Monday, February 27, 2017

လက်ရှိချန်ပီယံ ရတနာပုံအသင်း နိုင်ပွဲပြန်ရ



Image may contain: 3 people, people playing sports and outdoor
ရန်ကုန် ဖေဖော်ဝါရီ ၂၆
၂ဝ၁၇ ဘောလုံးရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၇) ဒုတိယနေ့ကို ယနေ့ညနေပိုင်းက ကျင်းပရာ လက်ရှိချန်ပီယံ ရတနာပုံ၊ ဇွဲကပင်၊ ဧရာဝတီနှင့် မကွေးအသင်းတို့ အနိုင်ရခဲ့သည်။
(မန္တလာသီရိကွင်း)
ရတနာပုံ - တစ်ဂိုး
Southern - ဂိုးမရှိ

နှစ်ပွဲဆက် သရေကျခဲ့သည့် လက်ရှိချန်ပီယံ ရတနာပုံအသင်းသည် တိုက်စစ်မှူး ဝင်းနိုင်စိုး၏ ဂိုးဖြင့် နိုင်ပွဲပြန်လည်ရယူနိုင်ခဲ့သည်။ ရတနာပုံအသင်းသည် ယခုပွဲ အနိုင်ရလဒ်ကြောင့်ထိပ်ဆုံးမှ ရန်ကုန်ကို လေးမှတ်၊ ဒုတိယနေရာမှ ရှမ်းယူနိုက်တက်ကို တစ်မှတ်အကွာဖြင့် ဆက်လက်ဖိအား ပေးနိုင်ခဲ့သည်။
ရတနာပုံအသင်း၏ပွဲထွက်လူစာရင်းတွင် အသင်းခေါင်းဆောင် ရန်ပိုင်ပါဝင်လာခြင်းမရှိဘဲ အောင်သူ၊ရဲကို ဦး၊ စည်သူအောင်၊ ဝင်းနိုင်စိုးတို့ဖြင့် ပွဲထွက်လာခဲ့ပြီး Southern အသင်းမှာလည်း နိုင်ငံခြားသားကစားသမား သုံးဦးအပါအဝင် လူစုံအသုံးပြုခဲ့သည်။ ရတနာပုံအသင်းသည် နိုင်ပွဲ ပြန်ရရေးအတွက် တိုက်စစ်ဖွင့်ကစားခဲ့ပြီး ပထမပိုင်းတွင် Southern အသင်း ခံစစ်အနေအထားဖြင့်ကစားခဲ့ရသည်။ ၃၁ မိနစ်တွင် ရတနာပုံအသင်း အနိုင်ဂိုးရခဲ့ပြီး တိုက်စစ်မှူး ဝင်းနိုင်စိုးက သွင်းယူပေးခဲ့သည်။ ဝင်းနိုင်စိုးသည် ဂိုးသွင်းအပြီး မိနစ်အနည်းငယ်အကြာတွင် ဒဏ်ရာရပြီး လူစားလဲခဲ့ရသောကြောင့် ရတနာပုံတိုက်စစ်အားပျော့ခဲ့ရသည်။ ဒုတိယပိုင်းတွင် Southern အသင်း ချေပဂိုးရရန် ကြိုးပမ်းလာခဲ့ပြီး ရတနာပုံအသင်းမှာ ဂိုးထပ်မံရရှိ ရေးထက် ဂိုးမပေးရရေးကိုသာ ဦးစားပေးကစားခဲ့သည်။ Southern အသင်းသည် မကွေးနှင့်ပွဲကိုရွှေ့ဆိုင်းထားရသောကြောင့် ခြောက်ပွဲသာ ကစားရသေးပြီး နိုင်ပွဲ တစ်ပွဲသာရသေးသောကြောင့် လာမည့်ပွဲများတွင် ရုန်းကန် ရတော့မည်ဖြစ်သည်။
အောင်ဆန်းကွင်း၌ ကျင်းပသောပွဲတွင် မကွေး အသင်းက မောင်မောင်စိုး သွင်းယူသောဂိုးဖြင့် ချင်းယူနိုက်တက်ကို အနိုင်ရခဲ့သည်။ ပုသိမ်ကွင်း၌ကျင်းပသောပွဲတွင် ဧရာဝတီအသင်းက နေပြည်တော်ကို လေးဂိုးပြတ် သွင်းပြီး နိုင်ပွဲပြန်ရခဲ့သည်။ ဧရာဝတီအတွက် ဂိုးများကို သီဟဇော်က နှစ်ဂိုး၊ နိုင်လင်းဦး၊ ဆီမာစတန်တို့က သွင်းယူပေးခဲ့သည်။
သုဝဏ္ဏကွင်း၌ ကျင်းပသောပွဲတွင် ဇွဲကပင်က GFA ကို နှစ်ဂိုး-တစ်ဂိုးဖြင့်အနိုင်ရခဲ့သည်။ ဇွဲကပင်အတွက် ဂိုးများကို ဒိုနယ်နှင့်ဒီဂျမ်တို့က သွင်းယူခဲ့ပြီး GFA အတွက် ချေပဂိုးကို မိုင်းအိုက်နိုင်က သွင်းယူခဲ့သည်။
ပွဲစဉ်(၇)အပြီးတွင် ရန်ကုန်အသင်းက ၁၉ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ရှမ်းယူနိုက်တက်က ၁၆ မှတ်၊ လက်ရှိချန်ပီယံ ရတနာပုံက ၁၅ မှတ်၊ ဇွဲကပင်က ၁၃ မှတ်၊ ဧရာဝတီ၊ရခိုင်နှင့်မကွေးတို့က ရှစ်မှတ်စီ၊ ဟံသာဝတီက ခြောက်မှတ်၊ Southern နှင့် GFA တို့က ငါးမှတ်စီ၊ ချင်းယူနိုက်တက်နှင့် နေပြည်တော်တို့က လေးမှတ်စီ ရရှိထားသည်။
သတင်း-ရှိုင်းထက်ဇော်၊ ဓာတ်ပုံ-စိုးညွန့်

No comments:

Post a Comment