Wednesday, February 1, 2017

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ဒုတိယနေ့ ဆက်လက်ကျင်းပ



Image may contain: 1 person, sitting and indoor
နေပြည်တော် ဇန်နဝါရီ ၃၁
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်က ဥပဒေကြမ်းများရေးဆွဲမှု အခြေအနေ၊ နည်းဥပဒေများ၊ မထုတ်ပြန်ရသေးသောဥပဒေများနှင့် အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းထားသော ဥပဒေများကို ဘာသာပြန်ဆိုပေးရေးတို့နှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဝင်းက လွှတ်တော်သို့ရှင်းလင်း တင်ပြပြီး လွှတ်တော်ကမှတ်တမ်းတင်သည်။
ယင်းနောက် ပြည်ထောင်စုအစိုးရအဖွဲ့က ပေးပို့သော ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် ပထမခြောက်လပတ်လျာထားချက်အပေါ် အခွန်ကောက်ခံရရှိမှု အခြေအနေနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြည်ထောင်စု၏အခွန်အကောက်ဖွဲ့စည်းမှုနှင့် ပတ်သက် ၍ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုအတွက်ကောက်ခံခဲ့သည့် အခွန်အကောက်အမျိုးအစားပေါင်း ၁၈မျိုးရှိခဲ့ပါကြောင်း၊ ၂ဝ၁၆-၂ဝ၁၇ဘဏ္ဍာ ရေးနှစ်တွင် အခွန်အမျိုးအစားသုံးမျိုး အသစ်ထပ်မံတိုးခဲ့ရာ စုစုပေါင်းကောက်ခံရမည့် အခွန်အကောက်သည် ၂၁ မျိုးဖြစ်လာပါကြောင်း၊ အသစ်တိုးလာသည့် အခွန်အကောက်သုံးမျိုးမှာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ကောက်ခံမည့် မုတ်ကောင်၊ ဝတ်ဆံ၊ တွင်းခွန်၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ကောက်ခံမည့် ခရီးသွားလာရေး လိုင်စင်၊ ဟိုတယ်နှင့်တည်းခိုရိပ်သာလိုင်စင်၊ ခရီးသွားလာသူများပို့ဆောင်ရေးလိုင်စင်၊ ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်တို့နှင့်စပ်လျဉ်းသည့် လိုင်စင်ကြေးနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက အထူးခွန်ဥပဒေအရ ပြဋ္ဌာန်းကောက်ခံမည့် အထူးကုန်စည်ခွန်တို့ဖြစ်ပါကြောင်း။
၂ဝ၁၆-၂ဝ၁၇ဘဏ္ဍာရေးနှစ်အတွက် အခွန်အကောက် ရငွေလျာထားချက် မူလခန့်မှန်းခြေစာရင်းအရ ကျပ် ၆၂၁၉ ဒသမ ၇၅၉ဘီလီယံ ဖြစ်ပါကြောင်း၊ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်အတွက် ပထမခြောက်လပတ် အခွန်အကောက်၂၁မျိုးမှ ကောက်ခံရန်လျာထားချက်မှာ ၂၁၄၁ ဒသမ ၈၃၃ဘီလီယံဖြစ်ပြီး ကောက်ခံရရှိမှု၂၅၄၈ ဒသမ ၄ဝ၁ ဘီလီယံဖြစ်သည့်အတွက် အကောင်အထည်ဖော်နိုင်မှု ရာခိုင်နှုန်း ၁၁၈ ဒသမ ၉၈ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ ၂ဝ၁၅-၂ဝ၁၆ဘဏ္ဍာ ရေးနှစ်တွင် ပထမခြောက်လပတ်အခွန်အကောက်လျာထားချက် ကျပ် ၂ဝ၂၇ ဒသမ ၆၄၂ ဘီလီယံဖြစ်ပြီး အမှန်ကောက်ခံရရှိငွေ ၂၃၅၇ ဒသမ ၈ဝ၅ဘီလီယံ ဖြစ်သည့်အတွက် အကောင်အထည်ဖော်နိုင်မှု ၁၁၆ ဒသမ ၂၈ ရာခိုင်နှုန်းဖြစ်ခဲ့ပါကြောင်း၊ ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ပိုမိုတိုးတက် ကောက်ခံရရှိသည့် အခြေအနေဖြစ်ပါကြောင်း၊ အကောင်အထည်ဖော်နိုင်မှုနှင့် ပတ်သက်ပြီး တာဝန်ယူကောက်ခံခဲ့သည့်ဌာနများအလိုက် ခွဲခြားတင်ပြရ မည်ဆိုပါက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက တာဝန်ယူကောက်ခံသည့်အခွန် ခြောက်မျိုးအတွက် အခွန်ကောက်ခံရန်လျာထားချက် ကျပ် ၁၆၄၅ ဒသမ ၈ဝ၈ဘီလီယံ၊ ကောက်ခံရရှိမှု ကျပ် ၁၉၈၁ ဒသမ ၉၇၇ဘီလီယံ ဖြစ်သဖြင့် အကောင်အထည်ဖော်နိုင်မှု ၁၂ဝ ဒသမ ၄၂ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ အခြားပြည်ထောင်စုဝန်ကြီးဌာန ရှစ်ခုက တာဝန်ယူကောက်ခံသော အခွန် ၁၄ မျိုးအတွက် လျာထားချက် ကျပ် ၄၉၆ ဒသမ ဝ၂၅ဘီလီယံ၊ ကောက်ခံရရှိမှု ကျပ် ၅၆၆ ဒသမ ၄၂၄ဘီလီယံဖြစ်သည့်အတွက် အကောင်အထည်ဖော်နိုင်မှု ရာခိုင်နှုန်း ၁၁၄ ဒသမ ၁၉ရာခိုင်နှုန်းဖြစ်ပါကြောင်း။
နိုင်ငံတော်အနေဖြင့် အနာဂတ်ကာလတွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ အသုံးစရိတ်များကို ပြည်ထောင်စုကကောက်ခံရရှိသည့် အခွန်ငွေများအပေါ်တွင် ရပ်တည်ဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိပါကြောင်း၊ သို့ဖြစ်၍ ရသင့်ရထိုက်သော အခွန်အကောက်များ တိုးတက်ကောက်ခံရရှိရေးသည် အလွန်အရေးကြီးသော ကိစ္စဖြစ်ပါကြောင်း၊ အခွန်တိုးတက်ကောက်ခံရရှိရန် ဆောင်ရွက်သည့်အခါ အခွန်ထမ်းပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေးနှင့် နိုင်ငံတော်အတွက်ရသင့်ရထိုက်သည့် အခွန်ဝင်ငွေများ အပြည့်အဝရရှိရေး၊ သင့်တင့်မျှတပြီး ပြည်သူများလိုက်နာ ထမ်းဆောင်နိုင်မည့် အခွန်နှုန်းထားများ ဖြစ်စေရေး၊ ပြည်သူများအခွန်ဆိုင်ရာအသိပညာ ဗဟုသုတများတိုးပွားပြီး အခွန်ကို လိုလိုလားလားထမ်းဆောင်လာစေရေး၊ နိုင်ငံတကာစံနှုန်းများနှင့် လျော်ညီသော အခွန်စနစ်ဖြစ်ပေါ်လာရေး၊ အခွန်တိမ်းရှောင်မှုပပျောက်ရေးတို့ကို အခြေခံပြီး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် အခွန်ဝန်ထမ်းများ၏ စိတ်ထားခံယူချက်နှင့် လုပ်ဆောင်ချက်များ ပြုပြင် ပြောင်းလဲရေး၊ ဆုပေးဒဏ်ပေးစနစ်ကို ကျင့်သုံးဆောင်ရွက်ရေး၊ အခွန်ပညာ ပေးမှု ပိုမိုလုပ်ဆောင်ရေး၊ နိုင်ငံတကာအဆင့်မီ အခွန်စနစ်ဖြစ်ပေါ်လာစေရေးတို့အတွက် ပြည်ပမှကျွမ်းကျင်သူများ၏ အကူအညီကိုပါရယူ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက က ကြေညာသည်။
ထို့နောက် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့် ၂ဝ၁၇ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းပါ ရငွေသုံးငွေများနှင့် စပ်လျဉ်း၍ ဗဟိုအဖွဲ့ အစည်းများနှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများက လွှတ်တော်သို့ ရှင်းလင်းတင်ပြကြသည်။
ထိုသို့ ရှင်းလင်းတင်ပြရာတွင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း အသုံးစရိတ် လျာထားချက် စုစုပေါင်းကျပ်သန်း ၁ဝ၇၆၃၉ ဒသမ ၃ဝ၃သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် အဓိကလုပ်ငန်းများမှာ ဆောက်လုပ်ရေး အသုံးစရိတ်အားဖြင့် ကျပ်သန်း ၃၁ဝ၁ဝ ဒသမ ဝ၈၊ ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးကာခြင်း လုပ်ငန်းအဆင့် သုံးဆင့်ရှိသည့် ကင်းစခန်း ၅၂ခုသည် ပြင်ပဆက်သွယ် ရေးလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ၊ အမှတ် (၁)နယ်ခြားစောင့်ရဲကွပ်ကဲမှု အဖွဲ့ရုံး ကွပ်ကဲမှုအောက်ရှိ ကင်းစခန်း ၂၆ခုသည် အရေးပေါ်လုံခြုံရေး အခြေအနေအရ သွပ်ဆူးကြိုးကာရံခြင်းလုပ်ငန်းအပါအဝင် အကျဉ်းဦးစီးဌာန မှ နေပြည်တော်အချုပ်ထောင်အပါအဝင် မိုးညှင်း၊ ကျိုက်မရော၊ ဒိုက်ဦးနှင့် သီပေါအကျဉ်းထောင်များတွင်ရှိသည့် ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် တပ်ဖွဲ့ ဦးစီးဌာနများအတွက် မဖြစ်မနေ လိုအပ်သောအဆောက်အအုံဆောက် လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စက်နှင့် စက်ပစ္စည်း အသုံးစရိတ်အတွက် ကျပ် သန်း ၇၆၁၄၂ ဒသမ ၄၁၄သန်းမှာ ဝန်ကြီးရုံး အပါအဝင် တပ်ဖွဲ့ဦးစီးဌာနများအတွက် မဖြစ်မနေဖြည့်တင်းရန်လိုအပ်သည့် ရုံးသုံးစက်ကိရိယာများ၊ ရုံးသုံးပရိဘောဂများ၊ မီးငြှိမ်းသတ်ယာဉ်များ၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းများအတွက် တောင်းခံထားခြင်းဖြစ်ပြီး မီးသတ်ဦးစီးဌာနအတွက် ပိုလန်နိုင်ငံမှ မီးသတ်ယာဉ်နှင့် အပိုပစ္စည်းများ ဝယ်ယူနိုင်ရေးအတွက် ယူရိုသန်း၅ဝ ချေးငွေနှင့်ညီမျှသော ကျပ်သန်း ၆၆၅ဝဝ ကိုအရပေးသွင်းထည့်သွင်းထားကြောင်း။
အခြားအသုံးစရိတ်ဖြစ်သည့် ကျပ်သန်း ၄၈၆ ဒသမ ၈ဝ၉သန်းကို ဝန်ကြီးရုံးအပါအဝင် တပ်ဖွဲ့ဦးစီးဌာနများ၏ ငွေလုံးငွေရင်းအသုံးစရိတ် လုပ်ငန်းများအတွက် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းပေးချေခြင်း၊ မြေ တန်ဖိုးပေးလျော်ခြင်း၊ E-office Software ရေးဆွဲခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၂ဝ၁၇ခုနှစ် ပြည်ထောင်စု၏ဘဏ္ဍာငွေ ရသုံးဆိုင်ရာ ဥပဒေကြမ်းတွင်ပါရှိသည့် ပြည်ထဲရေးဝန်ကြီးဌာန၏ ဘဏ္ဍာငွေရသုံးစာရင်းများနှင့် ပတ်သက်၍ ရငွေအသေးစိတ် စာရင်းအားဖြင့် သာမန်ရငွေမှာ အခွန် ၄မျိုးကောက်ခံရရှိမှုမှ ရငွေကျပ် သန်း ၉၄၅ ဒသမ ၆၇၆သန်းနှင့် သာမန်ရငွေ ကျပ်သန်း ၁၆၉၅ဝ ဒသမ ၁၇၄သန်း၊ ကြေးမြီရငွေ ကျပ်သန်း ၆၆၅ဝဝ တို့ကို လျာထားခြင်းဖြစ်ပြီး စုစုပေါင်းလျာထားငွေမှာ ကျပ်သန်းပေါင်း ၈၄၃၉၅ ဒသမ ၈၅ဝ သန်းဖြစ်ကြောင်း၊ သို့ဖြစ်၍ ၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာရေးနှစ်အတွက် ငွေလုံးငွေရင်း အသုံးစရိတ်ကျပ်သန်း ၁ဝ၇၆၃၉ ဒသမ ၃ဝ၃သန်းနှင့် သာမန် အသုံးစရိတ် ကျပ်သန်းပေါင်း ၂၉၅၄၄၄ ဒသမ ၃၈၄သန်း စုစုပေါင်း အသုံး စရိတ် ကျပ်သန်းပေါင်း ၄ဝ၃ဝ၈၁ ဒသမ ၆၈၇ သန်းကို ခွင့်ပြုပေးနိုင်ပါရန် လေးစားစွာတင်ပြအပ်ပါကြောင်း ပြောကြားသည်။
ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ကာကွယ်ရေး ဝန်ကြီးဌာနအနေဖြင့် တပ်မတော် ကြည်း၊ ရေ၊ လေ တပ်ဖွဲ့များကို Standard Army, Standard Navy, Standard Airforce ဖြစ်လာစေရန်အတွက် အင်အားတောင့်တင်းပြီးစွမ်းရည်ထက်မြက်သည့် ခေတ်မီတပ်မတော် တည်ဆောက်ရန်၊ ဒို့တာဝန်အရေး သုံးပါးကို ကာကွယ်စောင့်ရှောက်ရန်၊ နိုင်ငံတော်၏ပြည်သူ့စစ်မဟာဗျူဟာဖော်ဆောင်ရေးတွင် ပြည်သူတစ်ရပ်လုံးက တပ်မတော်ကိုမဏ္ဍိုင်ပြု၍ နိုင်ငံတော်တည်ဆောက်ရေးနှင့် ကာကွယ်ရေးကဏ္ဍများတွင် ပါဝင်ဆောင်ရွက်သွားစေရန်စသည့် ရည်မှန်းချက်များကိုအခြေခံ၍ နှစ်ရှည်စီမံကိန်းများကို ရေးဆွဲထားပါကြောင်း၊ အထက်ပါရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များအပေါ်အခြေခံ၍ ဘတ်ဂျက်ရေးဆွဲဆောင်ရွက်ရာတွင် တပ်မတော်၏ သဘောသဘာဝအရ လူ၊ လက်နက်ပစ္စည်း၊ ဖွဲ့စည်းပုံနှင့် ပေးအပ်လာသည့်တာဝန်ကို အောင်မြင်စွာထမ်းဆောင်နိုင်ရန် မျှော်မှန်းပြီး ဦးစွာရေးဆွဲ ပြဋ္ဌာန်းရပါကြောင်း၊ ယင်းသို့ ရေးဆွဲရာတွင်လုံခြုံရေးအခြေအနေ၊ ဘဏ္ဍာရေးအခြေအနေတို့ကို ချင့်ချိန်၍ ခန့်အပ်မည့်လူ၊ လိုအပ်သောလက်နက်ပစ္စည်း၊ ဆက်စပ်အဆောက်အအုံများ၊ ဆက်စပ်လုပ်ငန်းများကို နှစ်အလိုက်ထည့်သွင်း၍ ရေးဆွဲရပါကြောင်း။
ကာကွယ်ရေးဝန်ကြီးဌာန၏ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေ ငွေစာရင်းမှာ ရငွေစုစုပေါင်း ၇၃ ဒသမ ၁၁၁ ဘီလီယံ သုံးငွေစုစုပေါင်း ၂၉ဝ၅ ဒသမ ၁၉၅ဘီလီယံဖြစ်ကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန၏ သာမန် အသုံးစရိတ် စုစုပေါင်း ၁၆၅၄ ဒသမ ၃၃ဘီလီယံလျာထားပါကြောင်း၊ သာမန် အသုံးစရိတ်စုစုပေါင်း ၁၆၅၄ ဒသမ ၃၃၃ဘီလီယံ ဖြစ်ပါကြောင်း၊ ကာကွယ် ရေးဝန်ကြီးဌာန၏ ငွေလုံးငွေရင်း အသုံးစရိတ်စုစုပေါင်းမှာ ၁၂၅ဝ ဒသမ ၈၆၅ဘီလီယံလျာထားပါကြောင်း၊ ၂ဝ၁၆-၂ဝ၁၇ဘဏ္ဍာရေးနှစ်ထက် ငွေလုံး ငွေရင်း အသုံးစရိတ် ၈၆ ဒသမ ၅၃၃ ဘီလီယံ လျော့နည်းတောင်းခံထားပါကြောင်း ရှင်းလင်းပြောကြားသည်။
ယနေ့အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးဌာန ၁၅ခု ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၊ အမျိုးသားလွှတ်တော်ရုံး၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ပြည်ထောင်စုရာထူးဝန် အဖွဲ့များမှ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များက ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့် ၂ဝ၁၇ခုနှစ် ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ ရငွေသုံးငွေများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်းတင်ပြကြသည်။
(သတင်းစဉ်)

No comments:

Post a Comment