Friday, February 3, 2017

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ ခရီးသွား၊ နယ်စပ်ကုန်သွယ်မှုနှင့် ကျေးလက်ဒေသကဏ္ဍများတွင် တိုးမြှင့်ဆောင်ရွက်ရေး ဆွေးနွေး



Image may contain: 2 people, people standing
နေပြည်တော် ဖေဖော်ဝါရီ ၂
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E. Dr. Somkid Jatusripitak အား ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်တို့သည် နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပသည့် မြန်မာ-ထိုင်း နှစ်နိုင်ငံ ဆွေးနွေးပွဲသို့ တက်ရောက်ကြပြီး မြန်မာ-ထိုင်း နှစ်နိုင်ငံ ခရီးသွားကဏ္ဍ ပိုမိုမြှင့်တင်ဆောင်ရွက်ရေး၊ နယ်စပ်ကုန်သွယ်မှုကဏ္ဍ ပိုမိုတိုးမြှင့်ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံပိုမိုပူးပေါင်း ဆောင်ရွက်သွားရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
နှစ်နိုင်ငံဆွေးနွေးပွဲအပြီးတွင် မြန်မာ-ထိုင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့် ထားဝယ်အထွေထွေ ရောဂါကုဆေးရုံ အရေးပေါ်ဌာန အဆင့်မြှင့်တင်ရေး စီမံချက် နားလည်မှုစာချွန်လွှာ၊ ငါးလုပ်ငန်းပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာနှင့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ အဆင်ပြေစွာ ငွေလွှဲပို့နိုင်ရန် မြန်မာ့စီးပွားရေးဘဏ်နှင့် Krung Thai Bank တို့အကြားချုပ်ဆိုသည့် ငွေကြေးလွှဲပြောင်းမှုဆိုင်ရာ သဘောတူစာချုပ်တို့ကို နှစ်နိုင်ငံ အဆင့်မြင့်အရာရှိကြီးများက အပြန်အလှန် လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြသည်။
နှစ်နိုင်ငံဆွေးနွေးပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဦးသိန်းဆွေ၊ ဦးအုန်းမောင်၊ ဒုတိယဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြပြီး ဧည့်သည်တော် ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့်အတူ ထိုင်းနိုင်ငံ ဝန်ကြီးဌာနများမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဧည့်သည်တော် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်အား သင်္ဂဟဟိုတယ်၌ နေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment