ရဲရင့်လင်းလက်
(ယခင်အပတ်မှအဆက်)
လက်နက်ကိုင်တပ်ဖွဲ့တွေအကြား ညှိနှိုင်းဆွေးနွေးမှု တိုးမြှင့်လုပ်ဆောင်တာကလည်း ပဋိပက္ခ အရှိန်မြင့်လာတာမျိုးကို လျှော့ချနိုင်ပါတယ်။ ပြဿနာတစ်စုံတစ်ခု ဖြစ်ခဲ့ရင် ချက်ချင်းညှိနှိုင်းနိုင်မယ့် အရေးပေါ်လိုင်း (hotline) ထားရှိတာကလည်း ပဋိပက္ခလျှော့ချရေးကို အထောက်အပံ့ဖြစ်စေပါတယ်။ လက်ရှိမှာ အရေးပေါ် လိုင်းကို တရုတ်နိုင်ငံနဲ့ ဂျပန်နိုင်ငံကြား၊ တရုတ်နိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံကြား၊ တရုတ်နဲ့ အာဆီယံကြားတွေမှာ ထားရှိပြီးပါပြီ။ ဒီိလိုအရေးပေါ်လိုင်းမျိုးထားရှိရေးကို တောင်တရုတ်ပင်လယ် ပိုင်နက်နယ်မြေအငြင်းပွားမှုမှာ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံအားလုံးကြားမှာ ဆောင်ရွက်သင့်ပါတယ်။ မတော်တဆဖြစ်ရပ်တွေကနေ ပဋိပက္ခအဆင့်ကို ကူးတော့မလို အနေအထားမျိုးမှာ သက်ဆိုင်ရာ နိုင်ငံ့ခေါင်းဆောင်တွေအကြား ညှိနှိုင်းနိုင်ဖို့ ဒီအရေးပေါ် လိုင်းတွေက အရေးကြီးပါတယ်။ ဒီလို မတော်တဆ ဖြစ်ရပ်တွေကလည်း မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပါတယ်။ ရေတပ်သင်္ဘောတွေရဲ့ လှုပ်ရှားမှုကို ကုန်တင် သင်္ဘောတွေနဲ့ ငါးဖမ်းသင်္ဘောတွေက အဓိပ္ပာယ်ကောက် လွဲတာမျိုးဟာ ဖြစ်လေ့ရှိပါတယ်။ ၂ဝ၁၅ ခုနှစ် အောက်တိုဘာလမှာ တရုတ်နိုင်ငံက အဆိုပြုခဲ့သလို ပူးတွဲရေတပ်စစ်ရေး လေ့ကျင့်မှုတွေဟာ သက်ဆိုင်ရာ ရေတပ်တွေအကြား နားလည်ယုံကြည်မှု တိုးပွားစေပြီး မလိုလားအပ်တဲ့ ဖြစ်ရပ်တွေကို လျော့နည်းစေမှာပါ။
တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပွားနေတဲ့ အငြင်းပွားမှုတွေလျှော့ချနိုင်လို့ တရုတ်နိုင်ငံနဲ့ အာဆီယံနိုင်ငံတွေကြား ထူထောင်ထားရှိတဲ့ ဘက်ပေါင်းစုံ ဆက်ဆံညှိနှိုင်းရေးစံချိန်စံညွှန်းမျိုး ထူထောင်ထားရှိဖို့ စဉ်းစားသုံး သပ်သင့်ပါတယ်။ တကယ်ကတော့ ၂ဝဝ၂ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ တောင်တရုတ်ပင်လယ်အတွင်း သက်ဆိုင်ရာ နိုင်ငံတွေရဲ့ ဆက်ဆံရေးမူဝါဒကြေညာချက် (Declaration on the Conduct of Parties in the South China Sea) မှာ ဘက်ပေါင်းစုံအန္တရာယ်လျှော့ချရေးနဲ့ ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်းစဉ်တွေပါဝင်ပြီးသားပါ။ သမိုင်းအရပြောရရင် တရုတ်နိုင်ငံဟာ ပြဿနာတွေကို သက်ဆိုင်ရာ နှစ်နိုင်ငံချင်း ညှိနှိုင်းတာမျိုးကို လိုလားပေမယ့် တရုတ်နိုင်ငံနဲ့ အာဆီယံအဖွဲ့အကြား ဆွေးနွေးတိုင်ပင်နေတာကို ကြည့်လိုက်ရင် ဘက်ပေါင်းစုံ ပေါင်းစပ်ညှိနှိုင်းရေးကိုလည်း ဦးတည်နေတာကိုတွေ့ရပါတယ်။ ဒီလိုဘက်ပေါင်းစုံ ပေါင်းစပ်ညှိနှိုင်းရေးတွေက ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ပြီး ပြဿနာဖြေရှင်းနိုင်ရေးကို ဦးတည်စေမှာပါ။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်းပြောရရင် တစ်ဖက်မှာ တရုတ်နိုင်ငံက အာဆီယံအဖွဲ့နဲ့ဘက်ပေါင်းစုံညှိနှိုင်းရေးလုပ်နေသလို တစ်ဖက်မှာလည်း တရုတ်နိုင်ငံက အစဉ်အလာအရ နှစ်နိုင်ငံချင်း ညှိနှိုင်းတာကို အားသန်မှုတွေကြားဘယ်လို တိုးတက်ဖြစ်ထွန်းမှုတွေ ဖြစ်လာမလဲဆိုတာကတော့ ခန့်မှန်းဖို့ မလွယ်ပါဘူး။
ဒီလိုပင်လယ်ပိုင်နက်နယ်မြေ အငြင်းပွားမှုတွေကို နိုင်ငံတကာတရားရုံးတွေကတစ်ဆင့် ဖြေရှင်းနိုင်မယ် ဆိုရင်လည်း ပဋိပက္ခဖြစ်ပွားနိုင်ခြေကိုလျှော့ချနိုင်မှာပါ။ ဒီလို ပင်လယ်ပိုင်နက်နယ်မြေ အငြင်းပွားမှုတွေကို ဖြေရှင်း ဖို့ဆိုရင် နိုင်ငံတကာတရားရုံးနှစ်ခုရှိပါတယ်။ ပထမ တစ်ခုက နိုင်ငံတကာတရားရုံး (The International Court of Justice-ICJ)ပါ။ ဒုတိယတစ်ခုက ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာခုံရုံး (The International Tribunal for the law of the sea)ပါ။၂ဝ၁၃ ခုနှစ် ဇူလိုင်လမှာ နယ်သာလန်နိုင်ငံသည်ဟိဂ်(The Hague)မြို့မှာ ကုလသမဂ္ဂခုံရုံးကို ဖွင့်လှစ်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်နိုင်ငံက သူပိုင်ဆိုင် တယ်ဆိုတဲ့ နယ်မြေတွေနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်နိုင်ငံက သူ့နိုင်ငံကသာ အမှန်တကယ်ပိုင်ဆိုင်ပါတယ်လို့ တင်ပြလာတဲ့ အပေါ်စီရင်ဆုံးဖြတ်ဖို့ပါ။ ကုလသမဂ္ဂခုံရုံးက ၂ဝ၁၆ ခုနှစ် ဇူလိုင်လမှာ ဖိလစ်ပိုင်နိုင်ငံကို အသာပေးဆုံးဖြတ်ခဲ့ပါတယ်။ ကုလသမဂ္ဂခုံရုံးရဲ့ ဆုံးဖြတ်ချက်မှာ တရုတ်နိုင်ငံက သူတို့ ပိုင်ဆိုင်တယ်လို့ ပြောဆိုထားတဲ့ ပင်လယ်ပြင်နယ်နိမိတ်ဟာ ဥပဒေကြောင်းအရ ခိုင်မာမှုမရှိတဲ့အတွက် တောင်တရုတ် ပင်လယ်အတွင်းက သယံဇာတတွေကို တရုတ်နိုင်ငံအနေနဲ့ ပိုင်ဆိုင်ခွင့်မရှိဘူးလို့ ဆုံးဖြတ်ခဲ့တာပါ။ သဘောကတော့ ဒီပင်လယ်ပြင်နယ်နိမိတ်ဟာ တရုတ်နိုင်ငံရဲ့ သီးသန့် စီးပွားရေးဇုန်မဟုတ်ဘူးဆိုတဲ့ သဘောပါ။ တရုတ်နိုင်ငံက ကုလသမဂ္ဂခုံရုံးရဲ့ဆုံးဖြတ်ချက်ကို ပယ်ချခဲ့ပြီး ကုလသမဂ္ဂ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ဟာ မဖြစ်မနေလိုက်နာရမယ့် ဥပဒေအကျိုးသက်ရောက်မှုမျိုးမရှိဘူးလို့ ထောက်ပြခဲ့ပါတယ်။ နောက်နည်းလမ်းတစ်ခုက ကြားလူအဖြစ် စေ့စပ်ညှိနှိုင်း ပေးမယ့် အဖွဲ့အစည်း(ဒါမှမဟုတ်)ပုဂ္ဂိုလ်ရဲ့ အကူအညီကို ရယူတာပါ။ ဒါပေမယ့် ဒဲ့ပြောရရင် ဒီလိုနည်းလမ်းကလည်း အောင်မြင်ဖို့က မလွယ်ပါဘူး။ တရုတ်နိုင်ငံက သူ့စိတ်ကြိုက် အဖြေမျိုးမဟုတ်ခဲ့ရင် ကန့်ကွက်နိုင်လို့ပါ။
သံတမန်ရေးရှုထောင့်အရ ပြောမယ်ဆိုရင် တင်းမာမှုတွေ တိုးပွားလာခဲ့ရင် သံတမန်ရေးလှုပ်ရှားမှုတွေ မြင့်တက်လာနိုင်ပါတယ်။ အစပထမပိုင်းမှာ အမေရိကန်နိုင်ငံက စေ့စပ်ညှိနှိုင်းတဲ့ အခန်းကဏ္ဍကနေ ဆောင်ရွက်ခဲ့ပါတယ်။ တောင်တရုတ်ပင်လယ်မှာ ပဋိပက္ခဖြစ်ပွားတော့မလိုဖြစ်ခဲ့ရင် အာဆီယံအဖွဲ့ကပဲဖြစ်ဖြစ်၊ စင်ကာပူနိုင်ငံလို ကြားနိုင်ငံမျိုးကဖြစ်ဖြစ် ဝင်ရောက်ညှိနှိုင်းပေးနိုင်ခြေရှိပါတယ်။ ပဋိပက္ခဖြစ်ပွားနေတဲ့ အချိန်မျိုးဆိုရင် သက်ဆိုင်ရာ နိုင်ငံတွေက ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးခေါ်ယူပေးဖို့ တောင်းဆိုနိုင်ပေမယ့် တရုတ်နိုင်ငံဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အမြဲတမ်း အဖွဲ့ဝင် ငါးနိုင်ငံထဲက တစ်နိုင်ငံဖြစ်နေလို့ ဒီနည်းလမ်းရဲ့ ထိရောက်မှုက မသေချာပါဘူး။ တရုတ်နိုင်ငံရဲ့ အရှေ့ဘက် ပင်လယ်ပြင်မှာ နှစ်နိုင်ငံဆိုင်ရာ ပဋိပက္ခဖြေရှင်းရေး သဘောတူညီချက်က ပထမဦးဆုံးဖြစ်နိုင်ခြေလို့ ပြောရမှာပါ။ တရုတ်နိုင်ငံနဲ့ ဂျပန်နိုင်ငံတွေဟာ ပဋိပက္ခအသွင် မကူးပြောင်းရေးနှင့် ပဋိပက္ခဖြေရှင်းမှုဆိုင်ရာ သဘောတူညီချက်တွေကို ညှိနှိုင်းဆွေးနွေးနိုင်ပါတယ်။ တရုတ် နိုင်ငံနဲ့ ဂျပန်နိုင်ငံတွေဟာ ၂ဝ၁၄ ခုနှစ် နိုဝင်ဘာလမှာ အချက်လေးချက်ပါ နှစ်နိုင်ငံဆက်ဆံရေးမူဝါဒကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီမူဝါဒဟာ ပဋိပက္ခလျှော့ချရေးမှာ အရေးပါတဲ့ အောင်မြင်မှုအဆင့်သစ်တစ်ခုပါ။
စီးပွားရေးပိုင်းကို ကြည့်တဲ့အခါ သက်ဆိုင်ရာနှစ်နိုင်ငံကြား ကုန်သွယ်မှုက ဘယ်လိုပဲကျယ်ပြန့် ကျယ်ပြန့်ပဋိပက္ခကြောင့် စီးပွားရေးပိတ်ဆို့မှုက ဖြစ်လာနိုင်တဲ့ အလားအလာတစ်ရပ်ပါ။ တရုတ်နိုင်ငံရဲ့ လုပ်ဆောင်ချက်တစ်ခုခုကြောင့် အမေရိကန်နိုင်ငံက တရုတ်နိုင်ငံအပေါ် နိုင်ငံတကာဘဏ္ဍာရေး ငွေလွှဲငွေယူကိစ္စရပ်တွေမှာ ပိတ်ဆို့ဟန့်တားမှုတွေ ချမှတ်နိုင်ပါတယ်။ တရုတ်နိုင်ငံရဲ့ နိုင်ငံတကာကုန်သွယ်ရေးအပေါ် ပိတ်ဆို့ဟန့်တားမှုတွေ ချမှတ်နိုင်ပါတယ်။ အဆုံးစွန်ထိပြောရရင် နှစ်နိုင်ငံကြား ခရီးသွားလာမှုကိုတောင် ဟန့်တားပိတ်ပင်နိုင်ပါတယ်။ တရုတ်နိုင်ငံကလည်း လက်တုံ့ပြန်တဲ့အနေနဲ့ တရုတ် နိုင်ငံကို တင်ပို့မယ့် အမေရိကန်ပို့ကုန်တွေကို ပိတ်ပင်နိုင်ပါတယ်။ တရုတ်နိုင်ငံက သူ့လက်ထဲမှာ အမြောက်အမြားရှိတဲ့ အမေရိကန်အစိုးရ ငွေချေးစာချုပ်တွေကို ပြန်ရောင်းထုတ် တာမျိုးလုပ်လာနိုင်ပါတယ်။ ဒီလိုဖြစ်ရပ်မျိုးတွေက သမိုင်းမှာ ဖြစ်ခဲ့ဖူးပါတယ်။ ၂ဝ၁၂ ခုနှစ်က တရုတ်နိုင်ငံအတွင်း ဂျပန်နိုင်ငံလုပ် ကုန်ပစ္စည်းတွေအပေါ် သပိတ်မှောက်တဲ့ လှုပ်ရှားမှုတွေ ဖြစ်ခဲ့ပါတယ်။ ၂ဝ၁ဝ ခုနှစ် နယ်မြေကတောက်ကဆတ် နောက်ပိုင်း ဂျပန်နိုင်ငံက တရုတ်နိုင်ငံဟာ ရှားပါးသတ္တု(rare earth minerals) ဂျပန်နိုင်ငံတင်ပို့မှုကို ရည်ရွယ်ချက်ရှိရှိ တမင်ရပ်တန့်ခဲ့တယ်လို့ စွပ်စွဲခဲ့ဖူးပါတယ်။ တရုတ်နိုင်ငံက ဒီစွပ်စွဲချက်ကို ငြင်းဆိုခဲ့ပေမယ့် လက်တွေ့မှာတော့ ဒီလုပ်ရပ်ဟာ သယံဇာတ တင်သွင်းမှုတွေအပေါ် မှီခိုနေရတဲ့ ဂျပန်နိုင်ငံအတွက် အထိနာစေခဲ့ပါတယ်။
စစ်ရေးမျက်နှာစာကို ကြည့်ရင်တော့ တောင်တရုတ် ပင်လယ်ပြင်စစ်ရေးပဋိပက္ခမှာသာ ဂျပန်နိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံတို့သာ ပါဝင်ခဲ့ရင် အမေရိကန်နိုင်ငံဟာ ဒီနှစ်နိုင်ငံ စလုံးနဲ့ ကာကွယ်ရေးစာချုပ် ချုပ်ဆိုထားတဲ့အတွက် ဒီစစ်ရေးပဋိပက္ခမှာ အမေရိကန်နိုင်ငံပါ ပါဝင်ပတ်သက်လာမှာပါ။ ဂျပန်နိုင်ငံနဲ့ချုပ်ဆိုထားတဲ့ စာချုပ်အရ ဂျပန်နိုင်ငံ ပါဝင်ပတ်သက်နေတဲ့ စစ်ရေးပဋိပက္ခဖြစ်ပြီဆိုရင် အမေရိကန်နိုင်ငံအနေနဲ့ ဂျပန်နိုင်ငံကို ကာကွယ်ပေးရမှာပါ။ ဖိလစ်ပိုင်နိုင်ငံနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သဘောကတော့ ဖိလစ်ပိုင်နိုင်ငံပါဝင်ပတ်သက်နေတဲ့ စစ်ရေးပဋိပက္ခမှာ အမေရိကန်နိုင်ငံက ဖိလစ်ပိုင်နိုင်ငံကို လိုအပ်တဲ့ စစ်ရေးထောက်ပံ့ကူညီမှုတွေကို ပြုလုပ်ပေးရမှာပါ။ တရုတ်နိုင်ငံနဲ့ ဂျပန်နိုင်ငံကြားမှာသာ စစ်ရေးပဋိပက္ခ ဖြစ်ပွားခဲ့ရင် အမေရိကန်နိုင်ငံအနေနဲ့ တရုတ်-အမေရိကန် ပင်လယ်ပြင်စစ်ရေးညှိနှိုင်းရေးသဘောတူညီချက် (US-China Military Maritime Consultative Agreement)အရ ထူထောင်ထားတဲ့ ဆက်ဆံရေးယန္တရားကတစ်ဆင့် တရုတ်-ဂျပန်အကြား စေ့စပ်ညှိနှိုင်းရေးကို ဆောင်ရွက်နိုင်ပါတယ်။ တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်နိုင်ငံက သူပိုင်ဆိုင်တယ်လို့ ကြေညာထားတဲ့ နယ်မြေတွေနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံက ကန့်ကွက်ပြောဆိုထားသလို တရုတ်နိုင်ငံရဲ့ ကျွန်းတုတည်ဆောက်မှုတွေနဲ့ စစ်ရေးဖြန့်ကြက်မှုတွေဟာ ဒေသအတွင်း တင်းမာမှုတိုးပွား စေတယ်လို့ ဝေဖန်ပြောဆိုနေတာပါ။ အမေရိကန်နိုင်ငံက ၂ဝ၁၅ ခုနှစ်မှာ တရုတ်နိုင်ငံကတည်ဆောက်ထားတဲ့ ကျွန်းတုတွေဆီ ထောက်လှမ်းရေးလေယာဉ်တွေ စေလွှတ်ခဲ့သလို ပါရာဆယ်နဲ့ စပရက်တလီကျွန်းစုတွေရဲ့ ရေမိုင် ၁၂ မိုင်အကွာအဝေးအထိ အမေရိကန်ရေတပ်စစ်သင်္ဘောတွေ စေလွှတ်ခဲ့ပါတယ်။ သဘောကတော့ တရုတ်နိုင်ငံက သူပိုင်ဆိုင်တယ်လို့ပြောဆိုနေတဲ့ ပင်လယ်ပြင်ဟာ နိုင်ငံတကာက လွတ်လပ်စွာသွားလာခွင့်ရှိတဲ့ ပင်လယ်ပြင်ပါလို့ မီးမောင်းထိုး ပြသနေတာပါ။ အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရန့်လက်ထက်မှာ ကျင့်သုံးမယ့် တောင်တရုတ် ပင်လယ်ဆိုင်ရာ မူဝါဒဟာ အမေရိကန်-တရုတ်ဆက်ဆံရေးမှာရော ဒေသတွင်းလုံခြုံတည်ငြိမ်ရေးမှာပါ အခရာကျမယ် ဆိုတာကတော့ ယုံမှားသံသယဖြစ်စရာ မရှိပါဘူး။ ။
No comments:
Post a Comment