Friday, February 3, 2017

ဒိဋ္ဌေဒိဋ္ဌမတ္တံ



Image may contain: text
''ဒိဋ္ဌေဒိဋ္ဌမတ္တံ''ဟူသော မြတ်ဗုဒ္ဓ၏သြဝါဒမှာ အလွန်နှစ်သက်ဖွယ်၊ ပီတိဖြစ်ဖွယ် ဖြစ်သည့်အလျောက် လောကုတ္တရာနယ်ပယ်တွင် လိုက်နာကျင့်ကြံ အားထုတ်ကြသည်။ ဒိဋ္ဌေဒိဋ္ဌမတ္တံကို ပါဠိတော်တွင် မြင်ကာမတ္တ၊ ကြားကာ မတ္တ၊ နံကာမတ္တစသည်ဖြင့် အာရုံခြောက်ပါးတို့၌ မိမိ၏စိတ်ကို ဘရိတ်အုပ်ရမည်ဟု ဆိုလိုခြင်းဖြစ်သည်။
ယင်းကို မကျဉ်းမကျယ်ရှင်းမည်ဆိုလျှင် နားဒွါရမှ အသံတစ်ခုကို ကြားလျှင် ဘာသံဟူ၍ပင်မစဉ်းစားဘဲ စိတ်ကိုထိန်းထားခြင်း အဓိပ္ပာယ်ဖြစ်သည်။ လူတို့တွင် မျက်စိ၊ ပါးစပ်၊ နား၊ လျှာစသည်ဖြင့် ဒွါရခြောက်ပေါက်၊ အာရုံခြောက်ပါးရှိရာ မနော(စိတ်)ဒွါရသည် အထိန်းချုပ်ရအခက်ဆုံး ဖြစ်သည်။
ဥပမာ လမ်းပေါ်မှ အော်ဟစ်သံကြားလိုက်သည်ဆိုပါစို့၊ ထိုအခါ ''ဘယ်သူ့အသံပါလိမ့်၊ ဘာ့ကြောင့်အော်ပါလိမ့်၊ ရန်ဖြစ်ကြတာလား၊ ငါ့အိမ်သားများနဲ့ ရန်ဖြစ်ကြလေရော့လား၊ ဟိုဘက်အိမ်ကလူတွေနဲ့ မနေ့က စကားများကြဖူးတယ်။ သူတို့တွေ ဖြစ်နေလားမသိဘူး။ သူတို့ဟာ တကယ်ဆိုးတဲ့သူတွေပဲ။ အသံကတော့ မိန်းမသံပဲ၊ ရန်တွေ့တာနဲ့ တူတယ်''စသည်ဖြင့် ရှည်လျားစွာ စဉ်းစားတွေးတောမိတတ်သည့် သဘာဝရှိသည်။
ဝိပဿနာတရားဘက်တွင် ပစ္စုပ္ပန်ကို တည့်တည့်ရှုရမည်ဟု ဆိုလေ့ရှိသည်။ အသိစိတ်ဖြစ်တိုင်းဖြစ်တိုင်း သိစေပြီး စိတ်ကိုရှည်လျားစွာ ကူးကျော်ပြေးလွှားခြင်းမပြုစေရန် သတိဖြင့်စောင့်ထိန်းခြင်း ပြုလေ့ရှိသည်။ တစ်နည်းဆိုသော် ရောက်လာသမျှအာရုံတို့ကိုသိ၍ အတိတ်၊ အနာဂတ် နောက်သို့မလိုက်ဘဲ ပစ္စုပ္ပန်တည့်တည့်ပေါ်တွင် အခါခပ်သိမ်းထားရခြင်း ဖြစ်သည်။
ဤသို့ဖြင့် အဖန်ဖန်ကျင့်ကြံပွားများအားထုတ်ပြီး စိတ်ကူးလောကသို့ မရောက်စေဘဲ လက်တွေ့လောကထဲတွင်သာ စိတ်ကိုထားစေခြင်းအားဖြင့် တစ်ချိန်ချိန်တွင် အဟုတ်ရှိ အမှန်ရှိ ပရမတ္ထသဘောတရားကို ထိုးထွင်းသိမြင်ပြီး မဂ်တရား၊ ဖိုလ်တရား ရရှိနိုင်သောတန်ဖိုးမှာ ဒိဋ္ဌေဒိဋ္ဌမတ္တံ အကျင့်ကို ကျင့်သောကြောင့်ဖြစ်သည်။ ထိုအကျင့်ကြောင့် ဉာဏ်အမြင် ရောက်သောအခါ ကြီးကျယ်သော စိတ်ငြိမ်းချမ်းမှုကို ရရှိစေနိုင်သည်ဟု အဆိုရှိသည်။
ဤသည်မှာ ဝိပဿနာအကျင့်တရား၊ သတိပဋ္ဌာန်အကျင့်မြတ်ဖြစ်သည်။ လောကုတ္တရာနယ်ပယ်၌ ကျင့်ကြံပွားများအပ်သော သူတော်ကောင်း တရားဖြစ်သည်။ လောကီနယ်ပယ်၌မူ အကုသိုလ်တရားများဖြစ်ပွားစေနိုင်သည့် အာရုံခြောက်ပါး၊ ဒွါရခြောက်ပေါက်တို့နှင့် အချိန်နှင့်အမျှပွတ်တိုက် မိနေကြသည်။ ဒွါရခြောက်ပေါက်တို့ရှိသည့်အနက် မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်ကာယတည်းဟူသော ဒွါရများနှင့်တိုက်မိခြင်းထက် မနောဒွါရ နှင့်တိုက်မိခြင်းမှာ အချိန်နှင့်အမျှ ဖြစ်လေ့ရှိသည်။
လူသတ္တဝါတို့သည် အကျိုးမများသော တလွဲကြံစည်စိတ်ကူးနေမိခြင်းကြောင့် အချိန်ကိုအချည်းနှီးကုန်ဆုံးကြရသလို အကုသိုလ်စိတ်များ ဖြစ်ကြရသည်။ သို့သော် လူ၏စိတ်သည် ပစ္စုပ္ပန်တည့်တည့်ပေါ်တွင်မနေတတ်ဘဲ ရှေ့အကြောင်း နောက်အကြောင်း စဉ်းစားတတ်သည့်သဘောရှိသဖြင့် ကောင်းသော တွေးတောကြံစည်စိတ်ကူးမှုကို အခြေခံသည့် ပြုမူဆောင်ရွက်မှုများ ပြုသင့်သည်။
ယခုအခါ လူတို့သည် ဖြစ်စဉ်တစ်ခုပေါ်ပေါက်သည်နှင့် တောင်တွေး မြောက်တွေး တွေးကြသည်။ တောင်ပြောမြောက်ပြော ပြောကြသည်။ အကျိုးမများ အချည်းအနှီးဖြင့် အချိန်ကုန်ဆုံးကြသည်။ ထိုသို့ပြောကြ ဆိုကြရင်း တစ်ဦးနှင့်တစ်ဦး ရန်တုဖက်ပြိုင်ဖြစ်ကြရသည်။ ယင်းသို့ဖြစ်ကြရသည်မှာ တော်သေးသည်။ တောင်ကြားမြောက်ကြား ကြားသောအသိဖြင့် တောင်ပြောမြောက်ပြော ပြောဆိုမိလျှင် အမှုပွေ၊ အမှုရှုပ်ထပ်ဖြစ်တတ်သည်။
ကြံစည်အားထုတ်မှုဟူသည် ပုထုဇဉ်တို့ပြုလုပ်နေကျအလုပ်ဖြစ်၍ ကောင်းသောကြံစည်အားထုတ်မှု၊ မှန်သောကြံစည်အားထုတ်မှုတို့သာ ဖြစ်သင့်သည်။ မပြောဆိုသင့်သောပြောဆိုမှု၊ အချိန်အခါမသင့်ဘဲ ပြောကြားမှု၊ သူတစ်ပါး၊ သူတစ်ဖွဲ့ထိခိုက်နစ်နာမှု၊ အနှောင့်အယှက်ဖြစ်စေသော ပြောဆိုမှုတို့ပြုမိပါက မိမိရော၊ သူတစ်ပါးအတွက် မကောင်းသည့် ရလဒ်ကို ဖြစ်စေနိုင်သည်။ ထို့ကြောင့် ဒိဋ္ဌေဒိဋ္ဌမတ္တံ မြင်ကာမတ္တ၊ ကြားကာမတ္တဖြင့် မိမိတို့၏စိတ်ကို ဘရိတ်အုပ်ကြစေချင်ပါသည်။ ။

No comments:

Post a Comment