Wednesday, February 1, 2017

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ်ခြံစည်းရိုး အဆင့်မြှင့်တင်ရေး မောင်တောဒေသခံပြည်သူများလိုလား



Image may contain: tree, sky, outdoor and nature
မောင်တော ဇန်နဝါရီ ၃၁
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်နိမိတ်အဖြစ် ကာရံထားသည့် သွပ်ဆူးကြိုးခြံစည်းရိုးကို ရခိုင်ပြည်နယ် မောင်တောဒေသရှိ ဒေသခံပြည်သူများက ပြန်လည်ပြင်ဆင်ပြီး အဆင့်မြှင့်တင်ရန်လိုလားကြောင်း သိရသည်။
မောင်တောမြို့ အနောက်ဘက် ငါးဖာလုံခန့်အကွာတွင် စိုက်ထူထားပြီး နယ်စပ်ခြံစည်းရိုးခတ်ခြင်းလုပ်ငန်း လွယ်ကူစေရန်ရေးမှတ်ထားသည့် နယ်စပ်ခြံစည်းရိုး တိုင်အမှတ် ၇၉၆၊ ၁ဝ၆၅၊ ၁၁၈ဝ နှင့်အနီးတစ်ဝိုက်တို့တွင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ လွယ်ကူစွာ ကူးလူးသွားလာနိုင်သည့် ခြံစည်းရိုးအပေါက်ကြီးများ ဖြစ်ပေါ်နေသည်။
''ဟိုဘက်နိုင်ငံနဲ့ ဒီဘက်နိုင်ငံ လွယ်ကူစွာသွားလာ လိုကြတဲ့သူတွေက ဖျက်ဆီးကြတယ်၊ အပေါက်တွေ ဖောက်ကြတယ်။ သံဆူးကြိုးတွေကလည်း ဆားငန်လေနဲ့ ဆားငန်ရေဒဏ်မခံနိုင်ဘူး။ ဖြစ်နိုင်ရင်တော့ အုတ်တံတိုင်း မြင့်မြင့်ခတ်စေချင်တယ်။ နယ်စပ်ခြံစည်းရိုးကို အဆင့်မြှင့်တင်စေချင်တယ်။ ဒေသခံပြည်သူတွေအားလုံးကလည်း နယ်စပ်ခြံစည်းရိုးကို သေသေချာချာလေး အဆင့်မြှင့်တင်စေချင်ကြပါတယ်။ ဒါမှလည်း နယ်စပ်ဒေသတရားဥပဒေ စိုးမိုးရေးကို ပိုမိုဆောင်ရွက်နိုင်မယ်။ နယ်စပ်ဖြတ်ကျော် မှုခင်းတွေကိုလည်း အချိန်နဲ့တစ်ပြေးညီဖော်ထုတ်နိုင်မယ်၊ ကာကွယ်နိုင်မှာဖြစ်ပါတယ်''ဟု မောင်တော မြို့ မြို့မိ မြို့ဖ ဦးမောင်ဦးသာက ပြောသည်။
ရခိုင်ပြည်နယ် မောင်တောခရိုင်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်းနယ်နိမိတ် ၁၂၈ ဒသမ ၇၅ မိုင်နှင့် ရေနယ်နိမိတ် ၃၉ ဒသမ ၈၂ မိုင် ထိစပ်လျက်ရှိသည်။
၂ဝဝ၉ ခုနှစ် မတ်လ ၁၃ ရက်တွင် မြန်မာ နိုင်ငံဘက်မှ နယ်နိမိတ်မျဉ်း Zero Line နှင့် ပေ ၁၅ဝ အကွာ မြန်မာ့နယ်မြေအတွင်း သွပ်ဆူးကြိုး ကာရံခြင်းကို မောင်တောမြို့ တောင်ဘက် ကုန်းချောင်းဝမှစ၍ နယ်ခြားမှတ်တိုင် BP 32 အထိ အလျား ၃၈ ဒသမ ၁ဝ၈ မိုင်ကို သံကူ ကွန်ကရစ် တစ်ဖက်ချခြံစည်းရိုး ၁ဝ ပေအမြင့် သွပ်ဆူးကြိုး ၁၄ တန်းဖြင့် နယ်စပ်ခြံစည်းရိုးကာရံ ခြင်း ပထမအဆင့်အဖြစ်လည်းကောင်း၊ ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်တွင် BP 32 မှ BP 54 အထိ စုစုပေါင်း ၃၆ ဒသမ ၆၆ မိုင်ကို နယ်စပ်ခြံ စည်းရိုးကာရံခြင်း ဒုတိယအဆင့်အဖြစ်လည်းကောင်း၊ ၂ဝ၁၄ ခုနှစ် မေလ ၃၁ တွင် BP 54 မှ BP 66 အထိကို နယ်စပ်ခြံစည်းရိုးကာရံခြင်း တတိယအဆင့်အဖြစ်လည်းကောင်း အပြီးကာရံခဲ့သည်။ သို့သော် BP 66 မှ BP 67 ကြားကိုမူ တောတောင်ထူထပ်ပြီး လူနေထိုင်ခြင်းမရှိသဖြင့် ဆက်လက်ကာရံရန်ကျန်ရှိပြီး BP 31 မှ BP 54 အထိကို လုံခြုံရေးတပ်ဖွဲ့ဝင်များ ကင်းလှည့်ကြည့်ရှု စစ်ဆေးနိုင်ရန် နယ်စပ်ခြံစည်းရိုးနှင့် ကပ်လျက် ပတ်လမ်းဖောက်လုပ်ထားကြောင်း သိရသည်။
နယ်စပ်ခြံစည်းရိုး ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်များနှင့်စပ်လျဉ်း၍ နယ်စပ်ခြံစည်းရိုး ကာရံခြင်း ပထမအဆင့်တွင် ပါဝင်ခဲ့သည့် တည်ဆောက် ရေးတာဝန်ခံတစ်ဦးက ''ခြံစည်းရိုးပျက်စီးမှုတွေကို ပြည်ထဲရေးဝန်ကြီးဌာနကို တင်ပြထားပါတယ်၊ ပြည်ထဲရေးဝန်ကြီးဌာနကတစ်ဆင့် ရန်ပုံငွေချထား ပေးမှာဖြစ်ပါတယ်။ ရန်ပုံငွေရရှိမှုပေါ်မူတည်ပြီး ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ နယ်စပ်ခြံစည်းရိုးအဆင့် မြှင့်တင်စေလိုတဲ့အပိုင်းကတော့ နိုင်ငံတော်ရဲ့ ဘဏ္ဍာရေးအခြေအနေအရ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ နယ်စပ်အနေအထားအရ ခိုင်မာတဲ့ ခြံစည်းရိုးတွေ တည်ဆောက်မယ်ဆိုရင် ပိုကောင်းပါတယ်။ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို နှစ်စဉ်ဆောင်ရွက်လျက်ရှိပါတယ်။ အပေါက်တွေကိုလည်း တစ်လတစ်ခါနီးပါး ပြန်လည်ပြုပြင်ပေးနေပါတယ်''ဟု ပြောသည်။
မောင်ဖိုးဇော် (သတင်းစဉ်)၊
ဓာတ်ပုံ - မောင်ဇော်

No comments:

Post a Comment