Friday, January 27, 2017

MNL ပြိုင်ပွဲ ပွဲစဉ်(၃) မကွေး-ရတနာပုံ၊ ရန်ကုန်-ဧရာဝတီတွေ့ဆုံ



Image may contain: 11 people, outdoor
ရန်ကုန် ဇန်နဝါရီ ၂၆
ယခုတစ်ပတ်ကျင်းပမည့် MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၃)တွင် ပရိသတ်များအကြိုက်တွေ့မည့် ပွဲကောင်းများပါဝင်နေပြီး လက်ရှိချန်ပီယံရတနာပုံနှင့် ရှုံးထွက်ချန်ပီယံမကွေး၊ အသင်းကြီးများဖြစ်သည့် ရန်ကုန်နှင့် ဧရာဝတီအသင်းတို့ ထိပ်တိုက်တွေ့ဆုံလျက်ရှိသည်။
ပွဲစဉ်(၃)အဖြစ် ဇန်နဝါရီ ၂၇ ရက်တွင် သုဝဏ္ဏကွင်း၌ မကွေးအသင်းနှင့် ရတနာပုံအသင်း၊ ဇန်နဝါရီ ၂၈ ရက်တွင် YUSC ကွင်း၌ ရန်ကုန်အသင်းနှင့် ဧရာဝတီအသင်း၊ အောင်ဆန်းကွင်း၌ ဇွဲကပင်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်း၊ ဝဏ္ဏသိဒ္ဓိကွင်း၌ နေပြည်တော်အသင်းနှင့် ချင်းယူနိုက်တက်အသင်း၊ ဇန်နဝါရီ ၂၉ ရက်တွင် ဝေသာလီကွင်း၌ ရခိုင်အသင်းနှင့် ဟံသာဝတီအသင်း၊ မော်လမြိုင်ကျောင်းသားကွင်း၌ Southern အသင်းနှင့် GFA အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ပွဲစဉ်(၂)အပြီးတွင် နှစ်ပွဲဆက်အနိုင်ရသည့်အသင်းမှာ ရှမ်းယူနိုက်တက် တစ်သင်းတည်းရှိခဲ့ပြီး ခြောက်မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိသည်။ ရန်ကုန်၊ ချင်းယူနိုက်တက်၊ ရတနာပုံ၊ ဧရာဝတီအသင်းတို့က လေးမှတ်စီ၊ ဇွဲကပင်အသင်းက သုံးမှတ်၊ ရခိုင်အသင်းက နှစ်မှတ်၊ ဟံသာဝတီ၊ နေပြည်တော်၊ Southern နှင့် မကွေး အသင်းတို့က တစ်မှတ်စီရရှိထားကာ GFA အသင်းမှာ အမှတ်မရသေးပေ။
ရာသီအစ နှစ်ပွဲဆက်တိုက်နိုင်ပွဲပျောက်ထားသည့် မကွေးအသင်းသည် လက်ရှိချန်ပီယံရတနာပုံအသင်းနှင့် ပွဲကျပ်ထပ်မံကစားရမည်ဖြစ်ပြီး ဂီနီ တိုက်စစ်မှူး ဆယ်လာ မပါနိုင်သေးသည့်တိုက်စစ်ပိုင်းက ရုန်းကန်ရဖွယ်ရှိနေသည်။ ရတနာပုံအသင်းသည် ဇန်နဝါရီ ၃၁ ရက်တွင် အာရှချန်ပီယံလိဂ် play-off ဒုတိယအဆင့် ကစားရမည်ဖြစ်သောကြောင့် မူလသတ်မှတ်ထားသည့် ရက်ထက် တစ်ရက်စောကစားခြင်းဖြစ်သည်။ လေးမှတ်စီရထားသည့် ရန်ကုန်နှင့် ဧရာဝတီတို့၏တွေ့ဆုံမှုမှာ ပြိုင်ဆိုင်မှုပြင်းထန်လာနိုင်ပြီး ပေးဂိုးမရှိသေးသည့် အသင်းနှစ်သင်း၏တွေ့ဆုံမှုမှာ စိတ်ဝင်စားစရာကောင်းနေသည်။
သတင်း၊ ဓာတ်ပုံ-ရှိုင်းထက်ဇော်

No comments:

Post a Comment