Friday, February 3, 2017

အီးယူမှ ဗြိတိန်နုတ်ထွက်ရေးဆိုင်ရာ ဥပဒေမူကြမ်း အောက်လွှတ်တော်အမတ်များ မဲခွဲဆုံးဖြတ်



Image may contain: one or more people and crowd
လန်ဒန် ဖေဖော်ဝါရီ ၂
ဥရောပသမဂ္ဂ(အီးယူ)မှ ဗြိတိန်နိုင်ငံနုတ်ထွက်နိုင်ရေးအတွက် အစပျိုးနိုင်ရန် ဝန်ကြီးချုပ်ထရေစာမေအား လုပ်ပိုင်ခွင့်အာဏာအပ်နှင်းသည့် ဥပဒေမူကြမ်းတစ်ရပ်၏ပထမအဆင့်ကို အောက်လွှတ်တော်အမတ်များက ဖေဖော်ဝါရီ ၁ ရက်တွင် အတည်ပြုလိုက်ပြီဖြစ်သည်။
ဥပဒေမူကြမ်းကို အောက်လွှတ်တော်က အတည်ပြုပေးလိုက်ခြင်းဖြင့် အစိုးရအဖွဲ့အနေဖြင့် အီးယူ၏လစ္စဘွန်း စာချုပ်အပိုဒ် ၅ဝ ပါ လုပ်ငန်းစဉ် ဖော်ပြချက်အတိုင်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အီးယူမှ ဗြိတိန်နုတ်ထွက်ရေးအတွက် နှစ်နှစ်ကြာမြင့်မည့် ဆွေးနွေးပွဲများကို တရားဝင် စတင်နိုင်မည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။
အီးယူမှ ဗြိတိန်နုတ်ထွက်ရေးဥပဒေမူကြမ်းနှင့် ပတ်သက်၍ အောက်လွှတ်တော်က ထောက်ခံမဲ ၄၉၈ မဲ၊ ကန့်ကွက်မဲ ၁၁၄ မဲဖြင့် အတည်ပြုပေးခဲ့သည်။ အောက်လွှတ်တော်တွင် အီးယူမှ ဗြိတိန်နုတ်ထွက်ရေးနှင့်သက်ဆိုင်သည့် မဲခွဲဆုံးဖြတ်မှုမှာ ပထမဆုံးအကြိမ်ဖြစ်သည်။ အောက်လွှတ်တော်အမတ်များသည် ၁၇ နာရီကျော်မျှ အချေအတင် ဆွေးနွေးခဲ့ကြပြီးနောက် မဲပေးခဲ့ကြသည်။ အောက်လွှတ်တော်တွင် ဒုတိယအကြိမ်နှင့် အပြီးသတ် မဲပေးမှုကို လာမည့်ရက်သတ္တပတ်တွင် ပြုလုပ်ရန် စီစဉ်ထားသည်။
ဥရောပသမဂ္ဂ၏ လစ္စဘွန်းစာချုပ်ပါ အပိုဒ် ၅ဝ တွင် အီးယူမှ ဗြိတိန်နုတ်ထွက်နိုင်ရေးအတွက် ဥပဒေအရ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်ကို ဖော်ပြထားသည်။ ဗြိတိန်သည် အီးယူမှနုတ်ထွက်ခြင်းကို ဝန်ကြီးချုပ် တစ်ဦးတည်း၏ဆုံးဖြတ်ချက်အရ ပြုလုပ်ခွင့်မရှိစေရဟု တရားရုံးချုပ်က ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။
အီးယူမှ ဗြိတိန်နုတ်ထွက်ရေးဆိုင်ရာ ဆွေးနွေးပွဲများကို မေ ၃၁ ရက်ထက် နောက်မကျဘဲစတင်ရန် ဝန်ကြီးချုပ် မေက လိုလားသည်။
ဥပဒေမူကြမ်းကို လက်မခံဘဲ ပယ်ချကြရန် အီးယူ လိုလားသော စကော့တလန်အမျိုးသားရေးဝါဒီများက လှုံ့ဆော်ခဲ့ကြသော်လည်း အောက်လွှတ်တော်က အတည်ပြုနိုင်ခဲ့သည်။ အီးယူမှ ဗြိတိန်နုတ်ထွက်ခြင်းသည် စကော့တလန်၏ စီးပွားရေးပျက်ပြားစေရန် အကြီးအကျယ် အဖျက်အမှောင့်ပြုသည့် လုပ်ရပ်ဖြစ်ကြောင်း စကော့တစ် အမျိုးသားရေးပါတီက ထုတ်ပြန်ကြေညာခဲ့သည်။
ရိုက်တာ။

No comments:

Post a Comment