Wednesday, February 1, 2017

စီးပွားရေးဖွံ့ဖြိုးမှုအလားအလာနှင့် တက်ညီလက်ညီ ကြိုးပမ်းမှု

မြန်မာ့အလင်းအယ်ဒီတာအာဘော်


ကမ္ဘာ့ဘဏ်သည် ဇန်နဝါရီလ ၃ဝ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေးအစီရင်ခံစာတစ်ရပ် (Myanmar Economic Monitor)ကို ထုတ်ပြန်ခဲ့ပါသည်။ က္ဘာ့ဘဏ်က မြန်မာနိုင်ငံ၏ အနာဂတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အကောင်းဘက်မှ ရှုမြင်သုံးသပ် ထားပါသည်။ ရှေ့လာမည့် သုံးနှစ်အတွင်း မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှုန်းသည် တစ်နှစ်လျှင် ပျမ်းမျှ ၇ ဒသမ ၁ ရာခိုင်နှုန်းခန့်ရှိမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါသည်။ ဤသည်မှာ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာ ရေးနှစ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း ၆ ဒသမ ၅ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက တိုးတက်မှုတစ်ရပ်ဖြစ်ပါသည်။ ကမ္ဘာ့ဘဏ်က မြန်မာ နိုင်ငံတွင် ငွေကြေးဖောင်းပွမှုကြောင့် ဖြစ်လေ့ရှိသည့် ဖိအားများ လျော့ကျသွားမည်ဟု ခန့်မှန်းထားခြင်းသည်လည်း အားတက်စရာ သတင်းကောင်းတစ်ရပ် ဖြစ်ပါသည်။
ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသော မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်နှုန်းသည် ဖြစ်နိုင်ခြေရှိသော အလားအလာတစ်ရပ်သာဖြစ်၍ ဤအလားအလာတို့ လက်တွေ့ဖြစ်မြောက်လာစေရန် မြန်မာနိုင်ငံ အနေဖြင့် မက်ခရိုစီးပွားရေးဆိုင်ရာအန္တရာယ်များ (macroecono- mic risks) ကို ရင်ဆိုင်ကျော်လွှားနိုင်ရမည်ဖြစ်ပါသည်။ မက်ခရို စီးပွားရေးဆိုင်ရာအ္တရာယ်များမှာ ကုန်ထုတ်လုပ်မှုအခြေခံ ကျဉ်းမြောင်းခြင်း၊ မိမိနိုင်ငံထက် ပိုမိုယှဉ်ပြိုင်နိုင်စွမ်းသာလွန်သော ကမ္ဘာ့ဈေးကွက်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ရခြင်း၊ ကုန်ပစ္စည်းအမယ်စုံ မထုတ်လုပ်နိုင်ခြင်း၊ သဘာဝဘေးအန္တရာယ်များ ကျရောက်လွယ်ခြင်း နှင့် ပြည်ပမှ သွင်းကုန်များ ဈေးမြင့်တက်နိုင်ခြင်းကဲ့သို့သော ဖြစ်ရပ်များ ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်က ထောက်ပြထားပါသည်။ ကမ္ဘာ့ဘဏ်၏ထောက်ပြချက်အပေါ် နိုင်ငံတော်၏စီးပွားရေးဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတို့က အလေးအနက်နှလုံးသွင်း၍ လိုအပ်သကဲ့သို့ ပြင်ဆင် ဆောင်ရွက်မည်ဟု ယုံကြည်ပါသည်။
ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုဆိုင်ရာ ဖြစ်စဉ်တွင် ပြည်သူတစ်ရပ်လုံးပါဝင်ရန် အရေးကြီး သည်ဟု ထောက်ပြထားခြင်းသည် မူဝါဒပိုင်းဆိုင်ရာ လေးနက်သော အကြံပြုချက်တစ်ရပ်ဟု ခံယူပါသည်။ နိုင်ငံတော်အစိုးရက စီးပွားရေး ဆိုင်ရာမူဝါဒများကို ပြည်သူလူထုထံ ရှင်းလင်းလွယ်ကူစွာ တင်ပြမှသာ ပြည်သူတို့၏ ယုံကြည်ကိုးစားမှု ရရှိမည်ဟူသော ကမ္ဘာ့ဘဏ်၏အကြံပြုချက်သည် ဒီမိုကရေစီကျင့်စဉ်နှင့် ညီညွတ်သည်သာမက တိုင်းပြည်၏ပကတိအခြေအနေကို ထင်ဟပ်လျက်ရှိသည်ဟု ယူဆပါ သည်။ ကမ္ဘာ့ဘဏ်က ၄င်း၏အစီရင်ခံစာတွင် လူထုအစိုးရသစ်၏ ပထမ ခြောက်လသည် ခက်ခဲသော စီးပွားရေးဝန်းကျင်အနေအထားတွင် ဆုံးဖြတ်လုပ်ကိုင်ခဲ့ရခြင်းဖြစ်သည်ဟု သုံးသပ်ထားခြင်းသည် နိုင်ငံတော် ၏ လက်ရှိစီးပွားရေး တိုးတက်နှုန်းအပေါ် အားမလိုအားမရဖြစ်နေသော အင်အားစုများအနေဖြင့် အလေးအနက်ထား နှလုံးသွင်းရမည့် အချက်တစ်ရပ် ဖြစ်ပါသည်။ ခြုံ၍တင်ပြရပါက မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းများ ပိုင်ဆိုင်ထားပြီးဖြစ်၍ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးကသာ တက်ညီလက်ညီကြိုးပမ်း ပါက မကြာမီဖွံ့ဖြိုးတိုးတက်မှု၏ အသီးအပွင့်တို့ကို ခံစားရမည်ဖြစ် ကြောင်း လေးစားစွာ နှိုးဆော်တင်ပြအပ်ပါသည်။ ။

No comments:

Post a Comment