Monday, February 27, 2017

ရန်ကုန်အလုပ်အကိုင်ပြပွဲ အထူးစည်ကား



Image may contain: 2 people, crowd and indoor
ရန်ကုန် ဖေဖော်ဝါရီ ၂၆
MyJobs.com.mm မှ ကြီးမှူး ကျင်းပသည့် ရန်ကုန်အလုပ်အကိုင်ပြပွဲကို အထက်ပန်းဆိုးတန်းလမ်းရှိ Rose Garden Hotel ၌ ယနေ့နံနက် ၉ နာရီမှ ညနေ ၄ နာရီထိကျင်းပခဲ့ရာ အနယ်နယ်အရပ်ရပ်မှ အလုပ်လာရောက်လျှောက်ထားကြသူများဖြင့် အထူးစည်ကားခဲ့ပြီး ပြည်တွင်း ပြည်ပမှ ကုမ္ပဏီ အကြီး၊ အသေး စုစုပေါင်း ၆၆ ခု ပါဝင်ကြောင်း သိရသည်။
MyJobs.com.mm ၏ အမှုဆောင် အရာရှိချုပ် Hans van Beek က ''အရင်ကလည်း အလုပ်အကိုင်ပြပွဲတွေ အများကြီးလုပ်ခဲ့ပြီးပါပြီ။ အလုပ်အကိုင် ပြပွဲပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ လူငယ်တွေအနေနဲ့ ဘယ်ကုမ္ပဏီက အလုပ်တွေ ခေါ်နေလဲ။ ဘယ်လိုမျိုး ပုံစံတွေရှိလဲဆိုတာ လေ့လာလို့ရအောင်ပါ။ ပြီးတော့ အလုပ်အကိုင်နဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲတွေ ပါဝင်တာကိုလည်း သိစေချင်ပါတယ်။ ကျွန်တော်တို့ ဝက်ဘ်ဆိုက်မှာ အလုပ်တွဲလုပ်ကိုင် ကြတဲ့ ကုမ္ပဏီတွေက အလုပ်ကြော်ငြာ တဲ့အခါမှာလည်း အလုပ်ရှာသူတွေ အနေနဲ့ ဝင်ရောက်လျှောက်ထားနိုင်ကြမှာဖြစ်ပါတယ်။ အလုပ်ရှာသူတွေ အနေနဲ့ ဒီလိုပြပွဲမှာတော့ကုမ္ပဏီတွေနဲ့ တိုက်ရိုက်စကားပြောဆွေးနွေးခွင့် ရတာမို့ ပိုပြီးကောင်းမွန်တဲ့ အခွင့်အရေးတစ်ခုဖြစ်မှာပါ''ဟု ပြောကြားသည်။
ရန်ကုန် အလုပ်အကိုင်ပြပွဲလာ လသာမြို့နယ်တွင် နေထိုင်သော ကိုသူရဖြိုးဝေကျော်က ''ကျွန်တော်ကတော့ ဆောက်လုပ်ရေးလုပ်ငန်းမှာ အလုပ်လုပ်ကိုင်ချင်လို့ အလုပ်လာ လျှောက်တာပါ။ One Stop Service နဲ့ တန်းခန့်တာမဟုတ်ဘဲ အရင်အတိုင်းပဲ CV ဖောင်တွေကို သာ ကုမ္ပဏီတွေက လက်ခံနေတာပါ။ ဘယ်နေ့တော့ အင်တာဗျူးလာပါဆိုပြီး မပြောသေးပါဘူး။ အလုပ်အကိုင် အခွင့်အလမ်းက မများလာပါဘူး။ ခုလည်း CV ဖောင်တွေကိုသာ လက်ခံထားပြီး တစ်ပတ်၊ နှစ်ပတ်နေရင် အကြောင်းပြန်မယ်ပဲ ပြောပါတယ်။ အဲတော့ အလုပ်ချက်ချင်းလိုချင်တဲ့ သူအတွက်ကျတော့ အဆင်မပြေဖြစ်နေပြီလေ။ ကျွန်တော့်အမြင်ကတော့ အရင်အလုပ်လုပ်ခဲ့ဖူးတဲ့ ကုမ္ပဏီက အထောက်အထားတွေကို ကြည့်ပြီးအရည်အချင်းနဲ့ကိုက်ညီတယ်ဆိုရင်သူတို့အနေနဲ့ အလုပ်တန်းခန့်သင့်ပါတယ်။ အလုပ်ချက်ချင်းလိုအပ်တဲ့ သူအတွက် အခွင့်အရေးက မရဘူး ဖြစ်နေပါတယ်''ဟု ဆိုသည်။
ပြီးခဲ့သည့်နှစ်က ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် စင်ကာပူနိုင်ငံတို့တွင် အလုပ်အကိုင်ပြပွဲများ ကျင်းပခဲ့ပြီး ပြပွဲလာပြည်သူ သုံးသောင်းကျော်ထိ ရှိခဲ့ကြောင်းနှင့် ယနေ့ကျင်းပခဲ့သော ရန်ကုန်အလုပ်အကိုင်ပြပွဲ၌ ပြပွဲလာ ပြည်သူဦးရေ ၁ဝဝဝဝ နီးပါးထိရှိကာ ရန်ကုန် အလုပ်အကိုင်ပြပွဲကို နှစ်စဉ် ကျင်းပသွားမည်ဖြစ်ကြောင်း My Jobs.com.mm မှ သိရသည်။
သတင်းနှင့်ဓာတ်ပုံ(စိုးဝင်း-MLA)

No comments:

Post a Comment