Sunday, February 26, 2017

လေယာဉ်အရေးပေါ် ပုံစံတူနှုန်းပြည့်လေ့ကျင့်ခန်း မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဆောင်ရွက်



Image may contain: one or more people, people standing and outdoor
မန္တလေး ဖေဖော်ဝါရီ ၂၅
လေယာဉ်မတော်တဆ ထိခိုက်မှု ဖြစ်ပွားချိန်များတွင် အကောင်းဆုံးနှင့်အမြန်ဆုံး ကူညီကယ်ဆယ်ရေးနှင့် အခြားလိုအပ်သည့် လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လေဆိပ် ဝန်ဆောင်မှုကုမ္ပဏီ (MC- Jalux Airport Services)က မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နှုန်းပြည့် လေယာဉ်အရေးပေါ်ပုံစံတူ လေ့ကျင့်ခန်းကို ဖေဖော်ဝါရီ ၂၄ ရက် ညနေ ၄နာရီမှ ၅နာရီခွဲ အထိ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
နှုန်းပြည့် လေယာဉ်အရေးပေါ် ပုံစံတူ လေ့ကျင့်ခန်းဆောင်ရွက်ရာတွင် လေယာဉ်အတွင်းမှ ခရီးသည်များ အဆင့်အလိုက်ကူညီကယ်ဆယ်မှုများ ဆောင်ရွက်ခြင်း၊ ဒဏ်ရာရရှိသူများ အား ကယ်ထုတ်ခြင်းနှင့် ဦးစားပေး ရွေးချယ်ခြင်း၊ စာရင်းကောက်ယူခြင်း၊ လေယာဉ်အမှုထမ်းများ၊ ခရီးသည်များအား အင်းလေးခန်းမနှင့် အရေးကြီးပုဂ္ဂိုလ်ခန်းမသို့ ပို့ဆောင် ခြင်းနှင့် လေယာဉ်ကိုယ်ထည် မီးလောင်ခြင်းကို မီးငြှိမ်းသတ်ခြင်းတို့ကို ဖွဲ့စည်းထားသော အဖွဲ့များ၊ လေယာဉ်ကွင်းမီးသတ်ယာဉ်များနှင့် တံတားဦးမြို့ရှိ မီးသတ်ယာဉ်များ၊ လူမှုကူညီရေးယာဉ်များဖြင့် ပုံစံတူ လေ့ကျင့်ခဲ့ကြသည်။
ထို့နောက် အရေးကြီးပုဂ္ဂိုလ်ခန်းမ သို့ ရောက်ရှိနေသော ခရီးသည်များကို စာရင်းများ တိုက်ဆိုင်စစ်ဆေး ခြင်း၊ လာရောက်ကြိုဆိုသူ မိသားစုဝင်များကို စာရင်းကောက်ခံခြင်း၊ လေယာဉ်ခရီးသည်များကို မိသားစု ဝင်များနှင့် တွေ့ဆုံပေးခြင်း၊ ဒဏ်ရာ ရရှိသူများအား ဆေးရုံသို့ ပို့ဆောင်ပေးခြင်း၊ အရေးပေါ်လုပ်ငန်း ဆောင်ရွက်မှု ဗဟိုအဖွဲ့ဖွဲ့စည်းခြင်း၊ သက်ဆိုင်သော အဖွဲ့အစည်းများနှင့် အပြန်အလှန် အကူအညီများ ဆက်သွယ်ခေါ်ယူခြင်းနှင့် ဖြစ်စဉ် ဖြစ်ပွားပြီး နာရီဝက်ခန့်အကြာတွင် ကနဦးသတင်း ထုတ်ပြန်ခြင်း၊ တစ်နာရီခန့်အကြာတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခြင်းတို့ကို သက်ဆိုင်ရာကဏ္ဍအလိုက် အဖွဲ့ဖွဲ့ ကာ လေ့ကျင့်ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ နှုန်းပြည့် လေယာဉ်အရေးပေါ် ပုံစံတူလေ့ကျင့်ခန်း ဆောင်ရွက်ရာတွင် လေဆိပ်ဝန်ဆောင်မှုကုမ္ပဏီ (MC- Jalux Airport Services)မှ ဝန်ထမ်းများနှင့် တံတားဦးမြို့ရှိ သက်ဆိုင်ရာအဖွဲ့ အစည်းများနှင့် အပြန်အလှန်အကူအညီ အဖွဲ့အစည်းများက ဆောင်ရွက်ခဲ့ကြပြီး မန္တလေးတိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တံတားဦးမြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက လေ့လာသူများ အဖြစ် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းနိုင်(ကျောက်ဆည်)

No comments:

Post a Comment