Sunday, February 26, 2017

ဥပဒေပညာရှင် ပါမောက္ခဒေါက်တာတင်အောင်အေးက ထွန်းဖောင်ဒေးရှင်းစာပေဆု ချီးမြှင့်ငွေကို နှင်းဆီကုန်းဘိုးဘွားရိပ်သာသို့ လှူဒါန်း



Image may contain: 2 people, people standing and text
ရန်ကုန် ဖေဖော်ဝါရီ ၂၅
(၁၁)ကြိမ်မြောက် ထွန်းဖောင်ဒေးရှင်း စာပေဆု(၂ဝ၁၆) ဆုပေးပွဲတွင် သုတပဒေသာ (အင်္ဂလိပ်) ဘာသာရပ် ၌ “Constitutions and Constitutional Courts of the Nations ” စာအုပ်ဖြင့် စာပေဆုရရှိသူ ဥပဒေပညာရှင် ပါမောက္ခဒေါက်တာ တင်အောင်အေးက အဆိုပါဆု ချီးမြှင့်ငွေအား ရန်ကုန်မြို့ ဗဟန်းမြို့နယ် နှင်းဆီကုန်းဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအတွက် ယနေ့နံနက် ပိုင်းက လာရောက်လှူဒါန်းသည်။
ထွန်းဖောင်ဒေးရှင်းစာပေဆုချီးမြှင့် ငွေအား ပဒေသာပင် အလှူငွေ ကျပ် ၁၂ သိန်းနှင့် အာဟာရဒါန ကျွေးမွေးခြင်း အလှူတော်မင်္ဂလာ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
''စာရေးသက် နှစ် ၆ဝ ကျော် အတွင်း ကျမ်းကြီးပေါင်း ၂ဝ ကျော် ရေးသားပြီးပါပြီ။ စာပေခရီးစဉ် တစ်လျှောက် ၁၉၈၆ ခုနှစ်က စာပေ ဗိမာန်စာမူဆု၊ ၂ဝဝ၆ ခုနှစ်က ဆရာဝန်တင်ရွှေဆု၊ အခု ၂ဝ၁၆ ခုနှစ် ထွန်းဖောင်ဒေးရှင်းစာပေဆု အပါအဝင် သုံးဆုရခဲ့ပါတယ်။ အခုက ထွန်းဖောင်ဒေးရှင်းက ချီးမြှင့်တဲ့ ဆုငွေကို ဘိုးဘွားရိပ်သာ ပဒေသာ ပင်အဖြစ်လှူဒါန်းတာပါ။ သူငယ်ချင်းမိတ်ဆွေတွေကိုလည်း ဖိတ်ကြားပြီး တွေ့ဆုံခဲ့ပါတယ်'' ဟု ပါမောက္ခ ဒေါက်တာ တင်အောင်အေးက ပြောသည်။
အလားတူ နှင်းဆီကုန်းဘိုးဘွား ရိပ်သာ၏ စေတနာ့ဝန်ထမ်းများအား နှစ်စဉ် ပုံမှန်ဂုဏ်ပြုသည့်အခမ်းအနားကိုလည်း မွန်းလွဲပိုင်းတွင် ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
နှင်းဆီကုန်းဘိုးဘွားရိပ်သာကို ၁၉၃၃ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် စတင်တည်ထောင်ခဲ့ရာ ယခုအချိန် တွင် ၈၄ နှစ် တိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် အဘိုး ၅၈ ဦး၊ အဘွား ၁၂၅ ဦး စုစုပေါင်း ၁၈၃ ဦး ရှိသည်။
နှင်းဆီကုန်းဘိုးဘွားရိပ်သာသို့ ရာသက်ပန်အလှူရှင်များနှင့် ပြင်ပအလှူရှင်များ လာရောက်လှူဒါန်း လျက်ရှိရာ လှူဒါန်းလိုသူများသည် အမှတ်(၂၁) ကမ္ဘာအေးဘုရားလမ်း ဗဟန်းမြို့နယ် ရန်ကုန်မြို့နှင့် ဖုန်း ၅၄၁၇၉၆၊ ၅၄၁၇၉၇၊ လိုင်းခွဲ - ၄ဝ၇/ ၄ဝ၈သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
သတင်း- မြတ်စန္ဒီ
ဓာတ်ပုံ - ရဲထွဋ်

No comments:

Post a Comment