Wednesday, February 1, 2017

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းမြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများ၊ တရားဥပဒေစိုးမိုးရေးနှင့်ညီညွတ်မျှတရေးဆိုင်ရာ အရပ်ဘက်လူမှုအဖွဲ့အစည်းများအား တွေ့ဆုံ



Image may contain: 3 people, people sitting and indoor
နေပြည်တော် ဇန်နဝါရီ ၃၁
ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး မစ္စတာ စကော့မာစီရယ်လ်၊ ဗြိတိန်နိုင်ငံ သံအမတ်ကြီး မစ္စတာ အင်ဒရူးပက်ထရစ်၊ ဒိန်းမတ်နိုင်ငံ သံအမတ်ကြီး H.E.Mr. Peter Lysholt Hansen နှင့် ဥရောပသမဂ္ဂသံရုံးမှ သံရုံးတာဝန်ခံ Dr. Colin Steinbach တို့ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံရေးရာဆောင်အမှတ် (I-1) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နိုင်ငံခြားသားများဆိုင်ရာဥပဒေကြမ်းနှင့် နိုင်ငံခြားသား အလုပ်သမားဥပဒေကြမ်းတို့ကို အတည် ပြုပြဋ္ဌာန်းပါက မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကို အထောက်အကူပြုရေး၊ ခေတ်ကာလအခြေအနေနှင့် ဆီလျော်ရေး၊ တရားမျှတပြီး အကျိုးဖြစ်ထွန်းရေး၊ နိုင်ငံ့ စီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ကော်မရှင်အဖွဲ့ဝင်များသည် တရားဥပဒေစိုးမိုးရေးနှင့် ညီညွတ်မျှတရေးဆိုင်ရာ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံဆွေးနွေးရာတွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများက တရားဥပဒေစိုးမိုးရေး၊ အလုပ်သမားအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ သတင်းအချက်အလက်ရယူခွင့်နှင့် မြေယာဆိုင်ရာဥပဒေများနှင့်စပ်လျဉ်း၍ ပြင်ဆင်ရေး၊ ပယ်ဖျက်ရေး၊ အသစ် ရေးဆွဲရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးအကြံပြု ကြသည်။
ဆွေးနွေးအကြံပြုချက်များအပေါ် ကော်မရှင်ဥက္ကဋ္ဌက ပြန်လည်ဆွေးနွေးရာတွင် ပြည်ထောင်စုလွှတ်တော်က ပေးအပ်သည့် ဥပဒေဆိုင်ရာနှင့် အထူးကိစ္စရပ်ဆိုင်ရာ ကိစ္စရပ်များအား ကော်မရှင်က အကောင်အထည်ဖော် ဆောင်ရွက်မှု၊ ဥပဒေကြမ်းရေးဆွဲခြင်းနှင့် ဥပဒေပြဋ္ဌာန်း ခြင်းဆိုင်ရာလုပ်ငန်းစဉ်များ၊ ဥပဒေပြုရေးသည် လွှတ်တော်များ၏ အဓိကတာဝန်ဖြစ်သည်နှင့်အညီ ဥပဒေကြမ်းများ၊ နည်းဥပဒေများရေးဆွဲရာတွင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်ကို ဗဟိုပြု၍ ကော်မရှင်အနေဖြင့် သက်ဆိုင်ရာ ပြည်ထောင်စု အဆင့်ဌာန၊ အဖွဲ့အစည်းများ၊ သက်ဆိုင်ရာလွှတ်တော် အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ကျွမ်းကျင်ပညာရှင်များ၊ စိတ်ပါဝင်စားသည့် ပြည်သူများနှင့် ဆွေးနွေးညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုအခြေအနေ၊ တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူများသိရှိရန် ပညာပေးခြင်း၊ ပူးပေါင်းပါဝင်ခြင်းဆောင်ရွက်ချက်များ၊ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ရာတွင် Law reform ၏ အရေးပါမှုနှင့် တရားမျှတပြီး ပြည်သူများလိုက်နာနိုင်သည့် ဥပဒေ၊ နိုင်ငံနှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ ခေတ်ကာလနှင့် ဆီလျော်သည့် ဥပဒေများ ပေါ်ပေါက်ရေးအတွက် ပြည်ထောင်စုလွှတ်တော်နှင့် သက်ဆိုင်ရာသို့ ကော်မရှင်က တင်ပြအကြံပြုဆောင်ရွက်မှုအခြေအနေ၊ ဥပဒေကြမ်းများ ရေးဆွဲရာတွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ပြည်သူများ ပါဝင်ဆွေးနွေးအကြံပြုကြသဖြင့် ပိုမိုထိရောက် အကျိုးရှိစွာ ဆောင်ရွက်နိုင်မှုအခြေအနေတို့ကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment