Wednesday, February 1, 2017

နိုင်ငံ့အကျိုးဝိုင်းဝန်းသယ်ပိုး



Image may contain: text
လူဟူသော ပုထုဇဉ်လူသားများအနေဖြင့် အတ္တနှင့်ပရယှဉ်လာပါလျှင် အတ္တကို ရှေ့တန်းတင်ကြသည်ကများသည်။ အရိယာသူတော်စင်မှလွဲ၍ အတ္တနည်းသူနှင့်အတ္တများသူဟူ၍သာ ကွာခြားမှုရှိသည်။ ပရဟုဆိုရာ၌ မြန်မာပြည်ရှိ ပြည်သူအများစုမှာ မူလဘူတစိတ်နေစိတ်ထားများအရ ပရဟိတဟူသော ကိုယ်ကျိုးမဖက် သူတစ်ပါးအကျိုးကို ဆောင်ရွက်လိုစိတ် ရှိသူများမှာ များကြပါသည်။
ကိုယ်ကျိုးမဖက် သူတစ်ပါးအကျိုးကို ဆောင်ရွက်ဟုဆိုရာ၌လည်း ကိုယ်အားဖြင့်လည်ကောင်း၊ စိတ်အားဖြင့်လည်းကောင်း ရိုင်းပင်းတတ် ကြပါသည်။ သို့ရာတွင် လူအများစုမှာ မိမိတို့၏စည်းစိမ်ဥစ္စာ ပိုင်ဆိုင်မှုများနှင့် ပတ်သက်၍မူ သူတစ်ပါးအကျိုးကိုရှေးရှု၍(မွန်မြတ်သည့် စိတ်ထားရှိ သောသူများမှအပ)ပေးအပ်လိုမှု၊ ပေးဆပ်လိုမှုနည်းကြပါသည်။
ယင်းမှာ အခြားမဟုတ် အခွန်ပေးဆောင်မှု၊ အခွန်ငွေပေးအပ်မှု ပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် အခွန်ငွေကို တာဝန်ကျေစွာပေးဆောင်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များရှိကြသော်လည်း အလုံးစုံ အပြည့်အဝ ပေးအပ်ကြသူများ မရှိသေးဟု ဆိုနိုင်ပါသည်။ မြန်မာနိုင်ငံရှိ ပြည်သူအများစုမှာ အခွန်ယဉ်ကျေးမှုနှင့် မနီးစပ်ကြသေးချေ။ အခွန်ပေးဆောင်ခြင်းသည် မိမိတို့၏အကျိုးစီးပွားထိခိုက်နိုင်သည်ဟု ယူဆထားကြသည်။
အမှန်တွင် အခွန်ငွေပေးဆောင်ခြင်းသည် ပရဟိတဟူသော အများအကျိုးကို သယ်ပိုးဆောင်ရွက်ခြင်းမည်ပေသည်။ အခွန်ငွေကို ပေးဆောင်ထိုက်သော လူတိုင်းလူတိုင်း တာဝန်သိစွာပေးဆောင်ခြင်းသည် ထိုနိုင်ငံအတွက် ဓနအင်အားတောင့်တင်းခိုင်မာပြီး နိုင်ငံ့အကျိုး၊ ပြည်သူပြည်သားများအကျိုးကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သည်ကို သတိမူကြရမည် ဖြစ်သည်။
အခွန်ထမ်းခြင်းဓလေ့ကို ရှေးမြန်မာမင်းများလက်ထက်ကတည်းက စတင်ခဲ့သည်။ ပြည်သူပြည်သားများ ထမ်းဆောင်ကြသော အခွန်ငွေ အရပ်ရပ်ဖြင့် တိုင်းပြည်အုပ်ချုပ်မင်းလုပ်ကြသည်။ တိုင်းပြည်ကာကွယ် ကြသည်။ တိုင်းပြည်အကျိုးဆောင်ရွက်ကြသည်။ ချီးမြှင့်ထိုက်သူများကို ချီးမြှောက်ကြသည်။ ပဒေသရာဇ်စနစ်ဖြစ်၍ ရွှေကျောင်းပြောင်ပြောင်ဖြစ်ခဲ့ကြသည်။
မျက်မှောက်ကာလတွင် အခွန်ကောက်ခံငွေသည် ပြည်သူ့ဘဏ္ဍာ ဖြစ်လာသည်။ ပြည်သူ့အကျိုးကို ဖြည့်ဆည်းပေးရမည့် ငွေကြေးဥစ္စာဖြစ်သည်။ အခွန်ကောက်ခံမှု မှန်ကန်ကောင်းမွန်လျှင် ထိုနိုင်ငံဓနဥစ္စာကြွယ်ဝပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအဖြစ်ရပ်တည်နိုင်သည်။ အခွန်ကောက်ခံမှု မမှန်ကန်ကောင်းမွန်မှုမရှိလျှင် ထိုနိုင်ငံဓနဥစ္စာနည်းပါးပြီး မဖွံ့ဖြိုး၊ မပြည့်စုံသည့် နိုင်ငံတစ်နိုင်ငံဖြစ်ရသည်။
အခွန်ငွေကို မလျော်မကန်ကောက်ခံခြင်းမဟုတ်၊ အခွန်ဥပဒေဖြင့် စနစ်တကျကောက်ခံခြင်းဖြစ်သည်။ ဝင်ငွေခွန်တွင် မိမိ၏ရရှိသော ဝင်ငွေအရ အခွန်ကင်းလွတ်နိုင်သော အခွင့်အရေးသတ်မှတ်ချက်များပေးထားသည်။ ကင်းလွတ်ချက်မှကျော်လွန်၍ ပိုလျှံသောဝင်ငွေကိုသာ ပေးဆောင်ရသည်။ လုပ်ငန်းနှင့် အရောင်းအဝယ်များအတွက်မူ ရရှိသော အမြတ်အစွန်းအလိုက် သတ်မှတ်ထားသော အခွန်ငွေကို ပေးဆောင်ကြရသည်။
သို့ရာတွင် အခွန်မဆောင်မှုများ၊ အခွန်ရှောင်မှုများ၊ အခွန်လျှော့မှုများ ရှိနေသေးသည်။ အခွန်ယဉ်ကျေးမှု မြန်မာနိုင်ငံတွင် မဖြစ်ထွန်းသေးဟု ဆိုရမည်။ အခွန်ထမ်းရမည့်သူများကလည်း တာဝန်ကျေပွန်စွာထမ်းဆောင်၊ အခွန်ကောက်မည့်သူများကလည်း သစ္စာရှိစွာဖြင့် ကောက်ခံကြလျှင် ထိုနိုင်ငံဘဏ္ဍာပြည့်စုံဖူလုံကာဖြင့် နိုင်ငံ့အကျိုး၊ ပြည်သူပြည်သားများ အကျိုးကို ထိထိရောက်ရောက် ဖြည့်ဆည်းနိုင်မည်ဖြစ်သည်။
သို့ဖြစ်ပါ၍ အခွန်ထမ်းခြင်းသည် ပရဟိတအလုပ်ကို ဆောင်ရွက်ခြင်း သဘောဖြစ်၍ မွန်မြတ်သောတာဝန်ကို ကျေပွန်စွာထမ်းရွက်ခြင်းမည်သည်။ ထို့ကြောင့် အခွန်ဝန်ထမ်းများကလည်း စိတ်ထားခံယူချက်ဖြောင့်မတ် မှန်ကန်စွာဖြင့် ထမ်းဆောင်ကြသလို အခွန်ဆောင်ထိုက်သူများကလည်း အများအကျိုးအတွက်ဟူသည့် ပေးဆောင်ခြင်းဖြင့် အခွန်ယဉ်ကျေးမှု တိုးတက်ဖြစ်ထွန်းအောင် ဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းပါသည်။ ။

No comments:

Post a Comment