Friday, February 3, 2017

လူများစုဖြစ်သည့်ဗမာများကသာ အခွင့်အရေးရနေသည်ဆိုသည့်စိတ်ဓာတ် မိမိတို့တိုင်းရင်းသားများ နှလုံးသားထဲတွင် ရှိသွားပြီဆိုလျှင် ပြည်ထောင်စုစိတ်ဓာတ်ကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ရန် လွယ်ကူမည်မဟုတ်ဟု ခေတ္တပြောင်းရွှေ့နေထိုင်သူများအတွက် ထောက်ပံ့ငွေပေးအပ်လှူဒါန်းပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြား

Image may contain: 2 people, people standing
နေပြည်တော် ဖေဖော်ဝါရီ ၂
ကချင်ပြည်နယ်အတွင်းရှိ နယ်မြေလုံခြုံရေး အခြေအနေအရ ကယ်ဆယ်ရေးစခန်းများတွင် ခေတ္တပြောင်းရွှေ့ နေထိုင်သူများအတွက် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ထောက်ပံ့ငွေပေးအပ်လှူဒါန်းပွဲကို ယနေ့ညနေ ၄ နာရီခွဲတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လှူဒါန်းသည်။
ထောက်ပံ့ငွေပေးအပ်လှူဒါန်းပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မိမိတို့ ယခုလိုထောက်ပံ့ငွေပေးခြင်းမှာ နယ်မြေလုံခြုံရေးအခြေအနေအရ ကယ်ဆယ်ရေးစခန်းများတွင် ခေတ္တပြောင်းရွှေ့နေထိုင်သူများအတွက် ထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်း၊ ကယ်ဆယ်ရေးစခန်းများတွင် ကျန်းမာရေးကို ဦးစားပေးစောင့်ရှောက်ရန် လိုအပ်ပါကြောင်း၊ ကျန်းမာရေးသည် အာဟာရပြည့်ဝရေးနှင့်လည်း ဆက်နွှယ်နေသည့်အတွက် နိစ္စဓူဝစားသောက်ရေးကိုလည်း အဓိကထားရမည်ဖြစ်ပါကြောင်း၊ ကယ်ဆယ်ရေးစခန်းများတွင် ကလေးသူငယ်များလည်းရှိသည့်အတွက် ကလေးသူငယ်များ ပညာရေးကို ဆက်လက်သင်ယူနိုင်အောင် ကူညီရမည်ဖြစ်ပါကြောင်း။
ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်စဉ်အတွင်း အကျိုးတစ်ခုခုရစေချင်ပါကြောင်း၊ ပညာတစ်ခုခုရသွား စေချင်ပါကြောင်း၊ ကလေးများသာမက လူကြီးများအတွက်လည်း အသက်မွေးဝမ်းကျောင်းပညာများကို တတ်နိုင်သမျှ ပံ့ပိုးပေးစေချင်ပါကြောင်း။
ယခုလိုစခန်းမျိုးတွင် နေထိုင်သည်မှာ မည်သို့မျှ မကောင်းဘဲ မည်သူမျှ ရေရှည်မနေချင်ပါကြောင်း၊ ထို့ကြောင့် အမြန်ဆုံး ကိုယ့်အိမ်ကိုယ့်ရာ ပြန်နိုင်အောင် လုပ်ပေးစေချင်ပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ကယ်ဆယ်ရေးစခန်းရှိ ပြည်သူများအတွက် အကောင်းဆုံးဖြစ်အောင် မည်ကဲ့သို့ဆောင်ရွက်ပေးနိုင်မည်ကို လွတ်လွတ်လပ်လပ် စဉ်းစားပြီး ဆုံးဖြတ်ရန်ဖြစ်ပါကြောင်း။
အမျိုးသမီးများအား အိမ်တွင်နေထိုင်ပြီး လုပ်ကိုင်နိုင်သည့် အသက်မွေးဝမ်းကျောင်းပညာများ သင်ပေးစေချင်ပါကြောင်း၊ သို့မှသာ နောင်ပြန်ပြီး ကိုယ့်ရပ်ကိုယ့်ရွာ ပြန်သွားလျှင် အရင်စခန်း၌ နေထိုင်ခဲ့ရသည်မှာ အကျိုးမဲ့မဟုတ်ဘဲ မိမိတို့ ပညာတစ်ခုတတ်လာပြီ၊ ယင်းပညာနှင့် မိမိတို့ဘဝ ပိုပြီးဖူလုံနိုင်အောင် လုပ်နိုင်သည့် အခွင့်အရေးများရပြီဆိုသည့် စိတ်ဓာတ်ဖြစ်စေချင်ပါကြောင်း၊ ဘယ်လိုအခြေအနေမျိုးမှာ ရောက်နေရောက်နေ ပိုမိုတိုးတက်နိုင်ရန်အတွက် နည်းလမ်းရှာပြီး ကူညီရမည်ဖြစ်ပါကြောင်း။
နယ်မြေတည်ငြိမ်သွားပြီ၊ လုံခြုံသွားပြီဆိုလျှင် မိမိတို့ ပြည်သူများက နောင် ယခုလိုစခန်းများတွင် နေရန်မလိုတော့ဘူးဟု မျှော်လင့်ပါကြောင်း၊ ထို့အတွက်လည်း ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဦးတည်ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ ငြိမ်းချမ်းမှ ယခုလိုစခန်းများလည်း ပပျောက်သွားမည် ဖြစ်ပါကြောင်း၊ မပပျောက်မချင်း ယခုလိုစခန်းများတွင် နေနေရသည့် ပြည်သူ ပြည်သားများ၏ အကျိုးကို ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ လှူဒါန်း ငွေများကို အသုံးပြုသည့်အခါ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးစိတ်ဓာတ်များ ပွားများအောင်လည်း လုပ်ပေးစေချင်ပါကြောင်း။
ကယ်ဆယ်ရေးစခန်းများတွင် တိုင်းရင်းသားလူမျိုးစုအမျိုးမျိုး ရှိနေပါကြောင်း၊ မိမိတို့အားလုံး ပြည်ထောင်စုသားများဖြစ်သည့်အတွက် ယခုလို ဒုက္ခခံရလျှင်လည်း အတူတူခံမည်၊ အကျိုးအမြတ်ရှိလျှင်လည်း မျှဝေပြီး ခံစားမည်ဆိုသည့် စိတ်ဓာတ်များ ဖြစ်စေချင်ပါကြောင်း။
လူများစုဖြစ်သည့်ဗမာများကသာ အခွင့်အရေးရနေသည်ဆိုသည့် စိတ်ဓာတ် မိမိတို့ တိုင်းရင်းသားများ နှလုံးသားထဲတွင် ရှိသွားပြီဆိုလျှင် ပြည်ထောင်စုစိတ်ဓာတ်ကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ရန် လွယ်ကူမည်မဟုတ်ပါကြောင်း၊ မိမိတို့အားလုံးမျှဝေပြီး ဤပြည်ထောင်စုကြီးတွင် အေးအတူ ပူအမျှ နေထိုင်လိုပါကြောင်း ပြောကြားသည်။
ထို့နောက် ကချင်ပြည်နယ်အတွင်းရှိ နယ်မြေလုံခြုံရေးအခြေအနေအရ ကယ်ဆယ်ရေးစခန်းများတွင် ခေတ္တပြောင်းရွှေ့နေထိုင်သူများအတွက် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ထောက်ပံ့ငွေကျပ် သိန်း ၃ဝဝဝ ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ကျေးဇူးတင်စကား ပြောကြားသည်။
ယနေ့လှူဒါန်းပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment