Monday, February 27, 2017

ကျန်းမာရေးအသိဖြင့် သတိပြုဆင်ခြင်



Image may contain: text
ဆောင်းအကုန် နွေအကူး ရာသီကူးပြောင်းစကာလတွင် အဖြစ်များသော ရောဂါဘေးအန္တရာယ်များ မဖြစ်ပွားအောင် ပြည်သူများအနေဖြင့် သတိပြုရှောင်ရှားဆင်ခြင်နေထိုင်ကြရမည်ဖြစ်သည်။ နွေဦးကာလတွင် အပူချိန်တိုးလာခဲ့ပြီး လူတို့၏ ကျန်းမာရေးကို ထိခိုက်နိုင်သောကြောင့် သတိထားနိုင်မှသာ ရောဂါဘေးမှ ကင်းဝေးနိုင်မည်ဖြစ်သည်။
နွေဦးကာလ အဖြစ်များသောရောဂါများအနက် လတ်တလော အဖြစ်များသောရောဂါမှာ ဝက်သက်ရောဂါဟုဆိုကြသည်။ ဝက်သက်ရောဂါမှာ အသက်(၁၅)နှစ်အောက် ကလေးသူငယ်လူရွယ်များတွင် အဖြစ်များပြီး ပြင်းထန်ရောဂါလက္ခဏာဖြစ်နိုင်သော်လည်း လူအသေအပျောက်မှာမူ မဖြစ်သလောက်နည်းသည်။ သို့သော် လူတို့၏ကျန်းမာရေးကို ထိခိုက်နိုင်သဖြင့် သတိပြုရမည့်ရောဂါဖြစ်သည်။
ထို့ကြောင့် ဝက်သက်ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ကျန်းမာရေးဘက်ဆိုင်ရာတို့က ရာသီအလိုက် ဂရုစိုက်ထိုးနှံပေးလျက်ရှိရာ ပြည်သူများအနေဖြင့် အလေးထားပြီး ကျန်းမာရေးစောင့်ရှောက်ခြင်း ကုသမှုတို့ကိုခံယူသင့်ပေသည်။ ယခုဖြစ်ပွားနေသော ဝက်သက်ရောဂါမှာ နာဂဒေသတွင် လူတို့အသက်ဆုံးရှုံးစေခဲ့သည့် ဝက်သက်ရောဂါလက္ခဏာများနှင့်တူညီနေသဖြင့် အထူးဂရုစိုက်ရန်လည်းလိုအပ်သည်။
ဝက်သက်ရောဂါကြောင့် နောက်ဆက်တွဲအဖြစ်များသော ရောဂါများမှာ ဝမ်းပျက်၊ ဝမ်းလျှောရောဂါများနှင့် အဆုတ်ရောင်၊ အဆုတ်ပွရောဂါများပင်ဖြစ်သည်။ ထိုရောဂါများမှာ အာဟာရချို့တဲ့သည့် ကလေးငယ်များတွင်ဖြစ်ပွားပါက အသက်အန္တရာယ်ရှိသည်ကိုလည်း သတိမူရမည်ဖြစ်သည်။ သာမန်အားဖြင့်မူ ဖျားနာကိုက်ခဲခြင်းကဲ့သို့ အဖျားရောဂါသဖွယ်ဖြစ်သည်။
ဝက်သက်ရောဂါသည် အခြားဗိုင်းရပ်စ်ရောဂါကဲ့သို့ ဖျားနာခြင်း၊ ကိုယ်လက်မအီမသာကိုက်ခဲညောင်းညာခြင်း၊ အနီစက်များ တစ်ကိုယ်လုံးအနှံ့ထွက်ခြင်း စသည့်ဖြစ်လေ့ဖြစ်ထရှိသည့် ရောဂါလက္ခဏာများဖြစ်၍ သိလွယ်မြင်လွယ်ပေသည်။ သို့သော် ဝက်သက်ဖြစ်၊ မဖြစ်သေချာစွာ သိရှိနိုင်စေရန်မူ နီးစပ်ရာဆေးရုံ၊ ဆေးခန်းများသို့သွားရောက်ကာ ဓာတ်ခွဲစမ်းသပ်မှုပြုရမည်ဖြစ်သည်။
ဝက်သက်ရောဂါမဖြစ်ပွားစေရေးအတွက် အဓိကမှာ ကာကွယ်ဆေးကို အချိန်မှန်ထိုးနှံကြရမည်ဖြစ်ပြီး ဖြစ်ပွားပါကလည်း နီးစပ်ရာဆေးရုံ၊ ဆေးခန်းများတွင် အမြန်ဆုံးပြသကုသမှုခံယူကြရမည်ဖြစ်သည်။ ထို့အပြင် ကလေးငယ်များအား အာဟာရပြည့်ဝအောင် ကျွေးမွေးရမည်ဖြစ်ပြီး နို့တိုက်ကလေးငယ်များဖြစ်လျှင် မိခင်နို့ကို အပြည့်အဝတိုက်ဖို့လိုအပ် မည်ဖြစ်သည်။
ဝက်သက်ရောဂါကာကွယ်ရေးကို အမျိုးသားကျန်းမာရေးစီမံချက်အဖြစ် ရေးဆွဲဆောင်ရွက်လျက်ရှိပြီး ခြောက်လတစ်ကြိမ် ကာကွယ်ဆေးထိုးပေးလျက်ရှိရာ ယခုဖေဖော်ဝါရီလတွင် တစ်ကြိမ်၊ သြဂုတ်လတွင် တစ်ကြိမ် ကာကွယ်ဆေးထိုးပေးနေ၍ မိမိတို့၏ကလေးသူငယ်များ ဝက်သက်ရောဂါကာကွယ်ဆေးထိုးခြင်းကို သတိပြု၍ မဖြစ်မနေထိုးပေးသင့်သည်။
အဓိကမှာ ကလေးသူငယ်များ အာဟာရပြည့်ဝစေရန်လိုအပ်ပြီး အာဟာရပြည့်ဝပါက ကျန်းမာသန်စွမ်းကာ ရောဂါဘေးကို ခုခံကာကွယ် နိုင်စွမ်းရှိပေသည်။ ကျန်းမာသန်စွမ်းရန်အတွက် အာဟာရပြည့်ဝသော အစားအစာများကို စားသုံးခြင်းအပြင် ကျန်းမာသော နေထိုင်မှုပုံစံများနှင့် ဗီတာမင်အေ တိုက်ကျွေးခြင်းတို့ကိုလည်း အလေးထားဆောင်ရွက်သင့်သည်။
ဝက်သက်တစ်ခါပေါက်ပြီး ထပ်မံမပေါက်တော့သကဲ့သို့ ဆေးတစ်ကြိမ်ထိုးပြီးလျှင် နောက်ထပ်ရောဂါ ထပ်မံမဖြစ်နိုင်တော့သဖြင့် ဝက်သက်ကာကွယ်ဆေးထိုးနှံခြင်းကို မိဘများက ကလေးငယ်များအား ယခုကဲ့သို့ဝက်သက်ဆေးထိုးအချိန်ကာလများတွင် မဖြစ်မနေဆေးထိုးထားသင့်သည်။ ကျန်းမာရေးဘက်ဆိုင်ရာတို့ကလည်း ဝက်သက်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို တစ်နိုင်ငံလုံး လွှမ်းခြုံဆောင်ရွက်ပေးနေသဖြင့် ဤကဲ့သို့ ကျန်းမာရေးအတွက် အလေးထားဆောင်ရွက်ပေးနေချိန်တွင် ပြည်သူ့ကျန်းမာရေးအတွက် ပြည်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပါသည်။ ။

No comments:

Post a Comment