Monday, January 2, 2017

နိုင်ငံတကာမြင်ကွင်း



ရဲရင့်လင်းလက်
(ယခင်အပတ်မှအဆက်)
ဘယ်လာရုစ်ဝန်ကြီးချုပ် စတန်းနစ်လော့ ရှက်ကက်ဗစ် ပြန်ပြောင်းပြောပြတဲ့ အဲဒီတုန်းက အစည်းအဝေးလုပ်ပုံဟာ အစည်းအဝေးနဲ့မတူဘဲ အပန်းဖြေခရီးထွက်တာနဲ့ တူနေပါတယ်။ ရှက်ကက်ဗစ်က ''ဒီအစည်း အဝေးတွေရဲ့ လုပ်နေကျထုံးစံအတိုင်း ရေနွေးငွေ့နဲ့ရေချိုးတာနဲ့ စဖွင့်ပါတယ်။ ပုံမှန်အတိုင်းဆိုရင် ရေနွေးငွေ့နဲ့ရေချိုးပြီးတာနဲ့ သောက်သုံးဖို့ အရက်မျိုးစုံက အဆင်သင့်ပါ။ အဲဒီနေ့ ကတော့ အရက်အရင်မသောက်ဘဲ အနှိပ်ခံကြပါတယ်။ အစည်းအဝေးပြင်ဆင်ထားပုံက ဆိုဗီယက်စတိုင်မပျက်အကောင်းဆုံးပြင်ဆင် ထားတာပါ။ အစားအသောက်တွေက အလျှံအပယ်၊ အရက်တွေက ချောင်းစီး၊ အပန်းဖြေ စရာတွေကလည်း ပြောမဆုံးပေါင် တောသုံးထောင်၊ အမဲလိုက်ဖို့ အစီအစဉ်တောင် ပါပါသေးတယ်''တဲ့။ ဆိုဗီယက်ပြည်ထောင်စုကြီး ဖြိုခွဲဖို့အရေး ဒီခေါင်းဆောင်ကြီးတွေ စိတ်အေးချမ်းသာစည်းဝေးကြတာဟာ ပစ္စည်းမဲ့ လူတန်းစားခေါင်းဆောင်ကြီးများဆိုတဲ့ အသုံးအနှုန်းဝေါဟာရနဲ့တော့ တယ်မဟပ်လှပါဘူး။
ဒီဇင်ဘာ ၈ ရက် မနက် ၉ နာရီမှာ ခေါင်းဆောင်ကြီးတွေဟာ ဝန်ကြီးချုပ်တွေ အပါအဝင် အခြားအရာရှိကြီးတွေ ခြံရံပြီး အစည်းအဝေးတက်ဖို့ ရောက်လာကြပါတယ်။ ခေါင်းဆောင်ကြီးတွေဟာ အစည်းအဝေးခန်းမကို ရောက်လာကြပေမယ့် ဘာကို ဆွေးနွေးကြမယ်ဆိုတာက ရှင်းရှင်းလင်းလင်း ရှိလှတာ မဟုတ်ပါဘူး။ ဆွေးနွေးကြမယ့် အစီအစဉ်ပထမဆုံးအကြံပြုချက်က ရုရှားအကြံပေးအရာရှိ ဂျနာဒီဘာဗျူလစ်ဆီက ထွက်လာပါတယ်။ ဒီထက်ပြင်းထန်တဲ့ အဆိုပြုချက်တော့ မရှိနိုင်ပါဘူး။ ရှက်ကက်ဗစ်က ''ကျွန်တော်ကတော့ ဒီအဆိုပြုချက်ကို သေတဲ့အထိ မှတ်မိနေမှာပါ။ ကျွန်တော်တို့ သဘောတူညီချက်ရဲ့ အဖွင့်စာပိုဒ်ဟာ ဒီအဆိုပြု ချက်ပါပဲ။ ပြောရရင် ငြင်းခုံဆွေးနွေးမှုမရှိဘဲ အတည်ပြုခဲ့တဲ့ တစ်ခုတည်းသောစာပိုဒ်လည်း ဖြစ်ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုသည် ပကတိပထဝီနိုင်ငံရေးအရ ဖြစ်စေ၊ နိုင်ငံတကာဥပဒေအရဖြစ်စေ တရားဝင်တည်ရှိမှု အဆုံးသတ်သွားပြီဖြစ်ပါသည်တဲ့။ ဒါဆိုရင် လက်မှတ်ထိုးမယ်လို့ ပြောတဲ့သူတွေထဲမှာ ကျွန်တော်က ပထမဆုံးပါပဲ။
ဒီသဘောတူညီချက်အရ ဆိုဗီယက် ပြည်ထောင်စုခေါင်းဆောင် မစ်ခေးလ်ဂေါ်ဘာ ချော့ဗ်ကို ဘေးဖယ်လိုက်သလို ဖြစ်စေမှာဖြစ်ပြီး ရုရှားသမ္မတ ဘောရစ်ယဲ့လ်ဆင်ကို လုပ်ပိုင်ခွင့်အာဏာပိုပေးတဲ့ အဓိပ္ပာယ်သက်ရောက်မှာပါ။ ဒါပေမယ့် ရာစုနှစ်ပေါင်းများစွာ သက်တမ်းရှည်ခဲ့တဲ့ ရုရှားအင်ပါယာနဲ့ သူ့ရဲ့ အမွေခံ ဆိုဗီယက်ပြည်ထောင်စုကို ဖျက်သိမ်းဖို့ဆိုတာ အင်မတန်ကြီးမားတဲ့ သမိုင်းခြေလှမ်းပါ။ ဒီဖြစ်ရပ်ဖြစ်ပြီး နှစ်ပေါင်းများစွာကြာတဲ့အထိ ကမ္ဘာ့ပြည်သူတွေက ဒီခေါင်းဆောင် သုံးဦးဟာ ဒီလောက်အရေးကြီးတဲ့ သမိုင်းအချိုးအကွေ့ဆိုင်ရာ ဆုံးဖြတ်ချက်ကို ဣနြေ္ဒရရ တည်တည်ငြိမ်ငြိမ်ဆုံးဖြတ်ခဲ့နိုင် သလားဆိုတဲ့အချက်အပေါ် မေးခွန်းထုတ်နေကြမှာပါ။ ဘယ်လာရုစ်ဝန်ကြီးချုပ် ရှက်ကက် ဗစ်က ''လူထုကြားပြောနေဆိုနေပုံအရဆိုရင် ကျွန်တော်တို့ဟာ ဒီစာချုပ်ကြီးတစ်ခုလုံးကို မူးရူးပြီး ရေးဆွဲခဲ့တဲ့ပုံမျိုးဖြစ်နေပါတယ်။ ဒါမျိုး လုံးဝမဟုတ်ခဲ့ပါဘူး။ အစည်းအဝေးက ဆိုဗီယက်ခေတ်ပုံစံအတိုင်း စီစဉ်ထားတာဆိုတော့ ဘယ်လက်ဗဇားကျေးလက်စံအိမ် တစ်ခုလုံး ဘယ်နေရာပဲဖြစ်ဖြစ် အရက်က လက်တစ်ကမ်းမှာ ရှိတယ်ဆိုတာကတော့ အမှန်ပါ။ ဒါပေမယ့် အရက်ကိုဘယ်သူမှထိကြတာတော့ မဟုတ်ပါဘူး။ အများဆုံးမှ စာပိုဒ် တစ်ပိုဒ်သဘောတူပြီးတိုင်း ဘရန်ဒီကို စတိသဘောသောက်တာပဲရှိပါတယ်'' ဆိုပြီး ရှင်းပြခဲ့တာကို မယုံရင်ပုံပြင်မှတ်လို့ပဲ ပြောရမှာပါ။
ဒီလိုနဲ့ နာရီအတော်ကြာကြာ ဆွေးနွေး ပြီးတဲ့အခါ စာချုပ်ပါအပိုဒ် ၁၄ ပိုဒ်စလုံးကို ညှိနှိုင်းရရှိခဲ့ပါတယ်။ ညနေ ၃ နာရီဝန်းကျင် ရောက်တဲ့အခါ ဆိုဗီယက်ပြည်ထောင်စု ဖျက်သိမ်းမှာကို အတည်ပြုတဲ့စာချုပ်ဟာ အဆင်သင့်ဖြစ်နေပါပြီ။ နောက်တစ်ဆင့် ကတော့ ဒီလိုဖျက်သိမ်းမှာကို တရားဝင် ကြေညာဖို့ပါ။ ဘယ်သူမှ မလုပ်ချင်တဲ့အလုပ်ကို လုပ်ဖို့ တာဝန်ကျတဲ့ ခေါင်းဆောင်ကတော့ ဘယ်လာရုစ်ဝန်ကြီးချုပ် ရှက်ကက်ဗစ်ပါ။ ရှက်ကက်ဗစ်က ''ယဲ့လ်ဆင်နဲ့ ခရော့ချော့(ခ)က ကျွန်တော့်ကို နောက်သလိုလိုပြောတယ်။ ဂေါ်ဘာချော့ဗ်ကို အသိပေးဖို့တာဝန် ကျွန်တော့်ကိုပေးဖို့ သူတို့နှစ်ယောက်က ဆန္ဒမဲပေးတယ်ပေါ့။ ဒီတော့ ကျွန်တော်ကလည်း ယဲ့လ်ဆင်ကို ပြန်ပြောလိုက်တယ်။ ခရော့ ချော့(ခ)နဲ့ ကျွန်တော်ကလည်း ခင်ဗျားရဲ့ မိတ်ဆွေကြီး သမ္မတ ဂျော့ဘုရှ်ဆီ ဖုန်းဆက်ပြောဖို့ တာဝန်ပေးတယ်ဗျာ'' လို့ ပြန်ပြောင်းပြောပြခဲ့ပါတယ်။ ရှက်ကက်ဗစ်က ''ကျွန်တော်က မော်စကို မှာရှိတဲ့ ဂေါ်ဘာချော့ဗ်ရုံးကို ဖုန်းခေါ် လိုက်ပါတယ်။ ဒါပေမယ့် ရုံးက ကျွန်တော့်ကို ဂေါ်ဘာချော့ဗ်ဆီ ချက်ချင်းလွှဲမပေးပါဘူး။ ကျွန်တော့်ကို ဟိုလူ့ဆီလွှဲပေးလိုက် ဒီလူ့ဆီ လွှဲပေးလိုက် လုပ်နေပါတယ်။ ကျွန်တော့်မှာ ကျွန်တော်ဘယ်သူဆိုတာကို ထပ်ကာတလဲလဲ ရှင်းပြနေရပါတယ်။ အဲဒီအချိန်မှာ ယဲ့လ်ဆင် က ကျွန်တော်ဖုန်းဆက်နေတာကို ကြည့်ရင်း သမ္မတဘုရှ်ဆီ ဖုန်းဆက်ပါတယ်။ ရုရှားနိုင်ငံ ခြားရေးဝန်ကြီး ကော့ဇီရက်(ဗ)က တခြားဖုန်းကနေ သမ္မတဘုရှ်ပြောစကားတွေကို ဘာသာပြန်ပေးပါတယ်''လို့ ရှင်းပြပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီး ကော့ဇီရက်(ဗ) ရှင်းပြတာကို နားထောင်နေတဲ့ ခရော့ချော့(ခ) ကလည်း သူ့အတွေ့အကြုံကို ပြန်မျှပါတယ်။ ယူကရိန်းသမ္မတ ခရော့ချော့(ခ)က ''ကျွန်တော် မှတ်မိသလောက် သမ္မတဘုရှ်က မေးခွန်းနှစ်ခု မေးတယ်။ ပထမမေးခွန်းက ဆိုဗီယက်ပြည် ထောင်စုကို ဆက်ခံတဲ့နိုင်ငံဟာ ဆိုဗီယက် ပြည်ထောင်စုရဲ့ ကတိကဝတ်တွေကို ဆက်တာဝန်ယူမလားဆိုတဲ့ မေးခွန်းပါ။ ဒုတိယ မေးခွန်းက ဆိုဗီယက် နျူကလီးယားလက်နက် တွေရဲ့ကံကြမ္မာ ဘယ်လိုဖြစ်မလဲဆိုတဲ့ မေးခွန်းပါ။ ဆိုဗီယက်နျူကလီးယားလက်နက် တွေရဲ့ကံကြမ္မာ ဘယ်လိုဖြစ်မလဲဆိုတာကို ကျွန်တော်တို့လည်း သမ္မတဘုရှ်ကို ရှင်းမပြ နိုင်ခဲ့ပါဘူး။ သိတဲ့အတိုင်းပဲ ဒီပြဿနာကို ကျွန်တော်တို့ ဆွေးကိုမဆွေးနွေးရသေးလို့ပါ။ ဒါပေမယ့် ဆိုဗီယက်ပြည်ထောင်စုရဲ့ ကတိကဝတ်တွေနဲ့ ပတ်သက်လို့ကတော့ ယဲ့လ်ဆင်က ကျွန်တော်တို့ တာဝန်ယူပါမယ့် လို့ ပြောဆိုခဲ့ပါတယ်''လို့ ရှင်းပြပါတယ်။
အဲဒီအတောအတွင်းမှာပဲ ဘယ်လာရုစ် ဝန်ကြီးချုပ် ရှက်ကက်ဗစ်က ဂေါ်ဘာချော့ဗ် နဲ့ တိုက်ရိုက်ပြောခွင့်ရပါတယ်။ ဂေါ်ဘာ ချော့ဗ်နဲ့ ရှက်ကက်ဗစ်တို့ ပြောဆိုခဲ့တာကို လည်း ယူကရိန်းသမ္မတ ခရော့ချော့(ခ) က နားထောင်ခွင့်ရခဲ့ပါတယ်။ ခရော့ချော့(ခ)က ''အတော်ကြီးကို အဆင်မပြေတဲ့ဆွေးနွေး ပြောဆိုမှုပါ။ ဂေါ်ဘာချော့ဗ်က ရှက်ကက်ဗစ် ကို ဒေါပွနေပါတယ်။ ဂေါ်ဘာချော့ဗ်က ''ခင်ဗျားတို့ ဘာတွေလျှောက်လုပ်နေတာလဲ။ ဒါဟာ ကမ္ဘာကြီးကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် လုပ်လိုက်တာဗျ။ လူတိုင်းလူတိုင်း စိုးရိမ်သောကဖြစ်ရတော့မှာပဲလို့ ဒေါသတကြီး ပြောဆိုခဲ့ပေမယ့် ရှက်ကက်ဗစ်က တည်တည် ငြိမ်ငြိမ်ပဲ ရှင်းပြခဲ့တယ်လို့ဆိုပါတယ်။ ဒီကနေ့မှာတော့ ဘယ်လာရုစ်ခေါင်းဆောင် ရှက်ကက်ဗစ်က အဲဒီအချိန်က ဂေါ်ဘာချော့ဗ် နဲ့ တည်တည်ငြိမ်ငြိမ်ပြောဆိုခဲ့တာကို ဂုဏ်ယူ နေပုံဟာ ကြည့်တာနဲ့ သိသာပေါ်လွင်ပါတယ်။
ရှက်ကက်ဗစ်က ''ကျွန်တော်က ကျွန်တော်တို့ လက်မှတ်ထိုးမယ့်စာချုပ်နဲ့ ပတ်သက်ပြီး ဂေါ်ဘာချော့ဗ်ကိုရှင်းပြပါတယ်။ ဒီလိုရှင်းပြတော့ ဂေါ်ဘာချော့ဗ်က ဆရာကြီး ပုံစံနဲ့ တုံ့ပြန်ပါတယ်။ မင်းတို့ နိုင်ငံတကာကို ထည့်မစဉ်းစားတော့ဘူးလား။ သူတို့ ဘယ်လို တုံ့ပြန်မယ်ဆိုတာ မင်းတို့တွေးမိရဲ့လားဆိုပြီး ဟောက်ပါတယ်။ ဒီတော့ ကျွန်တော်က အခု လိုပဲ ယဲ့လ်ဆင်က သမ္မတဘုရှ်ကို ဖုန်းပြော နေတယ်။ သမ္မတဘုရှ်က စိတ်အနှောင့်အယှက် ဖြစ်ပုံမရပါဘူး။ တိတိကျကျပြောရရင် သမ္မတ ဘုရှ်က ဆိုဗီယက်ပြည်ထောင်စု ဖျက်သိမ်းလိုက်တာကို သဘောတောင်ကျနေသေးတယ်ဆိုပြီး တုံ့ပြန်ခဲ့တာကို ပြန်ရှင်းပြခဲ့ပါတယ်။ နောက်တစ်နာရီအတွင်းမှာ ဒီခေါင်းဆောင် သုံးဦးဟာ သတင်းမီဒီယာတွေရှေ့မှာပဲ ဆိုဗီယက်ပြည်ထောင်စု ဖျက်သိမ်းမယ့်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီလိုလက်မှတ် ရေးထိုးပြီး ကိုယ့်တာဝန်ပြန်လုပ်ရတော့မယ့်အချိန်မှာတော့ ရှက်ကက်ဗစ်က အတော်ကြီးကို တုန်လှုပ်ချောက်ချားခဲ့တယ်လို့ ဆိုပါတယ်။ တုန်လှုပ်ချောက်ချားခဲ့ရတဲ့အကြောင်းအရင်း က ဒီလိုပါ။ အိမ်အပြန်လမ်းကားပေါ်မှာ ရှက်ကက်ဗစ်က သူတို့လက်မှတ်ရေးထိုးခဲ့တဲ့ စာချုပ်နဲ့ပတ်သက်ပြီး ကမ္ဘာကြီးရဲ့တုံ့ပြန်ပုံကို သိချင်တော့ ရေဒီယိုလိုင်း တစ်လိုင်းပြီး တစ်လိုင်း ပြောင်းနားထောင်ခဲ့ပါတယ်။ ဘယ်လိုင်းပဲပြောင်းပြောင်း သူတို့သုံးယောက် အမည်တွေကိုပဲ ပြောဆိုနေကြပါတယ်။ သူ့အမည်ကို ရေဒီယိုအသံလွှင့်ဌာနတွေက ခေါ်ချင်သလို ခေါ်နေကြတာကိုလည်း ရှက်ကက်ဗစ်က အမှတ်တရထည့်ပြောခဲ့ပါ သေးတယ်။ ရှက်ကက်ဗစ်က ရေဒီယိုနား ထောင်နေရင်း ကျွန်တော်ကြောက်လာတာပါ။ ကျွန်တော်တို့နိုင်ငံ(ဘယ်လာရုစ်)လွှတ်တော်ရဲ့ ၈၂ ရာခိုင်နှုန်းက ကွန်မြူနစ်တွေပါ။ ဒီကွန် မြူနစ်တွေကသာ ကျွန်တော် လက်မှတ်ထိုးခဲ့တဲ့ စာချုပ်ကို အတည်မပြုခဲ့ရင် ကျွန်တော်က ကိုယ့်သေတွင်းကိုယ်တူးခဲ့သလို ဖြစ်နေပါပြီ။ ဒါဆိုရင်တော့ ကျွန်တော့်နိုင်ငံရေးဘဝတော့ ဇာတ်သိမ်းသွားပါပြီဆိုပြီး သူကြောက်စိတ် ဝင်ခဲ့ပုံကို ရှင်းပြခဲ့ပါတယ်။ ဒါပေမယ့် ရှက်ကက်ဗစ်စိုးရိမ်ခဲ့သလို မဖြစ်ခဲ့ပါဘူး။ ဒီသုံးနိုင်ငံစလုံးရဲ့ လွှတ်တော်တွေက ဆိုဗီယက်ပြည်ထောင်စုဖျက်သိမ်းရေးစာချုပ်ကို အတည်ပြုခဲ့သလို ကျန်ဆိုဗီယက်နိုင်ငံတွေကလည်း တစ်နိုင်ငံပြီး တစ်နိုင်ငံဆိုသလို ပါဝင်လက်တွဲခဲ့ကြပါတယ်။ ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ သမ္မတဂေါ်ဘာချော့ဗ် နုတ်ထွက်ခဲ့တဲ့အတွက် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ ဆိုဗီယက်ပြည်ထောင်စုဆိုတဲ့ အင်ပါယာကြီး ကွယ်ပျောက်ခဲ့ရပါတယ်။

No comments:

Post a Comment