Sunday, February 26, 2017

အိမ်ဖြူတော်တွင်ကျင်းပသော သတင်းစာရှင်းလင်းပွဲသို့ မီဒီယာအချို့တက်ရောက်ရန် ပိတ်ပင်ခြင်းခံရ



Image may contain: 1 person, suit and text
ဝါရှင်တန် ဖေဖော်ဝါရီ ၂၅
အိမ်ဖြူတော်တွင်ကျင်းပသော သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်သတင်းယူရန် စီအင်န်အင်န်နှင့် သည်နယူး ယောက်တိုင်းမ် အပါအဝင် အခြားသောသတင်းအေဂျင်စီများအား ဖေဖော်ဝါရီ ၂၄ ရက်တွင် အိမ်ဖြူတော်က ပိတ်ပင်ခဲ့ကြောင်း အင်န်အိတ်ခ်ျကေသတင်းတစ်ရပ်အရ သိရသည်။
ယခုရက်ပိုင်းအတွင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ဆီရန်းစပိုက်ဆာက သတင်းစာရှင်းလင်းပွဲများကို နေ့စဉ်နီးပါး ကျင်းပပေးလျက်ရှိသည်။ သို့သော် ဖေဖော်ဝါရီ ၂၄ ရက်တွင် အချို့သောမီဒီယာများကိုသာ သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခွင့်ပြုပြီး သတင်းရယူသည့် အခန်းမှသာ သတင်းဓာတ်ပုံများ ရိုက်ခွင့်ပြုခဲ့သည်။
ဖေဖော်ဝါရီ ၂၄ ရက်တွင် အေဘီစီ၊ ဖောက်စ်၊ ရိုက်တာနှင့်အခြားသော ကွန်ဆာဗေးတစ် အွန်လိုင်းသတင်း မီဒီယာများနှင့် သတင်းစာများကိုသာ သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခွင့်ပြုခဲ့ကြောင်းသိရသည်။
ယင်းသို့မီဒီယာများအား ခွဲခြားဆက်ဆံခြင်းသည် မီဒီယာသမားများအတွက် လက်သင့်မခံနိုင်သည့် လုပ်ရပ်ပင်ဖြစ်ကြောင်းနှင့် ထိုသို့လုပ်ဆောင်ခြင်းသည် အစိုးရ ကြိုက်နှစ်သက်ခြင်းမရှိသည့် သတင်းများကို ရေးသားပါက ယခုကဲ့သို့ တားမြစ်ပိတ်ပင်ခြင်း(သို့မဟုတ်) ခွဲခြားဆက်ဆံ ခြင်းခံရမည်ဟု သိသာထင်ရှားစွာ ပြသလိုက်ခြင်းပင်ဖြစ်ကြောင်း စီအင်န်အင်န်သတင်းအေဂျင်စီက ဆိုသည်။
သည်နယူးယောက်တိုင်းမ် သတင်းစာ၏ အမှုဆောင်အယ်ဒီတာက ၎င်းတို့အနေဖြင့် နိုင်ငံရေးပါတီများနှင့် အုပ်ချုပ်မှုစနစ်အမျိုးမျိုးလက်အောက်တွင် မီဒီယာလုပ်ငန်းကို လုပ်ကိုင်ခဲ့သည့် အတွေ့အကြုံများစွာ ရှိပါသော်လည်း ယခုကဲ့သို့ မီဒီယာများအပေါ် ခွဲခြား ဆက်ဆံခြင်းကို မည်သည့်အစိုးရလက်ထက်တွင်မှ မကြုံဖူးသေးကြောင်း ပြောကြားခဲ့သည်။
အမေရိကန်သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလအတွင်း သမ္မတဒေါ်နယ်လ်ထရန့်၏ နောက်လိုက်များက မဲအနိုင်ရရှိရေးအတွက် ရုရှားနိုင်ငံအား အဆက်အသွယ်ပြုလုပ်ခဲ့ခြင်း ရှိ၊ မရှိဆိုသည်နှင့်ပတ်သက်ပြီး စွပ်စွဲမှုများအား ပယ်ဖျက်ရန် အိမ်ဖြူတော်က အက်ဖ်ဘီ အိုင်ကို တောင်းဆိုခဲ့သည်ဟု စီအင်န်အင်န်သတင်းဌာနက ဖေဖော်ဝါရီ ၂၃ ရက်တွင် သတင်းရေးသားဖော်ပြခဲ့သည်။
ထိုသို့ စီအင်န်အင်န်သတင်းဌာန၏ သတင်းရေးသားတင်ပြမှုသည် တိကျမှန်ကန်မှုမရှိကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူဆီရန်းစပိုက်ဆာက ပြန်လည်တုံ့ပြန် ပြောကြားခဲ့သည်။
သမ္မတဒေါ်နယ်လ်ထရန့်က သတင်းမီဒီယာ၏ အရေးပါပုံကို ဦးစားပေးပြောကြားလေ့ရှိပြီး မဟုတ်မမှန် သတင်းရေးသားဖော်ပြခြင်းသည် ပြည်သူများအတွက် အန္တရာယ်ဖြစ်စေနိုင်သည်ဟု မကြာခဏပြောကြား ကြောင်းသိရသည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment