Sunday, February 26, 2017

ရန်ကုန်လေဆိပ်၌ ပစ်ခတ်သတ်ဖြတ်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကျင်းပ ဖြစ်စဉ်တွင် ကွင်းဆက် ဆက်နွှယ်သူများကို ပြည်သူများသိရှိရန် ပွင့်လင်းမြင်သာစွာ ချပြရှင်းလင်း



Image may contain: 2 people, crowd and indoor
ရန်ကုန် ဖေဖော်ဝါရီ ၂၅

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဦးကိုနီ ပစ်ခတ်သတ် ဖြတ်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ ပစ်ခတ်ထွက်ပြေးသူ ကြည်လင်း (ခ)ဖိုးထူး၊ ကြည်လင်းအား စေခိုင်းသူ အောင်ဝင်းဇော်၊ ပြစ်မှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူ ဇေယျာဖြိုးတို့ကို ဖမ်းဆီးရမိ ထားကြောင်း၊ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူ အောင်ဝင်းခိုင်မှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး အမှုနှင့်ပတ်သက်၍ ဖမ်းဆီး ရမိသူ သုံးဦးအပြင် အမျိုးသား ၇၁ ဦး၊ အမျိုးသမီး နှစ်ဦးကို ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။

အမှုမှ ထွက်ပြေးတိမ်းရှောင်နေသူ အောင်ဝင်းခိုင်အား ဖမ်းဆီးရမိရေးအတွက် ¤င်း၏ဓာတ်ပုံနှင့် အချက်အလက်များ အား ပြည်တွင်း၌ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးသို့ ဖြန့်ဝေ၍ စုံစမ်းဖော်ထုတ်လျက်ရှိသည့်အပြင် နိုင်ငံတကာ ရဲတပ်ဖွဲ့နှင့် အာဆီယံရဲတပ်ဖွဲ့တို့သို့လည်း ပေးပို့ချိတ်ဆက် ဆောင်ရွက်လျက်ရှိကြောင်း ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ကမာရွတ်မြို့နယ် မူးယစ်ဆေးဝါးပပျောက်ရေးအထိမ်းအမှတ် ပြတိုက် အစည်းအဝေးခန်းမ၌ ကျင်းပသည့် သတင်းစာရှင်းလင်း ပွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ရဲချုပ်ဇော်ဝင်းက ပြောကြား သည်။

ပြစ်မှုကျူးလွန်သူ ကြည်လင်း(ခ) ဖိုးထူးမှာ ၁၉၈၅ ခုနှစ်တွင် ဘုရားခိုးမှုဖြင့် ထောင်ဒဏ် ၇ နှစ်ကျခံခဲ့ပြီး ၂ဝဝ၃ ခုနှစ် တွင် ရှေးဟောင်းပစ္စည်းနှင့် ဘုရားခိုးမှုဖြင့် ထောင်ဒဏ် ၂၇ နှစ် ပြစ်ဒဏ်ချမှတ်ခံ ရကာ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ် မြောက်လာသူဖြစ်သည်။ 

ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပြီး ထွက်ပြေးတိမ်းရှောင်နေသူ အောင်ဝင်း ခိုင်သည် ၂ဝ၁၄ ခုနှစ်တွင် ဒုတိယ ဗိုလ်မှူးကြီးအဆင့်ဖြင့် တပ်မတော်မှ နုတ်ထွက်လာပြီးနောက် ယခင် တပ်မတော်အတွင်း ရင်းနှီးခဲ့သူ ဇေယျာ ဖြိုးနှင့် ပြန်လည်တွေ့ဆုံကာ ဇေယျာဖြိုးမှ စီးပွားရေး အတူလုပ်ရန် ကမ်းလှမ်းချက် အရ ၂ဝ၁၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် ရောင်ဝါဖြိုးကုမ္ပဏီအား ပူးပေါင်း တည်ထောင်ကာ အောင်ဝင်းခိုင်ကMD အဖြစ် လည်းကောင်း၊ ဇေယျာဖြိုး၏ ဇနီးဖြစ်သူ မသီတာလွင်နှင့် ညီဖြစ်သူ ရဲဟိန်းတို့က ဒါရိုက်တာများအဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ဇေယျာဖြိုးသည် ၂ဝ၁၆ ခုနှစ် ဧပြီ လဆန်းခန့်တွင် အောင်ဝင်းခိုင်၊ လင်းဇော် ထွန်းတို့နှင့် တာမွေမြို့နယ်ရှိ မော်ဒန် လက်ဖက်ရည်ဆိုင်၌ မကြာခဏ တွေ့ဆုံ စဉ် လူမှုကွန်ရက်များတွင် တွေ့နေရသည့် ဦးကိုနီ၏ ပြောဆိုလုပ်ကိုင်ဆောင်ရွက် နေမှုများကို ပြောဆိုဆွေးနွေးခဲ့ကြပြီး အမျိုးသားရေးစိတ်ဓာတ်များ ပြင်းထန်စွာ ဖြစ်ပေါ်လာကာ လူငယ်သဘာဝအရ ပုဂ္ဂိုလ်ရေးမကျေနပ်မှုများ ဖြစ်ပေါ်လာခဲ့ ခြင်းမှ အစပြု၍ ယခုကဲ့သို့ လုပ်ကြံမှုဖြစ် စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ရဲချုပ်က ပြောကြားခဲ့သည်။ 

ဇေယျာဖြိုးနှင့် အောင်ဝင်းခိုင်တို့ သည် ဦးကိုနီအား ရှင်းပစ်ရန် တိုင်ပင်ခဲ့ ကြကာ အောင်ဝင်းခိုင်က အောင်ဝင်းဇော် ထံ ဦးကိုနီအား သတ်ရန် ကြိုတင်ငွေ အဖြစ် ၂ဝ၁၆ ခုနှစ် ဧပြီလတွင် ငွေကျပ် သိန်း ၄ဝဝ ပေးခဲ့ပြီး ဇေယျာဖြိုးက အောင်ဝင်းခိုင်အား ၂ဝ၁၆ ခုနှစ် သြဂုတ် လတွင် ငွေကျပ်သိန်း ၁ဝဝဝ ကို ပေးအပ်ခဲ့ သည်ဟု သိရသည်။ 

ဇေယျာဖြိုးမှာ ၁၉၉၃ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်းအမှတ်စဉ် ၃၈ သို့ တက်ရောက် အောင်မြင်ခဲ့ပြီး တပ်မတော်သတင်း စုဆောင်းရေး အတတ်သင်ကျောင်း၌ ဗိုလ်ကြီးအဆင့်ဖြင့် တာဝန်ထမ်းဆောင် နေစဉ် ၂ဝဝ၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် အငြိမ်းစားပေးခြင်း ခံခဲ့ရသည်။ ဇေယျာ ဖြိုးသည် ZYP Co; Ltd, AIS Co; Ltd , 38 Group ကုမ္ပဏီနှင့် ရောင်ဝါ ဖြိုးကုမ္ပဏီတို့ကို တည်ထောင်လုပ်ကိုင် နေသူဖြစ်သည်။ 

အောင်ဝင်းခိုင်က သူ၏အစ်ကို အောင်ဝင်းဇော်နှင့်တိုင်ပင်ပြီး ယခုဖြစ်စဉ် ကို ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း၊ အောင်ဝင်းဇော်ဆိုသူမှာ ၁၉၈၉ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၃၄ သို့ တက်ရောက်ခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် ဗိုလ် အဆင့်ဖြင့် တာဝန်ထမ်းဆောင်နေစဉ် တပ်မတော်အက်ဥပဒေပုဒ်မ ၄၃ (ဃ) ဖြင့် ထောင်ဒဏ် ၂ နှစ် တစ်ကြိမ်၊ ထောင်မှ ပြန်လည်လွတ်မြောက်ခဲ့ပြီး ၂ဝဝ၂ ခုနှစ်တွင် ဘုတလင်မြို့နယ်၌ ကြည်လင်း(ခ)ဖိုးထူးနှင့်အတူ ဘုရားခိုးမှု သုံးမှုဖြင့် ထောင်ဒဏ် ၂၇ နှစ် တစ်ကြိမ် ပြစ်ဒဏ်ချမှတ်ခံရကာ ၂ဝ၁၄ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ် မြောက်လာသူတစ်ဦးဖြစ်ကြောင်း။

အောင်ဝင်းဇော်သည် ၂ဝ၁၆ ခုနှစ် မေလခန့်တွင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်နေ နဂါး(ခ)အောင်ကြည်လင်း(ခ) အောင်ကြည်စိုး(ခ)အောင်နိုင်မြင့် ထံ ဆက်သွယ်၍ ဦးကိုနီအား ဓား သို့မဟုတ် စကေဘာဖြင့် ထိုးသတ်ရန် ညှိနှိုင်းခဲ့ပြီး နဂါးက ငွေကျပ်သိန်း ၂ဝဝ နှင့် လိုင်စင်မဲ့ ကားတစ်စီးဖြင့် သတ်ပေးရန် သဘော တူညီခဲ့သော်လည်း နောက်ပိုင်းတွင် နဂါး မှာ တိမ်းရှောင်သွားသဖြင့် အဆင်မပြေ ခဲ့ကြောင်း။
၂ဝ၁၆ ခုနှစ် ဇူလိုင်လတွင် အင်းစိန် မြို့နယ်နေ အောင်စိုးအား သွားရောက် တွေ့ဆုံ၍ သံတမန်တစ်ဦးအား သတ်ဖြတ် ပေးရန်နှင့် အခကြေးငွေပေးမည်ဟု ကနဦး ညှိနှိုင်းခဲ့သော်လည်း အောင်စိုးက ငြင်းဆိုသဖြင့် ဆောင်ရွက်နိုင်မှုမရှိခဲ့ ကြောင်း ရဲချုပ်၏ ရှင်းလင်းပြောကြားချက် တွင် ပါရှိသည်။ 

အောင်ဝင်းဇော်က ၂ဝ၁၆ ခုနှစ် သြဂုတ်လတွင် ကြည်လင်းအား ဦးကိုနီ၏ ဓာတ်ပုံအား ပြသ၍ လုပ်ကြံသတ်ဖြတ်ရန် ညှိနှိုင်းခဲ့ရာ ငွေကျပ်သိန်း ၂ဝဝ တန် ကား တစ်စီးရပါက ဆောင်ရွက်ပေးမည်ဟု ကြည်လင်းက သဘောတူခဲ့ကြောင်း၊ ကြည်လင်းအား အောင်ဝင်းဇော်က ငွေကျပ် ၂၄ သိန်းခန့် ကြိုတင်ပေးခြင်း၊ ၉ မမ ပစ္စတိုတစ်လက်နှင့် ကျည် ၁၁ တောင့်၊ ငါးလုံးပြူးသေနတ်တစ်လက်နှင့် ကျည်လေးတောင့်တို့ကို ငွေကျပ် ၅၅ သိန်းဖြင့် ဝယ်ယူခြင်း၊ ဦးကိုနီ နေထိုင် သည့် ၃၇ လမ်း၊ ၄၂ လမ်း၊ ဗိုလ်အောင် ကျော်လမ်းရှိ နေအိမ်များသို့ ခုနစ်ကြိမ်ခန့် လိုက်လံချောင်းမြောင်းခြင်းတို့ကို ဆောင် ရွက်ခဲ့ပြီး ဇန်နဝါရီ ၂၉ ရက် ညနေ ၄ နာရီ ၅၉ မိနစ်ခန့်တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်Terminal – 1 ဂိတ် အမှတ်(၆) အပြင်ဘက် မော်တော်ယာဉ် ရပ်နားရာ နေရာတွင် ကလေးချီလျက် ရပ်နေသည့် ဦးကိုနီ၏ နောက်စေ့ကို ကြည်လင်းက သေနတ်ဖြင့် ချိန်ရွယ်၍ အနီးကပ်တစ်ချက်ပစ်ခတ်ပြီး ထွက်ပြေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကြည်လင်းအား ဇန်နဝါရီ ၂၉ ရက် ညနေ ၅ နာရီကျော်ခန့်တွင် လေဆိပ် ယာဉ်ရပ်နားကွင်းအနီးရှိ ပြည်သူများ၊ အငှားယာဉ်မောင်းများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပိတ်ဆို့ဖမ်းဆီးရမိခဲ့ပြီး အောင်ဝင်းဇော်အား ဇန်နဝါရီ ၃ဝ ရက် နံနက် ၄ နာရီ မိနစ် ၂ဝ တွင် ကရင် ပြည်နယ် သံလွင်တံတား(ဘားအံ) စစ်ဆေးရေးဂိတ်၌ ကရင်ပြည်နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကာ ဇေယျာဖြိုး ကို ဖေဖော်ဝါရီ ၃ ရက်တွင် ရန်ကင်း မြို့နယ် ကျောက်ကုန်းရပ်ကွက်ရှိ ကျောက် ကုန်း ပရိယတ္တိစာသင်တိုက်၌ တပ်မတော် က ဖမ်းဆီး၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ 

အမှုနှင့်ပတ်သက်၍ ကြေညာချက် များ ထုတ်ပြန်ပြီးနောက်ပိုင်း အောင်ဝင်း ခိုင်၏ ဓာတ်ပုံများ၊ အပတ်စဉ်တူအဖွဲ့များ စုစည်းရိုက်ထားသည့် ဓာတ်ပုံများ၊ ဟောင်ကောင်တွင် မိုင်းဖြတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း၊ ဟောင်ကောင် ကောင်စစ်ဝန်ချုပ် ဦးဇော်ဇော်စိုး၊ သံမှူး ဦးကျော်ဇေယျာလင်းတို့နှင့် တွဲရိုက်ထား သည့် ဓာတ်ပုံများ၊ အောင်ဝင်းခိုင်နှင့် စီးပွား၊ ကုမ္ပဏီလုပ်ငန်းဆက်စပ်သူ ဇေယျာဖြိုး၏ ပုံများသည် ဖော်ပြချက်၊ ယူဆချက် အရေးအသားအမျိုးမျိုးဖြင့် လူမှုကွန်ရက်များတွင် ပျံ့နှံ့လာခဲ့ကြောင်း၊ ဖော်ပြသည့် ဓာတ်ပုံများနှင့်ပတ်သက်၍ ပုံပါဝင်သူများကို စိစစ်မေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး ဦးလင်းဇော်ထွန်း၊ ဦးဇော်ဇော်စိုး၊ ဦးကျော်ဇေယျာလင်း တို့ကို ခေါ်ယူ၍ တွေ့ဆုံမေးမြန်းခဲ့ကြောင်း၊ လုပ်ငန်းတူ ၊ အပတ်စဉ်တူများဖြစ်ပြီး ဂေါက်ရိုက်ပြိုင်ပွဲ၊ ညစာစားပွဲအစီအစဉ် များ၊ အလှူအတန်းပြုအစီအစဉ်များ၊ ဟောင်ကောင်သို့ အလည်အပတ်သွားစဉ် တွေ့ဆုံသည့် အသိမိတ်ဆွေများနှင့် အမှတ်တရရိုက်ထားသည့် ပုံများသာ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပြီး အမှု ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ဆေးပေါ်ပေါက် မှုမရှိကြောင်း ရဲချုပ်ဇော်ဝင်း၏ ပြောကြား ချက်များအရ သိရှိရသည်။ 

သတင်းစာရှင်းလင်းပွဲတွင် ပြည်ထဲ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ''ဒီ အမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး မိမိတို့ စုံစမ်း စစ်ဆေးရေးအဖွဲ့အနေဖြင့် ထိုက်သင့် တဲ့ စုံစမ်းဖော်ထုတ်မှုများကို ပြုလုပ်နိုင် ခဲ့ပြီးဖြစ်သော်လည်း ဆက်လက်စုံစမ်း စစ်ဆေးမှုများကို ရပ်တန့်သွားမှာမဟုတ် ဘဲ စစ်ဆေးတွေ့ရှိတဲ့ သတင်းအချက် အလက်များအပေါ် ဆက်လက်ဖော်ထုတ် သွားမှာဖြစ်ပါတယ်''ဟု ပြောကြား ခဲ့သည်။ 

သတင်းစာရှင်းလင်းပွဲ အပြီးတွင် တက်ရောက်လာကြသည့် သတင်းမီဒီယာ များက သိရှိလိုသည်များကို မေးမြန်းကြ ရာ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုးနှင့် ရဲချုပ် ဇော်ဝင်းတို့ က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး သတင်းစာရှင်းလင်းပွဲကို နံနက် ၁ဝ နာရီ ၁၅ မိနစ်တွင် ရုပ်သိမ်းလိုက်သည်။
(သတင်းစဉ်)

No comments:

Post a Comment