Monday, January 2, 2017

ပြည်သူ့သဘောထားစင်မြင့်




ခေတ်ပြောင်းသော်လည်း မပြောင်းလဲနိုင်သော ရန်ကုန် Logo

Image may contain: one or more people and outdoor
တိုင်းပြည်၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည်တို့နှင့်စပ်လျဉ်း၍ ရှုထောင့်စုံမှ သဘောထားအမြင်စုံတို့ကို အများပြည်သူသို့ တင်ပြပေးနိုင်ရန် ဤကဏ္ဍကို ဖွင့်လှစ်ခြင်းဖြစ်၍ စိတ်ဝင်စားသူ မည်သူမဆို ပါဝင်ရေးသားရန် ဖိတ်ခေါ်ပါသည်။ သို့သော် ကြမ်းတမ်းပြင်းထန်သော အယူအဆ၊ အရေးအသားများကိုမူ သတင်းစာ၏မူဝါဒအရ ဖော်ပြပေးနိုင်မည်မဟုတ်ကြောင်းနှင့် ဤကဏ္ဍတွင်ပါရှိသမျှတို့သည် သက်ဆိုင်ရာဆောင်းပါးရှင်အသီးသီး၏ အာဘော်များသာဖြစ်ပါကြောင်း အစီရင်ခံအပ်ပါသည်။ (စာတည်းအဖွဲ့)
မျိုးဟိန်း
ယနေ့အချိန်အခါသည် ဒီမိုကရေစီစနစ်ကို အသစ်တစ်ဖန် ပြန်လည်အသက်သွင်းချိန်ဟု ဆိုရမည်ဖြစ်သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးသည်နှင့် စတင်လျှောက်လှမ်းစ ဒီမိုကရေစီလမ်းစဉ်သည် အာဏာရှင်၏ ဝါးမျိုခြင်းကိုခံရပြီး ယင်းအာဏာရှင်များကပင် ဆိုရှယ်လစ်လမ်းစဉ်ဆို၍ ပြည်သူကို နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့၏။ ဒီမိုကရေစီ၏ သရုပ်သဏ္ဌာန် နှင့်ပတ်သက်၍ လက်ကျန်မရှိရလေအောင် အစဖျောက်ခဲ့၏။
ဒီမိုကရေစီ၏အသွင်သဏ္ဌာန်ဖြစ်သော ဗိုလ်ရှုခံသည်လည်း ဒီမိုကရေစီ နှင့်အတူ ပျက်သုဉ်းခဲ့ပါသည်။ ရွှေတိဂုံစေတီတော်၏ အနီးတွင်တည်ရှိသော ဗိုလ်ရှုခံစင်မြင့်မှာ မဆလလက်ထက်၊ ပြည်သူ့လွှတ်တော် တည်ဆောက်ချိန်တွင် ဖြိုဖျက်ခံရ၏။ ဗိုလ်ရှုခံစင်မြင့်ရှေ့မှာထားရှိသည့် ကြေးဖြင့်သွန်း လုပ်ထားသော ခြင်္သေ့နှစ်ကောင်မှာလည်း နေရာမရဖြစ်သွားရရှာပြီး ရှစ်မိုင်လမ်းဆုံအနီးရှိ ကုန်းမြင့်သာအတွင်း၌ မြေခလျက်ရှိသည်။
၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်အစိုးရတက်ပြီး ယင်းကြေးသွန်းခြင်္သေ့ရုပ်ကြီးများ တစ်ဖန်နေရာရလာပြန်သည်။ ဆိုဗီယက်ရုရှား နိုင်ငံတော်ကြီး ကောင်းစားစဉ်ကလည်း ဦးထိပ်ရွက်ပန်ဆင်ခဲ့သော လီနင်ရုပ်တုကြီးလည်း ထိုကဲ့သို့ ပင် စနစ်တစ်ခု ခေတ်တစ်ခုပြောင်းတိုင်း မခိုင်မမြဲဖြိုဖျက်ခြင်းခံခဲ့ရပါသည်။
သည်အကြောင်းတွေ စဉ်းစားမိတိုင်း မြန်မာ့ဆိုရှယ်လစ်ခေတ်မှသည် ဒီမိုကရေစီအသစ်တစ်ဖန်ပေါ်ပေါက်လာသော ခေတ်အထိ မယိုင်မလဲ ခိုင်မြဲစွာဖြင့် ခေတ်စနစ်ဘယ်လိုပြောင်း ပြောင်း မပြောင်းနိုင်၊မရိုးနိုင် ခိုင်မာစွာ ရပ်တည်လျက်ရှိသော ပန်းပုဆရာကြီး ဦးဟန်တင်၏ အမိ မြန်မာပြည်ရုပ်တုကို အမြဲသတိရနေမိပါသည်။
ပန်းပုဆရာကြီး ဦးဟန်တင်သည် မြန်မာ့ပန်းပုလောကကို လက်မှုပညာမှ အနုပညာအဖြစ်မြင်ရအောင် စတင်ဖန်တီးခဲ့သော မြန်မာ့ဂုဏ်ဆောင် ပန်းပုဆရာကြီးတစ်ဦးဖြစ်၏။ အနောက်တိုင်းပန်းပုပညာကို မြန်မာပြည်သို့ အခြေချပေးခဲ့သော ဆရာကြီးတစ်ဦးလည်းဖြစ်၏။
ဆရာကြီး ဦးဟန်တင်နှင့် သိကျွမ်းခင်မင်ရုံမက ဆရာတပည့်အဖြစ် ခင်မင်ရင်းနှီးခွင့်ရခဲ့သည်မှာ တစ်စုံတစ်ယောက်က မိတ်ဆက်ပေး၍ မဟုတ်။ မိမိကိုယ်တိုင် ချဉ်းကပ်မိတ်ဆက်ခဲ့ခြင်းကြောင့် ခင်မင်ရခြင်းဖြစ်၏။ ဘဘ ဦးသုခ၏ တပည့်တစ်ယောက်ဟူ၍ သိသောအခါ ပိုမိုခင်မင်၏။ တစ်ခါတစ်ရံ နိုင်ငံကျော်အနုပညာရှင်ကြီး နှစ်ဦးတို့သည် ဆရာကြီးဦးဟန်တင်၏အိမ်တွင် ထားဝယ်ရိုးရာထမင်းစားရင်း စကားစမြည်ပြောကြ၏။ ထိုအခါ ဆရာကြီးနှစ်ဦး ပြောဆိုကြသော အနုပညာစကားများကို ကြားသိရသဖြင့် ကျေနပ်အားရဆုံးကား စာရေးသူပင်ဖြစ်၏။
ဆရာကြီးဦးဟန်တင်က စာရေးသူအား အိမ်သို့ဝင်ထွက်သွားလာ၍ မိသားစုသဖွယ် ဆက်ဆံပါရန် ခွင့်ပြု၏။ စာရေးသူက တောင်းပန်သဖြင့် ဆရာကြီးထုလုပ်ခဲ့ဖူးသော ပန်းပုရုပ်တုများနှင့် ပတ်သက်၍ ပန်းပုတစ်ခုချင်းစီ အကြောင်းနှင့် မည်သို့ဖန်တီးရသည်ကို ပုံစံငယ်များဖြင့် လက်တွေ့ရှင်းပြ ခဲ့ဖူး၏။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဦးဆောင်သောခေတ်က ရန်ကုန်မြို့တော်ရှိ ပြည်သူ့လွှတ်တော်ကြီးကို ဂျပန်နိုင်ငံအကူအညီဖြင့် တည်ဆောက်ခဲ့၏။ ထိုအခါ ပြည်သူ့လွှတ်တော်၏ ခန်းမအဝင်ဝတွင် ပန်းပုရုပ်တစ်ခုထားရှိရန် ပြည်သူ့လွှတ်တော်တည်ဆောက်ရေးကော်မတီက ပန်းပုဆရာကြီး ဦးဟန်တင်အား တာဝန်ပေး၏။
''အဲဒီအချိန်က ပြည်သူ့လွှတ်တော်ရဲ့ခန်းမအဝင်ဝမှာ ဘယ်လိုရုပ်တု မျိုးထားရမလဲဆိုတာကို စဉ်းစားရတာ လနဲ့ချီပြီးကြာတယ်။ ပန်းပုဆိုတာ ထုတာမကြာဘူး။ ဘယ်လိုရုပ်တုမျိုး ထုရမယ်လို့ တွေးခေါ်ရတာကကြာတာ။ ပြည်သူ့လွှတ်တော်ဆိုတာ နိုင်ငံတကာက သံတမန်တွေ၊ နိုင်ငံ့ခေါင်းဆောင် ကြီးတွေလာလိမ့်မယ်။ နိုင်ငံ့ခေါင်းဆောင်တွေလာတဲ့အခါ အရင်ဆုံးတွေ့ရမှာက နိုင်ငံကိုယ်စားပြုတဲ့ရုပ်တုပဲ။ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု၊ စစ်သူကြီး မဟာဗန္ဓုလရုပ်တု၊ နောက်ပြီး ဆိုရှယ်လစ်နိုင်ငံဖြစ်နေသောကြောင့် တူသံစဉ်၊ ဒါတွေအားလုံးကို စဉ်းစားခဲ့တယ်။ ရေရှည်အတွက် မသင့်တော်လို့ ပယ်ဖျက်ခဲ့ရတယ်။ အဘက်ဘက်က စဉ်းစားပြီး နောက်ဆုံးမှာ ဗြဟ္မစိုရ်တရား (၄)ပါးအနက် မေတ္တာကိုရွေးချယ်ခဲ့တယ်။ နောက်ပြီး မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုမေတ္တာရဲ့သရုပ်ကို ဘယ်လိုတင်ပြမလဲဆိုတာ ထပ်ပြီးစဉ်းစားရ ပြန်တယ်။ အမိမြန်မာကိုယ်စားပြုဆိုတော့ အမျိုးသမီးဖြစ်ရမယ်။ အမျိုးသမီး ဆိုတာတောင်မှ အသက်အပိုင်းအခြားက မကြီးမငယ်၊ ခန္ဓာကိုယ်အချိုးအစား လှပရမယ်။ Sexy မဖြစ်စေရဘူး။ မျက်နှာက ကြည်လင်သန့်ရှင်းတဲ့မျက်နှာ၊ ရိုးသားဖြောင့်မတ်တဲ့မျက်နှာ၊ ၅၂၈ မေတ္တာ လွှမ်းမိုးတဲ့မျက်နှာမျိုးဖြစ်ရမယ်။ ဒီလိုဆုံးဖြတ်ပြီး ပုံစံငယ်ထုခဲ့တယ်။
ပုံစံငယ်ထုပြီးတာနဲ့ အဲဒီအချိန်က မြန်မာပြည်မှာရှိတဲ့ ပညာရှင်အဖွဲ့ကို ပြသခဲ့တယ်။ စာပေပညာရှင်၊ သမိုင်းပညာရှင် အပါအဝင် အနုပညာရှင်ပေါင်း ၄ဝ ကျော်က ဝေဖန်ကြသည်။ ဆရာဇော်ဂျီတို့၊ ဆရာမင်းသုဝဏ်တို့လည်း ပါတာပေါ့။ ပုံစံငယ်ကိုကြည့်ပြီး ပညာရှင်ကြီးတွေက အမြင်အမျိုးမျိုးနဲ့ ဝေဖန်ကြတယ်။ ဆရာဦးဟန်တင် နောက်ထပ်တခြားအရုပ်တွေလုပ်ပြီး တင်ပြပါဦးပေါ့။ အခြားအရုပ်တွေ ထပ်လုပ်ဖို့ဝေးလို့ ဒီတစ်ရုပ်ဖြစ်ဖို့တောင် စဉ်းစားရတာ ပင်ပန်းလှပြီ။ (ဒါကြောင့် ကိုယ်မကျွမ်းကျင်တဲ့ကိစ္စဆိုရင် မဝေဖန်ချင်တော့ဘူး။)
ဒါနဲ့ အမိမြန်မာပြည်ရုပ်တုကို ဘာကြောင့် ထုလုပ်ရသလဲဆိုတာ ရှင်းပြ ရတော့တာပေါ့။
ကိုယ့်အိမ်လာတဲ့ဧည့်သည်ကို အစားအသောက်တွေ ဖွယ်ဖွယ်ရာရာနဲ့ တည်ခင်းဧည့်ခံကျွေးမွေးတဲ့အခါ အိမ်နောက်ဖေးမီးဖိုချောင်မှာ ချက်ပြုတ်ကြော် လှော်တာတွေ၊ ချွေးတလုံးလုံးနဲ့ ပင်ပင်ပန်းပန်း လုပ်ရ၊ ကိုင်ရတာတွေ၊ အနိဋ္ဌာရုံ တွေကို ဘယ်ဧည့်သည်ကိုမှ မပြသင့်ဘူး။ ဧည့်သည်ကိုကျွေးဖို့ ကြက် ဘယ်နှကောင် သတ်ရတယ်၊ ဝက်ဘယ်နှကောင် သတ်ရတယ်ဆိုတာ မပြောပြသင့်ဘူး။
ဒီလိုပဲ ကိုယ့်နိုင်ငံကိုလာတဲ့ နိုင်ငံ့ခေါင်းဆောင်တွေ၊ သံတမန်တွေကို ကိုယ့်နိုင်ငံက စိတ်ပင်ပန်းစေမယ့် အနိဋ္ဌာရုံတွေကို မပြသင့်ဘူး။ ဗိုလ်ချုပ်အောင်ဆန်းတို့၊ စစ်သူကြီး မဟာဗန္ဓုလတို့ဆိုတာ ကိုယ့်လူမျိုးအတွက် မှန်ကန်ပေမယ့် အခြားနိုင်ငံတွေနဲ့ဆက်ဆံရာမှာ သမိုင်းအဖုအထစ်တွေရှိခဲ့ ဖူးတယ်။ ဆိုရှယ်လစ်ခေတ်ဆိုတော့ တူသံစဉ်ပါတဲ့ အထိမ်းအမှတ်ပုံထုဖို့ဆိုတာ ပြည်သူ့လွှတ်တော်ကြီးကို နှစ်ပေါင်းဘယ်လောက်ထားချင်သလဲ။ နှစ်ပေါင်း ၁ဝဝ လား၊ နှစ်ပေါင်း ၂ဝဝ လား၊ နှစ်ပေါင်း ၁ဝဝဝ လား။ ဘယ်လောက်ရည် မှန်းထားသလဲ။ ခေတ်စနစ်ဆိုတာ အမြဲတမ်းပြောင်းလဲနေတော့ ခေတ်ပြောင်းသွားတာနဲ့ အဲဒီရုပ်တုက ဖျက်ဆီးခံရမှာပဲ။ ထာဝရမပြောင်းလဲနိုင်တာက ဗြဟ္မစိုရ်တရားထဲက ''မေတ္တာပဲ''။ ဒါကြောင့် မြန်မာတို့ရဲ့ မေတ္တာကိုယ်စားပြု အမိမြန်မာပြည်ရုပ်တုကို ထုလုပ်ရတာ။ နိုင်ငံတကာကလာတဲ့ ဧည့်သည်ကို ထာဝရမပျက်ပြယ်သော မေတ္တာရှေ့ထား၍ သပြေပန်းနှင့် လက်ကမ်းကြို ပါတယ်ဆိုပြီး အမိမြန်မာပြည်ရုပ်တုကို ထုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းပြခဲ့ရတယ်။
ဒီတော့မှ ပညာရှင်ကြီးတွေက သဘောပေါက်ပြီး သူတို့မှားယွင်းကြောင်း ဝန်ခံတဲ့အပြင် တောင်းပန်တဲ့အထိ ဖြစ်လာခဲ့တယ်။''
ပြည်သူ့လွှတ်တော်ခန်းမ အဝင်ဝတွင်ထားရှိသော အမိမြန်မာပြည် ရုပ်တုအကြောင်းကို စဉ်းစားရာမှ မကြာသေးမီကာလအတွင်း တည်ဆောက်ထားသော်လည်း ခေတ်စနစ်နှင့်မညီသည့် အထိမ်းအမှတ်များပင် ပျက်ရမည့်သဘော ဖြစ်လာခဲ့၏။ အထိမ်းအမှတ်တစ်ခု ခိုင်မာဖို့ဆိုသည်မှာ အနုပညာ တတ်ရုံမျှမဟုတ်ဘဲ အနုပညာရှင်၏ အတွေးအခေါ်အမြော်အမြင်က ရှည်လျားလို့ အနာဂတ်ကို ရှုမျှော်ဖို့လိုပါသည်။ အနာဂတ်ကို မရှုမျှော်ဘဲ ဖန်တီးထားသော အထိမ်းအမှတ် Logo ရုပ်တုတို့မှာ ခေတ်ပြောင်းစနစ် ပြောင်းသည်နှင့် ဖြိုဖျက်ခံရသည်မှာ မလွဲပါ။
မကြာသေးမီက ရန်ကုန် Logo ဒီဇိုင်းပြိုင်ပွဲဟူ၍ ပညာရှင်များ ဝင်ပြိုင်ကြဖို့ ဖိတ်ခေါ်ထားသည်ကို တွေ့လိုက်ရပါသည်။
ရွေးချယ်ခံရသည့် Logo သည် ယဉ်ကျေးမှုနှင့် ရှေးဟောင်းအမွေအနှစ်ဆိုင်ရာ ဗဟိုအချက်အချာဖြင့် ကိုယ်စားပြု၍ မြန်မာ၏အောင်မြင်မှု အခန်းကဏ္ဍ၌လည်း ပါဝင်နေရမည်ဟုဆိုထားပါသည်။
တကယ်တော့ ယဉ်ကျေးမှုနှင့် ရှေးဟောင်းအမွေအနှစ်ဆိုင်ရာ ဗဟိုအချက်အချာဟု ရန်ကုန်ကို ရည်ညွှန်းထားခြင်းသည် မသင့်လျော်ဟု ထင်ပါ၏။ ရန်ကုန်ထက်ရှေးကျသော၊ ယဉ်ကျေးမှုထွန်းကားသော မန္တလေးနှင့် ပုဂံကရှိနှင့်ပြီးသားဖြစ်သောကြောင့် ယင်းအယူအဆသည် မှားယွင်းနေသည်ဟုပင် ဆိုချင်ပါ၏။
ရန်ကုန်ကိုမြင်သော အမြင်သည် အနုပညာရှင်အချင်းချင်းတောင်မှ အမြင်ချင်းမတူကြပါ။ အနုပညာစွမ်းအား နက်နဲသိမ်မွေ့လေ အနုပညာ အမြင်က နက်ရှိုင်းလေဖြစ်ပါ၏။ အနုပညာရှင်ကို ဘောင်ခတ်ထားခြင်းက နက်ရှိုင်းသော အနုပညာကို မရရှိနိုင်ပါ။ ထို့ကြောင့် ရန်ကုန်ကိုမြင်သော အနုပညာရှင်တို့၏ အမြင် Logo ကိုသာ ဖန်တီးသင့်ခြင်းမှာ အမိမြန်မာ ပြည်နှင့် ဆရာကြီးဦးဟန်တင် ဆက်စပ်တွေးခေါ်ပုံက သက်သေပြလျက်ရှိပါ၏။
ကျောက်တူးသမားကို မြေအောက်ဘယ်လောက်အထိတူးပါဟု သတ်မှတ်ထား၍ မသင့်ပါ။ ကျောက်ရှိရာကို တူးရပါလိမ့်မည်။ ကျောက်တူး သမားကို ဘောင်ခတ်ထားလျှင် ကျောက်ကောင်းမရရှိနိုင်ပါ။ အနုပညာရှင်ကို ဘောင်ခတ်ထားပါက အနုပညာကောင်းမရရှိနိုင်ပါ။
ဤအခြင်းအရာက ရန်ကုန်ကိုယ်စားပြု Logo နှင့်ပတ်သက်၍ စာရေးသူ၏ ယူဆချက်ဖြစ်၏။
နောက်တစ်ဖန် မရှင်းလင်းသည့်အချက်အား ဒီဇိုင်းများကို ကာလာဖြင့် တင်ပြရမည်။ အဖြူအမည်းလက်မခံပါ။ သတ်မှတ်ချက်အရ အရှေ့မြင်ကွင်း၊ အပေါ်မြင်ကွင်းနှင့် သုံးဖက်မြင်ကွင်းလိုအပ်ပါသည်ဟု ဖော်ပြထားရာ ပန်းချီဒီဇိုင်းလား၊ ပန်းပုဒီဇိုင်းလား မကွဲပြားနိုင်သောကြောင့် စိတ်ဝင်စားသူ အနုပညာရှင်အတွက် အခက်တွေ့နိုင်ပါသည်။ ဖန်တီးမည့် အနုပညာရှင်အတွက် ပန်းပု Logo (သို့) ဖောင်းကြွ Logo ဆိုလျှင် ရှင်းလင်းမည်ဟု ယူဆရပါသည်။
ရန်ကုန် Logo သည် ရန်ကုန်မြို့၏ ထာဝရတည်မြဲဖို့လိုအပ်ပါသည်။ သို့ဖြစ်၍ ရွေးချယ်မည့်ပုဂ္ဂိုလ်များ၌ အရည်အသွေးလည်းလိုပါသည်။ ရွေးချယ်မည့်ပုဂ္ဂိုလ်သည် အနုပညာရှင်ဖြစ်ရုံသာမက အနာဂတ်အတွက် တွေးခေါ်နိုင်သော ပညာရှင်ဖြစ်ဖို့လည်း လိုအပ်ပါသည်။ သို့မှသာ ခေတ်တစ် ခေတ်ပြောင်းလျှင် Logo ပါ လိုက်ပြောင်းရသောအဖြစ်မှ ကင်းဝေးမည် ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ ။

No comments:

Post a Comment