Thursday, February 2, 2017

ဒီမိုကရက်တစ်ပါတီ (မြန်မာ)က ၄င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ


Image may contain: 1 person, standing and indoor
နေပြည်တော် ဖေဖော်ဝါရီ ၁
ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဒုတိယဥက္ကဋ္ဌ ဦးတင်ဆွေက ၄င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဖေဖော်ဝါရီ ၁ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။ အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
လေးစားအပ်ပါသော နိုင်ငံသူ နိုင်ငံသားအပေါင်းတို့ခင်ဗျား-
မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ ဒီနေရာမှနေပြီး နှုတ်ခွန်း ဆက်သပါတယ်။
လာမယ့် ဧပြီလ (၁)ရက်နေ့တွင် ဒုတိယအကြိမ် လွှတ်တော်သက်တမ်း၏ ၂ဝ၁၇ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပါတော့မယ်။ ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ရန်ကုန်တိုင်းဒေသကြီးတွင် လစ်လပ်လွှတ်တော်ကိုယ်စားလှယ် (၄)နေရာကို ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
ပါတီစုံဒီမိုကရေစီစနစ်ကို ယုံကြည်သူတွေဟာ ရွေးကောက်ပွဲတွေကို ဖြတ်သန်းကြရပါမယ်။ ဒီနေရာမှာ ရွေးကောက်ပွဲစနစ်တွေဟာလည်း အရေးကြီးလှပါတယ်။ ဒီမိုကရေစီရေချိန်ကို မြှင့်ချင်သူတွေဟာ လက်ရှိ ရွေးကောက်ပွဲစနစ်ကို ပြောင်းလဲဖို့လိုပါတယ်။ ကမ္ဘာမှာ ထင်ရှားတဲ့ စနစ်ကြီး နှစ်ခုကတော့ နိုင်သူအကုန်ယူစနစ်နဲ့ အချိုးကျကိုယ်စားပြုစနစ်ဆိုပြီး ရှိပါတယ်။ ရွေးကောက်ပွဲစနစ်မတူတာနဲ့အမျှ နိုင်ငံရေးသဟဇာတဖြစ်မှု၊ နိုင်ငံ ရေးဖွံ့ဖြိုးတိုးတက်မှု မတူညီပါဘူး။ ဒီမိုကရေစီနှုန်းစံလည်း ကွာခြားသွားပါတယ်။
ယနေ့ဆိုလျှင် ပါတီပေါင်း ၉ဝ ကျော်ရှိရာ ပါတီတည်ထောင်သူ ခေါင်းဆောင်တိုင်းမှာ ကောင်းမွန်သော အတွေးအခေါ်များ၊ ထက်မြက်စူးရှ သော အမြင်များ၊ မတူကွဲပြားတဲ့အရည်အချင်း ထူးခြားစွာပါဝင်လာကြပါတယ်။ ဘယ်ခေါင်းဆောင်မှ ခေါင်းအပိုမပါလာဘူး။ ဦးနှောက်အပိုလည်း ပါမလာပါဘူး။ စုပေါင်းခေါင်းဆောင်၊ စုပေါင်းအဖြေရှာဆောင်ရွက်မှသာ ပိုမိုကောင်းမွန်တဲ့ အဖြေများရရှိလာမှာ ဖြစ်ပါတယ်။
နိုင်ငံရေးပါတီတိုင်းမှာ မတူညီတဲ့အတွေးအခေါ်၊ အတွေ့အကြုံရင့်ကျက် သူတွေကို ရွေးကောက်ပွဲစနစ်ပုံစံ ပြောင်းလိုက်ရုံဖြင့် မြန်မာနိုင်ငံကြီးအတွက် ကောင်းမွန်၍ မတူညီသည့် အင်အားသစ်တွေ ပေါ်ထွန်းလာမှာ ဖြစ်ပါတယ်။ နိုင်ငံရေးယဉ်ကျေးမှုအသစ်တစ်ရပ်လည်း ပေါ်ထွန်းလာမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ပါတီရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် သဘောထား အမြင်မှာ ကမ္ဘာပေါ်မှာ ဘယ်လိုဖွဲ့စည်းပုံအခြေခံဥပဒေမှ အနာဂတ်ကို ကြိုမမြင်နိုင်ပါဘူး။ ဒါကြောင့် သုံးမယ်၊ ပြင်မယ်၊ ဖျက်မယ်ဆိုသည့် မူအတိုင်း ဖြစ်ပါတယ်။
ပါတီရဲ့ မူသဘောမှာ - မိမိအကျိုးစီးပွားနှင့် ပါတီအကျိုးစီးပွားယှဉ်လျှင် ပါတီအကျိုးစီးပွားကို ဦးစားပေးပါ။ ပါတီအကျိုးစီးပွားနှင့် အမျိုးသားအကျိုးစီးပွား ယှဉ်လာလျှင် အမျိုးသားအကျိုးစီးပွားကို ဦးစားပေးပါ။ မူအရ ဖွဲ့စည်းပုံအခြေခံ ဥပဒေလေ့လာရာတွင် ပါတီအကျိုးစီးပွားထက်၊ တစ်မျိုးသားလုံးရဲ့ အကျိုးစီးပွား ကို ရှေ့တန်းတင်ပြီး သုံးမယ်၊ ပြင်မယ်၊ ဖျက်မယ် မူအရ ဖြစ်ပါတယ်။ အများ စံထားသည့် အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေသည်ပင်လျှင် (၂၇) ကြိမ် တိုင်အောင် ပြင်ခဲ့ပြီး ဖြစ်ပါတယ်။
စီးပွားရေးမူဝါဒမှာ- လေးချောင်းထောက် စီးပွားရေးမူဝါဒဖြစ်ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးကို ရယူခဲ့ကြသော ခေါင်းဆောင်ကြီးများဟာ မြန်မာပြည် ဒုတိယကမ္ဘာစစ်ကြီးဒဏ်နှင့် ပြည်တွင်းစစ်မီးကြီး လောင်မြိုက်ချိန်၊ ငြိမ်ဝပ်ပိပြားမှုအားနည်းနေချိန်မှာပင် စုပေါင်းဦးဆောင်၊ စုပေါင်းဆောင်ရွက်ပြီး ပြည်တွင်းလုပ်ငန်းရှင်များ၊ စီးပွားရေးပညာရှင်များအား အလေးပေးဆက်ဆံပြီး ဆောင်ရွက်ခဲ့သဖြင့် အရှေ့တောင်အာရှမှာ ထိုင်း၊ စင်ကာပူတို့မှပင် နမူနာယူ ခဲ့ကြရပါတယ်။
အောင်မြင်မှုမှာ ဖခင်ပေါင်းတစ်ထောင်ရှိတယ်။ ဆုံးရှုံးမှုမှာ ဖခင်မဲ့ ဆိုစကားရှိသဖြင့် ပြည်တွင်းအင်အားပြည်တွင်းမှာသာ ရှိဆိုသကဲ့သို့ ပြည်တွင်း လုပ်ငန်းရှင်များ၊ စီးပွားရေးပညာရှင်များအား အားပေးတိုင်ပင်ပြီး ကျွန်တော်တို့ ဆောင်ရွက်ပါမယ်။
ကမ္ဘာ့စီးပွားရေးအင်အားဟာ အနောက်မှအရှေ့သို့ ရွေ့လျားနေစဉ် ကျွန်တော်တို့နိုင်ငံသည် ကုန်သွယ်လမ်းကြောင်းရဲ့ အဓိကနေရာမှာ နေရာယူ ဖော်ဆောင်နိုင်လျှင် အာဆီယံမှာ ထိပ်ပြန်ရောက်နိုင်ပါတယ်။
ပညာရေးနှင့် ကျန်းမာရေး -ကျွန်တော်တို့ပါတီရဲ့ မူဝါဒမှာ အရွယ်ရောက် သူတိုင်း ပညာသင်ကြားခွင့်နှင့် ဝါသနာပါရာကို သင်ယူနိုင်စွမ်းရှိခွင့်၊ စိုက်ပျိုး ရေးနှင့် မွေးမြူရေး၊ အထက်တန်းကျောင်းနှင့် စက်မှုလက်မှု အထက်တန်း ကျောင်းများကို တိုင်းနှင့် ပြည်နယ် ၁၄ ခုတွင် ပိုမိုဖွင့်လှစ်နိုင်ရေးနှင့် ကလေး သူငယ်မွေးဖွားနှုန်း တိုးတက်ရေး၊ ကလေးသူငယ်သေဆုံးမှု ကျဆင်းရေးကို ဦးစားပေးပါမယ်။
လူမှုရေး - ကလေး လေးယောက်နှင့်အထက်ရှိသော မိသားစုများ ပညာ ရေးနှင့်ကျန်းမာရေးစောင့်ရှောက်ရေး ရန်ပုံငွေဖွင့်လှစ်ထားရှိခြင်း၊ သက်ကြီးရွယ်အိုနှင့် ခိုကိုးရာမဲ့၊ ကိုယ်ခန္ဓာမသန်စွမ်းသူများ၊ အလုပ်အကိုင် ဖန်တီးနိုင်ရေးတို့ ဖြစ်ပါတယ်။
အလုပ်သမား၊ လယ်သမားကဏ္ဍ - အလုပ်ရှင်လည်း ကြီးပွား၊ အလုပ်သမားလည်း ချမ်းသာ မူအရ၊ အများပိုင်ကုမ္ပဏီများနှင့် လုပ်ငန်းခွင်၌ အလုပ်သမားမှ အစုရှယ်ရာထည့်ပိုင်ခွင့်ရှိသောကုမ္ပဏီကို အခွန်စည်းကြပ်မှု လျော့ပေါ့ရေးမူချမှတ်ခြင်း၊ စက်ရုံ၊ အလုပ်ရုံတည်ထောင်သော လုပ်ငန်းရှင် များအား ဝန်ထမ်းအိမ်ရာစနစ်ပါသော စက်ရုံ၊ အလုပ်ရုံများအား ဦးစားပေး လုပ်ခွင့်ပြုခြင်း၊ တန်ဖိုးနည်းအိမ်ရာအစား အိမ်ငှားစနစ်ကို ဦးစားပေးချထား ခြင်းစနစ်ကျင့်သုံးခြင်း၊ ဝန်ထမ်းအိမ်ရာစနစ် တိုးမြှင့်ခြင်း၊ အိမ်အကူအလုပ်သမား များအား တရားဝင်မှတ်ပုံတင်ပြုလုပ်၍ ငှားရမ်းရန်တို့ဖြစ်ပါတယ်။
လယ်ယာကဏ္ဍ၌ လယ်လုပ်သူ - လယ်ပိုင်ခွင့်ရှိစေရမည် မူအရ လယ်ယာမြေအငြင်းပွားမှုများအား တည်ဆဲဥပဒေများဖြင့် အခါမလွန် အောင် ဆုံးဖြတ်ပေးခြင်း၊ သီးနှံဈေး နှုန်းများအား နိုင်ငံတော်မှ စံအဖြစ် သတ်မှတ်ပေးခြင်း၊ ဝယ်ယူပေးခြင်း စီမံကိန်းရေးဆွဲရန်နှင့် တောင်သူများ အား အာဆီယံနိုင်ငံများရှိ တောင်သူ များနှင့် အပြန်အလှန်ဒေသဖွံ့ဖြိုးမှု ဆည်းပူးနိုင်ရန် စီမံကိန်းဆောင်ရွက် ရပါမယ်။
ငြိမ်းချမ်းရေးပေါ် သဘောထား အမြင်မှာ - နှစ်ပေါင်း ၆ဝ ကျော် လောင်မြိုက်သော စစ်မီးကို တစ်ခါတည်းနဲ့ မငြှိမ်းသတ်နိုင်ပါ။ ယခုလို ငြိမ်းချမ်းရေးညီလာခံ -(၂၁)ရာစုပင်လုံကြီးတွင် မညီမျှမှုများအား ကိုယ့်သဘောတရားကိုနောက်ထားပြီး တစ်ပါးသူရဲ့အမြင်ကိုဦးစားပေး၍ ဆွေးနွေးပါလျှင် အောင်မြင်မည် မုချဖြစ်ပါတယ်။ မြန်မာပြည် ကံကောင်း ချိန်မှာ သက်ဆိုင်သူအသီးသီး ဥာဏ်ကောင်းကြပါစေ။ နှလုံးသားကို ရှေ့တန်း မတင်ဘဲ ဦးနှောက်ကို ရှေ့တန်းတင်၍ ဆွေးနွေးကြလျှင် အနာဂတ်မြန်မာ နိုင်ငံတော်ကြီးသည် ထွန်းတောက်သည့် တက်နေဝန်းကဲ့သို့ ဖြစ်လာပါ လိမ့်မည်။
တကယ်တမ်းတော့ ကျွန်တော်တို့အားလုံးဟာ မြန်မာနိုင်ငံသားများ သာ ဖြစ်ပါတယ်ဆိုတာကို မမေ့သင့်ပါ။
နိဂုံးချုပ်အနေဖြင့် လေးစားရပါသော မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်း တို့ ခင်ဗျား၊ လွှတ်တော်ဆိုတဲ့ နိုင်ငံရေးကစားကွင်းဟာ နိုင်ငံရေးသမား လွှတ်တော် ကိုယ်စားလှယ်များအတွက်ဖြစ်သည့်အတိုင်း မြန်မာနိုင်ငံသူ နိုင်ငံသားများအနေဖြင့် ရွေးကောက်ပွဲကြီးမှာ ပါတီကိုမကြည့်ဘဲ နိုင်ငံရေး သမားစစ်စစ်ကိုသာရွေးချယ်ပြီး မဲပေးကြပါလို့ တင်ပြရင်း နိဂုံးချုပ်ပါတယ် ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား..။
တူညီဆန္ဒ
တေးရေး- ထွဋ်ခေါင်တင်
တေးဆို- စန္ဒာ
၁။ ရောင်နီလင်းဖြာ နေခြည်သာလှတာ၊ နံနက်ခင်းရဲ့ မင်္ဂလာပါ။ ထွန်းလင်းတောက်ပ တို့ပြည်ရွာ၊ ညီညွတ်ခြင်းနဲ့ လက်တွဲညီခါ၊ မဲရုံကို သွားကြမယ်ကွာ။
၂။ ရွှေလီဝင်းဝါချိန်ခါသာမယမှာ၊ အာရုံဦးရဲ့တေးသံဖြာ နိုးကြားထက်မြက် တို့ပြည်မြန်မာ၊ တူယှဉ်နွှဲလို့ ပေါင်းစုံညီခါ၊ မဲရုံကို သွားကြမယ်ကွာ။
၃။ (မဲပေးကြမှာ)၂ ပြည်သူ့အကျိုးပြုပြည်သူ့ပါတီ၊ ဒီမိုကရက်တစ်ပါတီအား မဲပေးကြမယ်ကွာ။
၎။ အသဲကြားက မဲတစ်ပြားမှာ၊ တန်ဖိုးကြီးစွာ မဲပေးကြတော့မှာ၊ ပြည်သူ အတွက် အားထားရာ ဒီမိုကရက်တစ်ပါတီပါ၊ တူညီဆန္ဒမဲပေးကြမှာ၊ ဝမ်းမြောက်ကြည်သာ ပြည်သူ့အတွက် နှိုးဆော်လိုက်ပြီကွာ။

No comments:

Post a Comment