Sunday, February 26, 2017

ရှမ်းယူနိုက်တက်အသင်း အိမ်ကွင်း၌ ဂိုးပြတ်အနိုင်ရ


Image may contain: 2 people, people playing sports, stadium and outdoor
သတင်း-ညီမြတ်သော်တာ၊ ဓာတ်ပုံ-စိုးညွှန့်
တောင်ကြီး ဖေဖော်ဝါရီ ၂၅


၂ဝ၁၇ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၇) ပထမနေ့ကို ယနေ့ညနေပိုင်းက တောင်ကြီးနှင့် တောင်ငူမြို့တို့၌ကျင်းပရာ ရှမ်းယူနိုက်တက်နှင့် ရန်ကုန်အသင်း ဂိုးပြတ်နိုင်ပွဲရရှိခဲ့သည်။

တောင်ကြီးကွင်း၌ ကျင်းပသောပွဲတွင် ရှမ်းယူနိုက်တက် အသင်းက ရခိုင်အသင်းကို သုံးဂိုးပြတ်အနိုင်ရခဲ့သည်။ ရှမ်း ယူနိုက်တက်အသင်းသည် ခြောက်ပွဲဆက် ရှုံးပွဲမရှိခဲ့သည့် ရခိုင် အသင်းကို ခုနစ်ပွဲမြောက်တွင် ပထမဆုံး ရှုံးပွဲနှင့် ကြုံတွေ့စေခဲ့ပြီး ထိပ်ဆုံးမှ ရန်ကုန်အသင်းကို ဆက်လက်ဖိအားပေးနိုင်ခဲ့သည်။

ရှမ်းယူနိုက်တက်အသင်းသည် နည်းဗျူဟာမှန်ကန်မှုအပြင် ကစားပုံပိုကောင်းလာ သောကြောင့် အနိုင်ရခဲ့ခြင်းဖြစ်ပြီး ရခိုင်အသင်းမှာမူ ခံစစ်ပိုင်းနှင့် ဂိုးသမားအမှား များခဲ့သောကြောင့် ပထမဆုံးရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းသည် ယခုပွဲတွင် ပွဲထွက်လူစာရင်းကို အပြောင်းအလဲ အချို့ပြုလုပ်ခဲ့ပြီး နိုင်ငံခြားသားတိုက်စစ်မှူး နှစ်ဦးဖြစ်သည့် ခရစ္စတိုဖာနှင့် ကင်မ်တို့ကို တစ်ပြိုင်နက်အသုံးပြုခဲ့သည်။

ရှုံးပွဲမရှိသေးသည့် ရခိုင်အသင်း ခံစစ်ပိုင်းကို ဖိအားပေး နိုင်ရန် ရှမ်းယူနိုက်တက်အသင်း ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး ၁၆ မိနစ်တွင် တိုက်စစ်မှူး ခရစ္စတိုဖာက အဖွင့်ဂိုးသွင်းယူပေးခဲ့သည်။ ခရစ္စတိုဖာသည် ယခုရာသီ တွင် ငါးဂိုးမြောက်သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယပိုင်းတွင် ရခိုင်အသင်း ချေပဂိုး ပြန်ရရန် တိုက်စစ်အား မြှင့်လာခဲ့သော်လည်း ရှမ်းယူနိုက်တက် နောက်တန်း အမှား မရှိခဲ့ပေ။

ရှမ်းယူနိုက်တက်အသင်းသည် ခံစစ်ကို စနစ်တကျပိတ်ဆို့ပြီး ဂိုးရရှိရန် ရခိုင် နောက်တန်း အမှားကိုစောင့်ကာ တိုက်စစ်ဆင်ခဲ့သည်။ မိနစ် ၇ဝ တွင် ထိုက်ထိုက် အောင်က ရှမ်းယူနိုက်အသင်းအတွက် ဒုတိယဂိုးထပ်မံသွင်းယူခဲ့ပြီး ၈၇ မိနစ်တွင် ပယ်နယ်တီကန်ခွင့်ရခဲ့သည်။ ယင်းပယ်နယ်တီကို ကွင်းလယ်လူ မက်ဆီမင်က သွင်းယူ ခဲ့သောကြောင့် ရှမ်းယူနိုက်တက်အသင်း ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။

တောင်ငူကွင်း၌ကျင်းပသည့်ပွဲတွင် ရန်ကုန်အသင်းက ဟံသာဝတီအသင်းကို သုံးဂိုးပြတ်အနိုင်ရခဲ့သည်။ ရန်ကုန်အသင်းသည် ၃၉ မိနစ်တွင် နောက်ခံလူ မိုကာလူး နှစ်ဝါတစ်နီဖြင့် အထုတ်ခံရသော်လည်း အဝေးကွင်းတွင် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ဂိုးပြတ်အနိုင်ရခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်အတွက် အနိုင်ဂိုးများကို ၁၅ မိနစ်တွင် မိုကာလူး ၅၅၊ ၈၆ မိနစ်တွင် အီမီကာတို့က သွင်းယူခဲ့သည်။

ဒုတိယနေ့ကို ဖေဖော်ဝါရီ ၂၆ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး မန္တလာ သီရိကွင်း၌ ရတနာပုံနှင့် Southern ၊ အောင်ဆန်းကွင်း၌ ချင်းယူနိုက်တက်နှင့် မကွေး၊ သုဝဏ္ဏကွင်း၌GFA နှင့် ဇွဲကပင်၊ ပုသိမ်ကွင်း၌ ဧရာဝတီနှင့်နေပြည်တော်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

No comments:

Post a Comment