Monday, January 2, 2017

တစ်ကိုယ်တော်တေးစီးရီးအတွက် ပြင်ဆင်နေတဲ့ ဂျူးစံသာ

Image may contain: 1 person, sitting and shoes
ခရီးသွားခြင်းကိုနှစ်သက်တဲ့ ဂျူးစံသာဟာ ၂ဝ၁၇ ခုနှစ် နှစ်လယ်ပိုင်းမှာ သူရဲ့တစ်ကိုယ်တော် တေးစီးရီးထွက်ဖို့ ပြင်ဆင်နေပါတယ်။ ဂျူးစံသာရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုအကြောင်းကိုတော့ ယခုလိုဆက်သွယ်မေးမြန်းဖြစ်ခဲ့ပါ တယ်...။
လတ်တလော အနုပညာလှုပ်ရှားမှု...
လတ်တလောအနုပညာလှုပ်ရှားမှုကတော့ သီချင်းခွေထုတ်ဖို့လုပ်နေပါတယ်။ ကျွန်မဗီဒီယိုဇာတ်ကား ရိုက်ဖို့ လက်ခံထားတာရှိပါတယ်။ ဗီဒီယိုဇာတ်ကားက သူငယ်ချင်းသံယောဇဉ်ဇာတ်လမ်းပုံစံပါပဲ။ ဇာတ်ညွှန်း မရသေးတော့ သေချာပြောပြလို့ မရသေးဘူး။ ဒီဗီဒီယိုဇာတ်ကားက ကျွန်မအတွက် ပထမဦးဆုံး သရုပ်ဆောင်မယ့် ဇာတ်ကားလေးပါ။ ပွဲတွေတက်ဖို့လည်း လက်ခံထားပါတယ်။
ပညာရေးဘက်ကရော...
ပညာရေးအနေနဲ့ တတိယနှစ်အောင်စာရင်းထွက်ထားပါတယ်။ ကျောင်းပြီးဖို့တစ်နှစ်ကျန်သေးတယ်။
ပြီးခဲ့တဲ့ သီတင်းကျွတ်နဲ့ တန်ဆောင်တိုင်ကာလမှာ ခရီးသွားဖြစ်လား...
သီတင်းကျွတ်မှာ ပျဉ်းမနားမြို့ နှစ်ကျိပ်ရှစ်ဆူပွဲမှာ ညလုံးပေါက်သီချင်းဆိုဖြစ်ခဲ့ပါတယ်။ တန်ဆောင်တိုင် မှာတော့ ပြင်ဦးလွင်ကိုအလည်ခရီးအနေနဲ့ သွားဖြစ်ပါတယ်။ ကျွန်မက ခရီးသွားရတာ နှစ်သက်တဲ့သူဆိုတော့ ခရီးလည်း ခဏခဏသွားဖြစ်တယ်။ ပြည်တွင်းခရီးလည်းသွားတယ်။ ပြည်ပခရီးလည်းသွားပါတယ်။ ခရီးသွားလို့ မရောက်ဖူးသေးတဲ့ဒေသကိုရောက်ရင် ဒေသထွက်အစားအစာတွေနဲ့ ဒေသခံတိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့ ထုံးတမ်းစဉ်လာတွေကို လေ့လာရတာ သဘောကျတယ်။ ဓာတ်ပုံရိုက်ရတာလည်း ကြိုက်တယ်။ သဘာဝ အလှအပတွေကို သဘောကျတယ်။ ကိုယ်မရောက်ဖူးတဲ့နေရာတွေကို ရောက်တယ်။ ကိုယ်မသိသေးတဲ့အကြောင်း အရာတွေကို သိရတဲ့အတွက် ခရီးသွားရတာကို ကြိုက်နှစ်သက်တာပါ။ ရန်ကုန်မှာနေရတဲ့ အချိန်ထက် ခရီး သွားနေရတဲ့ အချိန်ကိုပိုပြီးပျော်ပါတယ်။
သွားခဲ့တဲ့ခရီးတွေထဲက အမှတ်တရခရီး တစ်ခုအကြောင်း...
ကျွန်မ ပြည်တွင်းခရီးစဉ်ထဲမှာ အမှတ်တရအဖြစ်ဆုံးခရီးကတော့ အဖွဲ့ လိုက်(Rally)သွားတဲ့ Myanmar Toursim အဖွဲ့နဲ့အတူ လူတွေအများ ကြီး၊ ကားခုနစ်စီး၊ ရှစ်စီးလောက် သွားကြတဲ့ ခရီးဖြစ်တယ်။ ပထမဆုံး တစ်ခေါက်ကတော့ ရှမ်းပြည်နယ် တာချီလိတ်အထိကို ကားနဲ့ တက်ကြတယ်။ ရွှေတြိဂံဒေသ အထိကို ကားနဲ့သွားတယ်။ ဒုတိယတစ်ခေါက်ကတော့ ရခိုင်ရိုးမတစ်လျှောက်သွားပြီး မြောက်ဦး၊ ငပလီအထိသွားတဲ့ ခရီးစဉ်တွေကတော့ ကျွန်မဘဝတစ်သက်တာ မေ့ဖျောက်လို့မရနိုင်တဲ့ အမှတ်တရခရီးစဉ်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ တစ်ခေါက်ခရီးထွက်တာနဲ့ မြို့တွေအများအပြား ကိုရောက်တယ်။ ရောက်တဲ့မြို့တွေရဲ့ အထင်ကရနေရာတွေကို လေ့လာခွင့်ရတယ်။ နောက် ကျွန်မတို့မြန်မာနိုင်ငံရဲ့ လမ်းပန်းဆက်သွယ်ရေးပါ။ ဒီခရီးတွေကို အတော်များများက ကားနဲ့မသွားကြဘူး။ လေယာဉ်တွေနဲ့သွားကြတာများတယ်။ ဒီနေရာမှာ ကျွန်မအနေနဲ့ အသိပေးချင်တာက မြန်မာနိုင်ငံရဲ့လမ်းပန်းဆက်သွယ်ရေးက လုံခြုံစိတ်ချရတဲ့အကြောင်း၊ သွားလို့ရတဲ့အကြောင်း၊ မိုးတွင်းမှာတော့ နည်းနည်းခက်ပေမယ့် သွားလို့ရတဲ့အကြောင်း ပြောချင်တာပါ။ ကြောက်စရာ ကောင်းတဲ့ တောင်တွေပေါ် တက်လိုက်ဆင်းလိုက်၊ ကားမောင်းပြီးသွားရတဲ့အတွက် ကိုယ်တိုင်တော့ မမောင်းပေမယ့် ကိုယ်တိုင်မောင်းနေရသလို ခံစားရတယ်။
တကယ်ကိုလှပတဲ့ရှုခင်းတွေ၊ မြန်မာနိုင်ငံမှာ တန်ဖိုးမဖြတ်နိုင်တဲ့ သူများနိုင်ငံတွေထက် အလွန်လှပတဲ့နေရာတွေအများကြီးရှိပါတယ်။ အဲဒီခရီးစဉ်တွေကတော့ ကျွန်မအတွက် အမှတ်ရဆုံး ခရီးစဉ်တွေပါပဲ။
ပြည်ပခရီးစဉ်အနေနဲ့ရော...
ပြည်ပခရီးစဉ်ကတော့ ပြိုင်ပွဲသွားပြိုင်ရတဲ့ ဗင်နီဇွဲလားနိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံ ခရီးစဉ်ကတော့ ကျွန်မအတွက် အမှတ်တရဖြစ်တဲ့ ခရီးစဉ်ပါပဲ။ အမှတ်တရအဖြစ်ဆုံးကတော့ ဗင်နီဇွဲလားနိုင်ငံပါ။ မြန်မာနိုင်ငံနဲ့ မတူတဲ့ပုံစံဖြစ်တဲ့ တောင်ပေါ်မှာအိမ်ဆောက်နေတာတွေကို လေ့လာဖြစ်တယ်။ အဲဒီတုန်းကတော့ ပြိုင်ပွဲအနေနဲ့သွားတာဆိုတော့ သိပ်တော့မလည်ပတ်ဖြစ်ခဲ့ပါဘူး။ အဲဒီခရီးဟာ ပင်ပန်းပေမယ့်လည်း အလွန်ကိုပျော်စရာကောင်းတဲ့၊ နှစ်သက်ခဲ့တဲ့ ခရီးစဉ်လေးတစ်ခုပါ။ ဖိလစ်ပိုင်နိုင်ငံခရီးစဉ်တုန်းကတော့ တစ်လလောက်နေခဲ့တာဆိုတော့ တော်တော်များများ အနှံ့လည်ပတ်ဖြစ်တယ်။ ဖိလစ်ပိုင်နိုင်ငံကလည်း တော်တော်လှပါတယ်။ မြန်မာနိုင်ငံနဲ့ယှဉ်ပြောရရင် ကျွန်မက မြန်မာနိုင်ငံသား၊ မြန်မာလူမျိုးဆိုတော့ မြန်မာနိုင်ငံကိုပဲပိုကြိုက်တယ်။ မြန်မာနိုင်ငံမှာလည်း အလွန်လှတဲ့နေရာတွေ၊ ခရီးသွားလုပ်ငန်း (Tourism) လုပ်လို့ကောင်းမယ့် နေရာတွေ၊ တကယ့်သဘာဝအလှတွေနဲ့ ဓာတ်ပုံရိုက်လို့ ကောင်းတဲ့နေရာတွေ အများကြီးရှိပါတယ်။
ပြိုင်ပွဲတွေထပ်ပြိုင်ဖို့ရှိလား...
ကျွန်မပြိုင်ပွဲတွေထပ်ပြိုင်ဖို့ အစီအစဉ်မရှိသေးပါဘူး။ ကျောင်းလည်းတက်နေတော့ အစီအစဉ်မရှိသေးတာပါ။ အခုလက်ရှိ တစ်ကိုယ်တော်ခွေထုတ်ဖို့စီစဉ်နေပါတယ်။ ယခုနှစ် နှစ်လယ်ပိုင်းမှာထွက်နိုင်ဖို့ ကြိုးစားပြီးလုပ်နေပါတယ်။ အဲဒီအခွေမှာသီချင်း ၁၁ ပုဒ်လောက်ထည့်မယ်လို့တော့ စီစဉ်ထားပါတယ်။ သီချင်းတွေအကုန်မရသေးတော့ ရတဲ့သီချင်းတွေကိုပဲ အသံသွင်းနေပါတယ်။ ခွေအမည်ကတော့ မစဉ်းစားရသေးပါဘူး။ သီချင်းအားလုံး ပြီးသွားရင် မီဒီယာတွေကိုရော ကျွန်မရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်ကနေပါ ကြေညာသွားပါမယ်။ သီချင်းထဲကတစ်ပုဒ်ကို အမြည်းအနေနဲ့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ အခွေမထွက်ခင် တင်ပေးသွားမှာပါ။
ရှေ့ဆက်ပြီးအနုပညာကို ဘယ်လိုလုပ်ဆောင်သွားမလဲ...
ရှေ့ဆက်ပြီးတော့ အနုပညာအလုပ်ကိုဆက်လုပ်သွားမှာပါ။ တခြားအပြင်အလုပ်လုပ်ဖို့ စိက်ကူးထားတာ ရှိပါတယ်။ ဒါပေမယ့် မသေချာသေးပါဘူး။ အခုတော့ အနုပညာ အလုပ်ကိုပဲ တစိုက်မတ်မတ်လုပ်နေပါတယ်။ အနုပညာ အလုပ်ကို ဆက်လုပ်သွားဦးမှာပါ။ ရပ်ဖို့တော့ အစီအစဉ်မရှိ သေးပါဘူး။
ပရိသတ်တွေအတွက် စကားလက်ဆောင်...
ကျွန်မကိုအားပေးတဲ့ပရိသတ်တွေကို တကယ်ကို ကျေးဇူးတင်ပါတယ်။We Love Fan တွေနဲ့ အခြားပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဆက်လက် လုပ်ဆောင်သွားမယ့် အနုပညာအလုပ်တွေကိုလည်း အားပေးပါဦးလို့ ပြောချင်ပါတယ်။ ပရိသတ်တွေ အားလုံးစိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါကြစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
မင်းလှသား

No comments:

Post a Comment