Wednesday, February 1, 2017

အင်အားကြီးသော တိုင်းရင်းသားများက အင်အားငယ်သည့် တိုင်းရင်းသားများအား ညှာတာ၍ ၎င်းတို့၏အခွင့်အရေးကိုလည်း ကာကွယ်ရမည့် တာဝန်ရှိ



Image may contain: 1 person, flower
နေပြည်တော် ဇန်နဝါရီ ၃၁
တရားဥပဒေစိုးမိုးရေးဆိုသည်မှာ နိုင်ငံ၏လုံခြုံမှု၊ တည်တံ့ခိုင်မြဲမှုနှင့် တိုးတက်မှုကို အကာအကွယ်ပေးထားသည့် အဆောက်အအုံဖြစ်ရန် လိုအပ်ပါကြောင်း၊ မိမိတို့အား ဖိနှိပ်ချုပ်ချယ်ထားခြင်း မဟုတ်ဘဲ ကာကွယ်ထားခြင်း ဖြစ်ရန်လိုပါကြောင်း၊ တရားဥပဒေစိုးမိုးရေးသည် မိမိတို့ တစ်နိုင်ငံလုံးရှိ ပြည်သူပြည်သားများကို အကျိုးဖြစ်စေမည့် ဥပဒေများနှင့် ကာကွယ်လွှမ်းမိုးထားသည်ဆိုသည့်အနက် အဓိပ္ပာယ်ကို ဆိုလိုခြင်းဖြစ်ပါကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်၌ကျင်းပသည့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တိုင်းရင်းသားများအနေဖြင့် မိမိကိုယ်ကို စောင့်ရှောက်နိုင်မည့် အင်အားရှိပါကြောင်း၊ ထို့ကြောင့် အရေအတွက်များသော တိုင်းရင်းသားများက လူနည်းစုနှင့် လူမျိုးစုငယ်များ၏ ဘာသာစကားနှင့် ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာများအား မပျောက်ကွယ်အောင် စောင့်ရှောက်ရမည့် ကြီးလေးသည့် တာဝန်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် တိုင်းရင်းသားများ၏ အခွင့်အရေးများကို ချဉ်းကပ်ဆောင်ရွက်မည်ဆိုပါက လူမျိုးစုငယ်များ၏ လိုအပ်ချက်များကိုလည်း မမေ့ရန်လိုအပ်ပါကြောင်း၊ အရေအတွက်များ၍ အင်အားကြီးသော တိုင်းရင်းသားများက အင်အားငယ်သည့် တိုင်းရင်းသားများအား ညှာတာ၍ ၎င်းတို့၏ အခွင့်အရေးကိုလည်း ကာကွယ်ရမည့် တာဝန်ရှိသည်ကို နှလုံးသွင်းဆောင်ရွက်သွားကြရန် မိမိအနေဖြင့် မေတ္တာရပ်ခံလိုပါကြောင်း။
ယခုကဲ့သို့ တိုင်းရင်းသားများစုစည်း၍ တိုင်းရင်းသားများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရာ၌ တာဝန်ကိုလည်း သတိပြုရန်လိုပါကြောင်း၊ အခွင့်အရေးလိုချင်ပါက တာဝန်ကိုလည်း သိရမည်ဖြစ်ပါကြောင်း၊ အခွင့်အရေးနှင့် တာဝန်ကိုဒွန်တွဲပြီး တူညီသောတန်ဖိုးထားမှ မိမိတို့၏ လူ့အသိုက်အဝန်းသည် တိုးတက်နိုင်မည်ဖြစ်ပါကြောင်း၊ အခွင့်အရေးကိုသာ ဦးစားပေး၍ မရပါကြောင်း၊ အခွင့်အရေးတစ်ခုလျှင် တာဝန်တစ်ခုရှိပါကြောင်း၊ ယခုအခွင့်အရေး နှင့်ပတ်သက်သည့် နည်းဥပဒေကို ချမှတ်နိုင်ရန်ဆွေးနွေးရာတွင် တစ်ဆက်တည်း စဉ်းစားရမည့်အချက်များရှိပါကြောင်း၊ အခွင့်အရေးအတွက် ပြောဆိုမှုများရှိသော်လည်း အဆိုပါအခွင့်အရေးကို မည်သို့ဖော်ဆောင်၍ မည်သူက တာဝန်ယူမည်ကို မစဉ်းစားကြသည်ကိုလည်း တွေ့ရပါကြောင်း၊ ထို့ကြောင့် မည်သည့် ပုံစံနှင့် အကောင်အထည်ဖော်၍ မည်သူက တာဝန်ယူမည်ကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ပါကြောင်း။
မိမိတို့အနေဖြင့် ဥပဒေတစ်ခုကို ချဉ်းကပ်မည်ဆိုပါက ဥပဒေ၏ ပုံစံနှင့် ကိုက်ညီရန်လိုအပ်ပါကြောင်း၊ ထို့ကြောင့်မိမိတို့အနေဖြင့် ယခုကဲ့သို့ ဆွေးနွေးပွဲ များ၌ ရှေ့နေချုပ်ရုံးမှ တာဝန်ရှိသူများနှင့် ဥပဒေရေးရာကျွမ်းကျင်သည့် ပညာရှင်များ ပါဝင်နိုင်ရန် အမြဲစီစဉ်ခဲ့ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရခြင်းမှာလည်း တရားဥပဒေစိုးမိုးရေးသည် နိုင်ငံတစ်နိုင်ငံအတွက် အရေးကြီးပြီး အဓိကကျသည့် အခန်းကဏ္ဍ၌ ရှိနေသည့်အတွက် ဖြစ်ပါကြောင်း၊ မိမိတို့ အစိုးရအဖွဲ့၏ အဓိကရည်ရွယ်ချက်တစ်ခုမှာ နိုင်ငံအားတရားဥပဒေစိုးမိုးသော နိုင်ငံဖြစ်ရန် ရည်ရွယ်ထားပါကြောင်း။
ထို့ကြောင့် တရားဥပဒေစိုးမိုးမှုရှိရန် အင်မတန်အရေးကြီးပါကြောင်း၊ မိမိတို့တွင် ခေါင်မလုံ၍ မိုးယိုဆိုသည့် ဆိုရိုးစကားအတိုင်း နိုင်ငံ၏ ခေါင်သည် တရားဥပဒေသာ ဖြစ်ပါကြောင်း၊ တရားသောဥပဒေများဖြစ်ရန်လည်း လိုပါကြောင်း၊ တရားမျှတသည့် ဥပဒေများရှိမှသာ မိမိတို့နိုင်ငံကို အကျိုးပြုနိုင်မည် ဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးရေးသည် အမိုးဖြစ်သကဲ့သို့ အခြေခံအုတ်မြစ် လည်းဖြစ်ပါကြောင်း၊ မှန်ကန်သည့် ဥပဒေများအပေါ်တွင် ခိုင်ခိုင်မာမာရပ်တည် ရမည်ဖြစ်ပါကြောင်း၊ ခိုင်ခိုင်မာမာရပ်တည်မှလည်း ဥပဒေများက မိမိတို့ကို အပေါ်မှနေ၍ ကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်ပါကြောင်း၊ သို့မှသာ ဥပဒေများက ပြည်ထောင်စုဆိုသည့် အဆောက်အအုံကို ခိုင်မာလုံခြုံ၍ မိမိတို့အားလုံးကို အကျိုးပြုနိုင်မည်ဖြစ်ပါကြောင်း၊ ထို့အတူ နည်းဥပဒေများကလည်း အဆောက်အအုံ၏ နံရံများအဖြစ် ပံ့ပိုးကူညီကာကွယ်ပေးနိုင်မည် ဖြစ်ပါကြောင်း။
ယနေ့ရောက်ရှိလာသည့် တိုင်းရင်းသားကိုယ်စားလှယ်များအနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေကို ပဏာမဆွေးနွေးရာ၌ စိတ်သဘောထားကို ပွင့်ပွင့်လင်းလင်း ထားရှိရန်လိုအပ်ပါကြောင်း၊ တခြားသူများ၏ ဆွေးနွေးပြောကြားချက်ကို နားလည်လက်ခံစဉ်းစားပေးနိုင်ရန်လည်း လိုအပ်ပါကြောင်း၊ မိမိတင်ပြချက် ထက်ကောင်းသည့် အဆိုပြုချက်၊ တင်ပြချက်များရှိပါကလည်း သဘောထားကြီးကြီးနှင့် လက်ခံရန်လည်းလိုအပ်ပါကြောင်း၊ သဘောထားကြီးကြီးနှင့် အမြင် အမျိုးမျိုးကို လေ့လာဆန်းစစ်ပြီး အကောင်းဆုံးကို ရွေးချယ်နိုင်သော အရည်အချင်းရှိသည်ကိုလည်း ထုတ်ဖော်ပြသရန် လိုအပ်ပါကြောင်း၊ အဆိုပါ စိတ်ဓာတ်ဖြင့် ယခုနည်းဥပဒေများကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သွားကြရန် မိမိအနေဖြင့် မေတ္တာရပ်ခံလိုပါကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ခြင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များနှင့် တွေ့ဆုံခြင်းများဆောင်ရွက်သည်။
ထို့နောက် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေ ကနဦးမူကြမ်းအား တိုင်းရင်းသားလူမျိုးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသူများက နည်းဥပဒေ ကနဦးမူကြမ်းနှင့်စပ်လျဉ်း၍ အဖွဲ့များခွဲကာ ကဏ္ဍအလိုက် ဆွေးနွေးကြသည်။
အဆိုပါ နည်းဥပဒေ၌ အခန်း(၁) အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်၊ အခန်း(၂) အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးနှင့် အငြင်းပွားမှုဖြေရှင်းရေး ခုံသမာဓိအဖွဲ့ ဖွဲ့စည်းခြင်း၊ အခန်း(၃) အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးနှင့် အငြင်းပွားမှုဖြေရှင်းရေး ခုံသမာဓိကောင်စီဖွဲ့စည်းခြင်း၊ အခန်း(၄) အခွင့်အရေး ကာကွယ်စောင့်ရှောက်ခြင်း၊ အခန်း(၅) အငြင်းပွားမှုအား ဖြေရှင်းခြင်း၊ အခန်း(၆) ဆုံးဖြတ်ချက်အတည်ဖြစ်ခြင်း၊ အခန်း(၇) တားမြစ်ချက်များ၊ အခန်း(၈) အရေးယူခြင်း၊ အခန်း(၉) အထွေထွေ ဟူ၍ပါရှိသည်။
ယင်းဆွေးနွေးပွဲကို ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်သည်။
(သတင်းစဉ်)

No comments:

Post a Comment