Thursday, February 2, 2017

ဘန်ကီမွန်း သမ္မတရာထူး ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ဟုဆို



Image may contain: 1 person, standing and suit
ဆိုးလ် ဖေဖော်ဝါရီ ၁
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းက တောင်ကိုရီးယားနိုင်ငံ၏ သမ္မတရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း ၎င်း၏ဆုံးဖြတ်ချက်ကို ထုတ်ပြန်ကြေညာလိုက်သည်။ ၎င်း၏ ဆုံးဖြတ်ချက်ကို လူအများက အံ့အားသင့်နေကြသည်။
ဘန်ကီမွန်းက အဆိုပါကြေညာချက်ကို ဖေဖော်ဝါရီ ၁ ရက်က ဆိုးလ်မြို့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ မိမိကို တောင်ကိုရီးယား နိုင်ငံအတွက် တာဝန်မကျေကြောင်းနှင့် မကောင်းသတင်း တစ်ခုတွင် မိမိ၏ မိသားစုဝင်များ ပါဝင်ပတ်သက်နေသည်ဟု အချို့မီဒီယာများက ဝေဖန်ခဲ့ကြကြောင်း ဘန်ကီမွန်းက ပြောကြားသည်။
ဘန်ကီမွန်းက ခေတ်နောက်ကျပြီး အတွေးအခေါ် အယူအဆကျဉ်းမြောင်းသည့် နိုင်ငံရေးသမားအချို့ကို အလွန်စိတ်ပျက်မိကြောင်း ထပ်လောင်းပြောကြားသည်။
တိုင်းပြည်စည်းလုံးညီညွတ်ရေးနှင့် နိုင်ငံရေး အပြောင်းအလဲအတွက် ကိုယ်ကျိုးမငဲ့ကွက်သော မိမိ၏အစီအစဉ်ကို စွန့်လွှတ်သွားမည်ဖြစ်ကြောင်းနှင့် စိတ်ပျက်သွားသည့် လူများအတွက် ဝမ်းနည်းပါကြောင်း ဘန်ကီမွန်း က ပြောကြားသည်။
ကုလသမဂ္ဂအဖွဲ့ကြီးတွင် ၁ဝ နှစ် တာဝန်ထမ်းဆောင်ခဲ့သော ဘန်ကီမွန်းသည် ယခုနှစ် တောင်ကိုရီးယား ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လိမ့်မည်ဟု ယူဆခဲ့ကြသည်။ ဘန်ကီမွန်းသည် ရှေးရိုးစွဲဝါဒီများ၏ ထောက်ခံမှုအများအပြားရရှိထားသူဖြစ်သည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment