Wednesday, February 1, 2017

လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက ၄င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

Image may contain: 1 person
နေပြည်တော် ဇန်နဝါရီ ၃၁
လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ လူမှုရေးရာအတွင်းရေးမှူး ဦးရှီးမွန်က ၄င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဇန်နဝါရီ ၃၁ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြ ခဲ့ပါသည်။ အဆိုပါဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
လေးစားအပ်ပါသော ရေဒီယိုနှင့် ရုပ်မြင်သံကြားဖန်သားပြင်ပေါ် ကြည့်ရှု အားပေးနေသော မိဘပြည်သူ မဲဆန္ဒရှင်အပေါင်းတို့ခင်ဗျား။
ယခုလို မိမိတို့ရဲ့ မူဝါဒ၊ သဘောထားနဲ့ လုပ်ငန်းစဉ်တွေကို စည်းရုံး ဟောပြောထုတ်လွှင့်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စီစဉ်ပေးတဲ့အတွက် အထူးပင်ကျေးဇူးတင်ရှိကြောင်း ပဏာမပြောကြားလိုပါတယ်။
ကျွန်တော့်နာမည်ကတော့ ဦးရှီးမွန်လို့ခေါ်ပါတယ်။ 'လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ' ဗဟိုဌာနချုပ်ရဲ့ လူမှုရေးရာအတွင်းရေးမှူး ဖြစ်ပါတယ်။
'လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ'သည် လားဟူတစ်မျိုးသားလုံးကို ကိုယ်စားပြုပြီးတော့ လားဟူတိုင်းရင်းသားများရဲ့ လိုအပ်တဲ့အရာများ၊ ရသင့်ရထိုက်တဲ့ အခွင့်အရေးများကို ဥပဒေနဲ့အညီအရယူသွားဖို့ ဖြစ်ပါတယ်။
၂ဝ၁၇ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ 'လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ' အနေနဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်တွင်လည်း ကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ကျေးသီးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်တွင်လည်းကောင်း (၂) နေရာမှာ အရွေးခံသွားမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ 'လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ'ရဲ့ မူဝါဒ သဘောထားများမှာ-
ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်းရှိ တိုင်းရင်းသားလူမျိုးတွေ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးတစ်ရပ်အဖြစ် တည်ဆောက်ရာမှာ စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို လိုက်နာကျင့်သုံးပြီး ဖက်ဒရယ်ပြည် ထောင်စုကို တည်ဆောက်နိုင်မှသာ အောင်မြင်မှုရရှိမည်ဟု မိမိတို့ပါတီအနေနဲ့ ယုံကြည်ပါတယ်။
ယင်းကဲ့သို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးကို တည်ဆောက် ရာတွင် လားဟူအမျိုးသားများ နေထိုင်ရာဒေသအတွင်း မှီတင်းနေထိုင်လျက်ရှိတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့ စည်းလုံးညီညွတ်မှု အင်အားရယူနိုင်ရေးအတွက် စည်းရုံးလှုံ့ဆော်ဖို့ 'လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ'ကို ဖွဲ့စည်း ရခြင်းဖြစ်ပါတယ်။
ကျွန်တော်တို့ 'လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ'ကို လားဟူ ဘာသာဖြင့် (လားဟူချောကျုအူလာ မူလာတူပါတီ)ဟူ၍လည်းကောင်း၊ အင်္ဂလိပ်ဘာသာဖြင့် (Lahu National Development Party) ဟူ၍ လည်းကောင်း ခေါ်ဆိုပါတယ်။
လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ ရည်ရွယ်ချက်မှာ
(၁) ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံတော်၏ နယ်နိမိတ်အတိုင်း နိုင်ငံတစ်ဝန်းလုံးတွင် တည်ရှိ စေရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု တည်တံ့ခိုင်မြဲရေး၊ မြန်မာ့ လွတ်လပ်ရေးအဓွန့်ရှည်ရေး စသည်တို့ကို ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ကြိုးပမ်းဆောင်ရွက်သွားရန်။
(၂) လားဟူတိုင်းရင်းသားလူမျိုးစုရဲ့ စာပေ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ ထုံးတမ်းစဉ်လာ၊ အနုပညာဖွံ့ဖြိုးတိုးတက်ဆန်းသစ်ရှင်သန်လာအောင် ပြုစုပျိုးထောင်သွားရန်။
(၃) နိုင်ငံသားတိုင်း အခွင့်အရေးတန်းတူရရှိမှုနှင့် တရားဥပဒေစိုးမိုးရေး၊ နယ်မြေဒေသဖော်ဆောင်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စည်းရုံးရေးလုပ်ငန်းတို့ကို ဆောင်ရွက်ရန်။
(၄) ခေတ်အဆက်ဆက်မှ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျလျက်ရှိသော လားဟူအမျိုးသားများနေထိုင်ရာ ဒေသ၏ လူနေမှုအဆင့်အတန်း မြင့်မားတိုးတက်အောင် ဆောင်ရွက်သွားရန်။
(၅) နိုင်ငံတော်နှင့် နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွံ့ဖြိုး တိုးတက်ပြီးသော နိုင်ငံများမှ အကျိုးရှိမည့်အတွေ့အကြုံများ၊ လုပ်နည်းလုပ်ဟန်များကို ရယူကျင့်သုံးအကောင်အထည်ဖော်သွားရန် ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။
'လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ'၏ ရှေ့လုပ်ငန်းစဉ်များ
(၁) ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့် လားဟူအမျိုးသားများ နေထိုင်ရာ ဒေသအတွင်းရှိ နယ်သူနယ်သားများအား နိုးကြားတက်ကြွသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စည်းရုံးရေးအမြင်ရှိလာစေရန်နှင့် မိမိတို့နိုင်ငံရေးပါတီ၏ ဂုဏ်သိက္ခာအစဉ်အမြဲ တိုးတက်ရှင်သန် လာစေရန်အတွက် စည်းရုံးလေ့ကျင့်ပြုစုပျိုးထောင်သွားမည်။
(၂) တိုင်းရင်းသားပြည်သူများ၏ အခွင့်အရေးနှင့် နယ်မြေဒေသ ဖော်ဆောင်ရေး၊ လူသားအားလုံးကို ဆင်းရဲဒုက္ခရောက်စေသော အကြမ်းဖက်စနစ်ကို စွန့်လွှတ်ပြီး တရားမျှတ၍ ငြိမ်းချမ်းသော ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ဥပဒေဘောင်အတွင်း မှန်ကန်စွာဖြင့် အဖြေရှာနိုင်ရေးအတွက် စည်းရုံးသိမ်းသွင်း လုပ်ဆောင်သွားမည်။
(၃) မိမိပါတီအနေဖြင့် ရည် ရွယ်ချက်၊ ခံယူချက်နှင့် အတွေးအခေါ် အမြော်အမြင်တူညီသော မည်သည့်နိုင်ငံရေးပါတီ အဖွဲ့ အစည်းနှင့်မဆို တန်းတူ ရည်တူ ရင်းနှီးစွာ ဆက်ဆံပြီး အခါအား လျော်စွာ ပေါင်းစည်းခြင်း၊ မဟာမိတ်ဖွဲ့ခြင်း၊ ရိုင်းပင်း ကူညီခြင်းများ ပြုလုပ်သွားမည်။
(၄) မူးယစ်ထုံထိုင်း ဘေးဖြစ် စေတတ်သော ဆေးဝါး၊ ဘိန်းတို့ကို နယ်သူ နယ်သားများက ဘိုးဘေးဘီဘင်အစဉ်အလာဖြင့် အဓိကစီးပွားရေးလုပ်ငန်း တစ်ရပ်အဖြစ် လုပ်ကိုင်ခဲ့သည်ကို လက်တွေ့ပပျောက်သွား စေရန်နှင့် ဘိန်းအစား ပြည်တွင်းပြည်ပသို့ တင်ပို့ နိုင်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းနှင့် မြေပေါ်မြေအောက် သယံဇာတပစ္စည်းများကို ရှာဖွေဖော်ထုတ်၍ အသက်မွေးဝမ်း ကျောင်းတစ်ရပ်အဖြစ် လုပ်ကိုင်စားသောက်ရန် စည်းရုံးသွားမည်။
ထိုကဲ့သို့ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအတွက် ဆောင်ရွက်ရာ၌ လိုအပ်လျက်ရှိသော အသိပညာရှင်၊ အတတ် ပညာရှင်များ၊ ရင်းနှီးမြှုပ်နှံမှုများကို ရှာဖွေဖော်ထုတ်ဆောင်ရွက် သွားမည်။
(၅) လွတ်လပ်၍ တက်ကြွသော နိုင်ငံရေးဝါဒကို ကျင့်သုံးပြီး နိုင်ငံ တကာနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ကျင့်သုံးသွားမည်။
(၆) လားဟူ တိုင်းရင်းသားလူမျိုးစု၏ စာပေ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ ထုံးတမ်းစဉ်လာအနုပညာများကိုဖော်ထုတ်ပြီး လူမှုရေးအရေး အရာများကို တိုးတက်ဆန်းသစ်ရှင်သန်လာအောင် ပြုစုပျိုးထောင် သွားမည်။
(၇) အရပ်ဒေသတစ်ခုနှင့်တစ်ခု အလွယ်တကူသွားလာနိုင်ရေးအတွက် လမ်းပန်းဆက်သွယ်ရေးလုပ်ငန်း၊ ဆင်းရဲချမ်းသာမရွေး လူတိုင်း အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုရရှိရေးနှင့် လူတိုင်းအခမဲ့ပညာ သင်ကြားနိုင်ရေးအတွက် ဆောင်ရွက်သွားမည်။
ကလေးသူငယ်များအရေးနှင့် အမျိုးသမီးများပါဝင်မှု အခန်းကဏ္ဍကို လည်း အလေးအနက်ထားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း 'လားဟူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ'ရဲ့ မူဝါဒ၊ သဘောထားနဲ့ လုပ်ငန်းစဉ် များကို စည်းရုံးဟောပြောရင်း နိဂုံးချုပ်ပါတယ်ခင်ဗျား....။

No comments:

Post a Comment