ။ ကျွန်တော်တို့ကတော့ အသင်းသားတွေ စုစုစည်းစည်း နဲ့ ဖြစ်တာကို မြင်ချင်ကြသလို သူ့ကိုလည်း အသင်းမှာ ဆက်ရှိနေစေချင်ပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။ ဒီလို သုံးပွင့်ဆိုင်ပြောကြားခဲ့တာကို ထောက်ရှုရင် အမှားတွေ အကုန်လုံး ပါယက်တစ်ယောက်တည်း ကျူးလွန်ခဲ့တာ မဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်။
ဝက်စ်ဟမ်းအသင်း တန်းဆင်းဇုန်နဲ့ နီးကပ်နေချိန်မှာ ပါယက်ကအသင်းကို မကူညီဘဲ အသင်းပြောင်းဖို့ ကြိုးပမ်းခဲ့တာကြောင့် ပရိသတ်တွေက ဒေါသထွက်ပြီး ပါယက် ငှားနေတဲ့အိမ်ကို ကြက်ဥတွေနဲ့ သွားရောက်ပစ်ပေါက်ခဲ့ကြ တဲ့နောက် ပါယက်ကလည်း ဝက်စ်ဟမ်းအတွက် ဝင်ရောက် ကစားပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ ပါယက်ကို ခေါ်ယူ လိုတယ်လို့ လေသံပစ်ခဲ့ကြတဲ့ သူတွေထဲမှာ မန်ယူနည်းပြ မော်ရင်ဟို၊ အာဆင်နယ်နည်းပြ ဝင်းဂါးတို့လည်း အစော ပိုင်းက ပါဝင်ခဲ့ကြပြီး ပါယက်ကတော့ မိသားစုအရေး ကိစ္စကြောင့် မိခင်နိုင်ငံကလပ် မာဆေးလ်ကိုသာ ပြောင်းရွှေ့ဖို့ တစိုက်မတ်မတ်ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် ပရိသတ်တွေက ပိုဒေါသထွက်လာကြပြီး ပါယက်ရဲ့ ဂျာစီကို မီးရှို့တာ၊ ခြေနဲ့နင်းတာတွေလုပ်ခဲ့သလို ပါယက်ရဲ့ ရုပ်ပုံကို မှုတ်ဆေးတွေနဲ့ ဖျက်ဆီးဖို့ ကြိုးစား ခဲ့ကြပြန်တာကြောင့် အဲဒီပုံရှေ့မှာ ၂၄ နာရီ လုံခြုံရေး ချထားခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ပါယက်ကိုယ်တိုင်လည်း ဝက်စ်ဟမ်းအသင်းကြီးနဲ့ လေ့ကျင့်ခွင့်တောင် မရတော့ဘဲ အသက်(၂၃)နှစ်အောက် လူငယ်အသင်းနဲ့ သွားရောက် လေ့ကျင့်ခဲ့ရတဲ့အထိ ဒဏ်ပေးခံခဲ့ရပါတယ်။ ဒါကြောင့် လည်း ပါယက်ရဲ့ ဇနီးဖြစ်သူက ပါယက်ကို ဝက်စ်ဟမ်း အသင်းက ထွက်ခွာဖို့ အကုန်လုံးက ဝိုင်းပြီး ဖိအားပေး နေတယ်လို့ စွပ်စွဲခဲ့တာဖြစ်ပါတယ်။
ပါယက် တစ်ယောက် ဝက်ဟမ်းကနေ မာဆေးလ်ကို ပြောင်းရွှေ့သွားပြီးတာတောင် နောက်ဆက်တွဲကိစ္စရပ်တွေ အခုထိ ပြီးပြတ်သွားခြင်းမရှိသေးတာကိုတွေ့ရပါတယ်။ ဝက်စ်ဟမ်းအသင်းက ကွင်းအပြင်ဘက် ရေးဆွဲထားတဲ့ ပါယက်ရဲ့ ရုပ်ပုံနေရာမှာ တိုက်စစ်မှူး အန်ဒီကာရိုးရဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းဘက်ကို ဂိုးသွင်းယူခဲ့တဲ့ ပုံနဲ့ အစားထိုးသွားမယ့်အပြင် ကွင်းတွင်း မျက်နှာကျက်မှာ ရေးထိုးထားတဲ့ ကျောနံပါတ် ၂၇ နဲ့ ပါယက်ရဲ့ နာမည် တို့ကိုပါ ဖယ်ရှားပစ်ဖို့ စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဝက်စ်ဟမ်းတာဝန်ရှိသူတွေကတော့ ပရိသတ်တွေ ဖျက်ဆီး ဖို့ ကြိုးစားနေတဲ့ ဒီပုံရိပ်ကို ကလပ်အသင်းက အရင်ဖျက်ပြီး အဓိကကစားသမားတစ်ဦးရဲ့ ပုံရိပ်နဲ့ အစားထိုးတာက ကောင်းမွန်တဲ့ လုပ်ဆောင်ချက်ဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။
ဒါ့အပြင် ပရိသတ်တွေက ပါယက် ရဲ့ ဂျာစီဝယ်ယူခဲ့မိလို့ ပေါင် ၆ဝ ကုန်ကျခဲ့ကြတဲ့အပေါ် စောဒက တက်ခဲ့ကြသေးတာကြောင့် ဝက်စ်ဟမ်း အသင်း ဒါရိုက်တာ လေဒီဘရက်ဒီက ပါယက်ရဲ့ ဂျာစီကို ပြန်ယူလာပြီး ၂၅ ပေါင် ထပ်ပေးရင် ကြိုက်တဲ့ ကစား သမားရဲ့ ဂျာစီကို လဲလှယ်ပေးမယ်ဆိုတဲ့ အစီအစဉ်ကို သူရဲ့ တွစ်တာစာမျက်နှာကတစ်ဆင့် အတည်ပြုကြေညာ ခဲ့ပါတယ်။ ဒီအစီစဉ်ကို ဝက်စ်ဟမ်း ပရိသတ်တော်တော် များများကလည်း ကြိုဆိုခဲ့ပြီး ပါယက်နဲ့ ပတ်သက်သမျှ အစအနတွေအားလုံးကို ရှင်းထုတ်ဖို့ အသင်းတာဝန်ရှိ သူတွေနဲ့ ပရိသတ်တွေက ကြိုးပမ်းခဲ့ကြတာဖြစ်ပါတယ်။
ဇန်နဝါရီလအတွင်း ပါယက်ဟာ ဝက်စ်ဟမ်းအတွက် တစ်ပွဲမျှဝင်ရောက် ကစားပေးခဲ့ခြင်းမရှိခဲ့တာကြောင့် သူရရှိခဲ့တဲ့ လုပ်ခလစာ ပေါင် ၅ဝဝဝဝဝ ကို ပြန်ပေးဖို့တောင် ဖိအားပေးခံနေရပါတယ်။သူက ပရီမီယာလိဂ်အသင်းတွေရဲ့ ပျမ်းမျှလုပ်ခလစာက ပြင်သစ်ပထမတန်းအသင်းတွေရဲ့ လုပ်ခလစာထက် သုံးဆ လောက်များတာကြောင့် သူငွေမက်လို့ အသင်း ပြောင်းတာ မဟုတ်ဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်း ရှင်းလင်းခဲ့ပါတယ်။ ဝက်စ်ဟမ်းပရိသတ် တွေ ၂ဝ၁၅ ခုနှစ်နှင့် ၂ဝ၁၆ ခုနှစ်အတွင်း ကြွေးကြော် ခဲ့ကြတဲ့ '' ပါယက်ကို ပိုင်ဆိုင်တဲ့ ဝက်စ်ဟမ်းအသင်း ကံကောင်းတယ်။ ဇီဒန်းထက်ပိုကောင်းတဲ့ ပါယက် ဖြစ်တယ်'' ဆိုတဲ့နေရာမှာ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီတစ်လလုံး ပါယက်ဆန့်ကျင်ရေး စာသားပါသီချင်းတွေ ကြွေးကြော်သံတွေအဖြစ် ပြောင်းလဲလာခဲ့ပါတယ်။
ဒါကြောင့် ပါယက်က ဝက်စ်ဟမ်းတာဝန်ရှိသူတွေကို လေးစားမှု လျော့နည်းတဲ့ပုံစံနဲ့ မာဆေးလ်ကို ပြောင်းရွှေ့သွားပေမယ့် အသင်းပြောင်းသွားပြီး ဖြစ်တာတောင် ပရိသတ်တွေ၊ တာဝန်ရှိသူတွေက အခုလို ခါးခါးသီးသီးလုပ်ဆောင်နေခဲ့တာကို ထောက်ရှုလိုက်ရင် အခြေအနေတွေ အားလုံးမှာ ပါယက်တစ်ယောက်တည်း မှားခဲ့တာ မဟုတ်ဘူးဆိုတာကို ထင်ထင်ရှားရှား မြင်တွေ့ရမှာ ဖြစ်ပါတယ်။

No comments:

Post a Comment